【 နိုင်ငံတကာဆောင်းပါး 】အာဖဂန်ကို ဘယ်လိုပစ်ချထားခဲ့သလဲ

【 နိုင်ငံတကာဆောင်းပါး 】အာဖဂန်ကို ဘယ်လိုပစ်ချထားခဲ့သလဲ

ယခုနှစ် ဇူလိုင် ၂၁ ရက်တွင် အမေရိကန်နိုင်ငံခြားရေးဌာန၏ကောင်စစ်ဝန်နှင့် သံတမန် လုံခြုံရေး အရာရှိ ဒါဇင်ပေါင်းများစွာကို ဌာနက ဂုဏ်သိက္ခာရှိသော သူရဲကောင်းဆုချီးမြှင့်ခဲ့သည်။ထိုသို့ ချီးမြှင့်ခဲ့သည့်အကြောင်းမှာ လွန်ခဲ့သည့်တစ်နှစ် ၂၀၂၁ ခုနှစ်သြဂုတ်လအတွင်း ကဘူးလ်မှ အမေရိကန်မဟာမိတ်အများစုအပါအဝင် အာဖဂန် နိုင်ငံသား ၁၂၄,၀၀၀ ကို ကယ်ထုတ်ပြောင်းရွှေ့ရာတွင် ကူညီခဲ့မှုအတွက် ဖြစ်သည်။ သို့ရာတွင် ထိုသို့ဂုဏ်ပြုဆုချီး မြှင့်ခဲ့သည့်အပေါ် ငြင်းခုံပြစ်တင်ဝေဖန်မှုများစွာရှိခဲ့သည်။ ထိုသို့ ဝေဖန်ခဲ့သည်က မကယ်တင်နိုင်ခဲ့သည့် အာဖဂန် လူမျိုးအတွက် အရှက်ရစရာ ၊တာဝန်မဲ့ခဲ့သည့် ဘိုင်ဒင်အစိုးရ ၏လုပ်ရပ်အတွက် ဖြစ်သည်။
ထိုဝေဖန်မှုက အာဖဂန်အရပ်သားများ၏ အသက်အန္တရာယ်ကိုထည့်မတွက်ဘဲ အမေရိကန်တပ်များ ဒရောသောပါးထွက်ခွာခဲ့မှုတွင် သေကြေခဲ့ရသည့် အာဖဂန်အရပ်သားများအတွက် အမေရိကန်တာဝန်ရှိသူများ တာဝန်မကင်းခဲ့ဆိုသည့် တိကျသည့် သက်သေတစ်ခုပင် ဖြစ်သည်။ ယခု အမေရိကန်တပ်တွေ လွတ်ချ ထား ခဲ့သည့် အာဖဂန်ပြည်သူတွေ ဘယ်အခြေစိုက်နေပြီလဲဆိုသည်မှာ မေးခွန်း ထုတ်စရာဖြစ်လာပြီ ဖြစ်သည်။ အာဖဂန်သို့ အမေရိကန်ဦးဆောင်သည့် တပ်ဖွဲ့တွေ ဝင်ရောက်လာရသည့်အဓိကအကြောင်းက အဘယ်နည်း။ လူတိုင်း သိနေကြသည့် ၉/၁၁ ဖြစ်စဉ်ကြောင့် ဖြစ်သည်။ ၉/၁၁ ဆိုသည်မှာ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် နယူးယောက်စီးတီးနှင့် ဝါရှင်တန်ဒီစီတွင် အကြမ်းဖက်သမားများက အမြွာမျှော်စင်အပါအဝင် နေရာအချို့တိုက်ခိုက်ခံရမှုကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရသည်။
ထိုတိုက်ခိုက်မှုကို ကျူးလွန်စီစဉ်သူမှာ အာဖဂန်နစ္စတန်ကို တရားဝင်အုပ်ချုပ်သူ တာလီဘန်တို့၏ ခွင့်ပြုချက်ပေးထားသည့် အယ်လ်ကေးဒါး စစ်သွေးကြွ ကွန်ရက်အဖွဲ့ဝင်များဖြစ်သည်။ထိုအယ်လ်ကေးဒါး စစ်သွေးကြွကွန်ရက်တည်ထောင်သူ အိုစမာဘင်လာဒင် အပါအဝင် အယ်လ်ကေးဒါးခေါင်း ဆောင်တွေကို အမေရိကန်သို့ တာလီဘန်တွေက လွှဲပြောင်းပေးဖို့ ပျက်ကွက် သည့်အခါ အမေရိကန်က တာလီဘန်တွေကို ဖြုတ်ချပြီး တာလီဘန်ပြိုင်ဘက် မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို အစိုးရတင်မြှောက်ရန် ၂၀၀၁ အောက်တိုဘာ ၇ ရက်တွင် အာဖဂန်နစ္စတန်ကို ကျူးကျော်ဝင်ရောက်ခဲ့သည်။ ထိုသည်က အာဖဂန်သို့ အမေရိကန်ဦးဆောင်သည့်တပ်များဝင်ရောက်လာခဲ့သည့် သမိုင်းကြောင်းပင်ဖြစ်သည်။
ထိုသို့ ကျူးကျော်ဝင်ရောက်ပြီးနောက် တာလီဘန်တို့ကို ဖယ်ရှားကာ အစိုးရသစ်တစ်ရပ်ကို အမေရိကန် က ထူထောင်ခဲ့သည်။ ထိုမှ အနှစ် ၂၀ အကြာ ၂၀၂၁ ခုနှစ် သြဂုတ်လ ၃၀ ရက်တွင် အာဖဂန်နစ္စတန်ရှိ ၎င်း၏ နောက်ဆုံးလက်ကျန် တပ်ဖွဲ့များကို အမေရိကန်အစိုးရက ရုတ်သိမ်းလိုက်ပြီးနောက် တာလီဘန်များက အာဖဂန် ကို ပြန်သိမ်းယူခဲ့သည်။ ထိုနှစ်၂၀ အတွင်း တာလီဘန်တို့နှင့်တိုက်သည့် အာဖဂန် စစ်ပွဲတွင် အမေရိကန် တပ်ဖွဲ့ဝင် ၂,၄၀၀ ကျော် သေဆုံးခဲ့ပြီး နေ့စဉ် ဒေါ်လာ သန်း ၃၀၀ ကုန်ကျခဲ့သည်။ ထို့ကြောင့် နှစ် ၂၀ ခန့် အမေရိကန် တပ်ဖွဲ့များ ဝင်ရောက်စစ်ဆင်နွှဲခဲ့သည့် အာဖဂန်စစ်ပွဲမှာ အကျိုးမရှိဟု အမေရိကန်နိုင်ငံသားများက ယူဆကြပြီး ငွေနှင့် လူ့အသက်နှစ်ရပ်စလုံးအတွက် အကုန် အကျများကာ “အဆုံးမရှိသည့်စစ်ပွဲ ”အဖြစ် အီရတ်စစ်ပွဲနည်းတူ အာဖဂန်သို့ အမေရိကန်ကျူးကျော်ခဲ့ခြင်း ကို မှတ်ချက်ပြုခဲ့ကြသည်။
ယခုအာဖဂန်မှ အမေရိကန်တပ်များထွက်သွားပြီးနောက် အာဖဂန်မှာ ယခင်နှစ် ၂၀ ကာလအတွင်းကဲ့သို့ ပင် တိုက်ပွဲများ၊ ဗုံးပေါက်ကွဲမှုများ ၊သတ်ဖြတ်မှုများ ဆက်ကြုံနေရဆဲဖြစ်သည်။ ထိုထပ်ပိုလာသည်မှာနှင့် ငတ်မွတ်မှုများနှင့် အမျိုး သမီးများ အခွင့်အရေးဆုံးရှုံးမှုဖြစ်သည်။ ထို့ပြင် လူနည်းစု ရှီးဟိုက်များ မကြာ ခဏ ဗုံးခွဲသတ်ဖြတ်ခံရမှုများကလည်း ဖြစ်နေခဲ့သည်။ အာဖဂန်တွင် အရပ်သားသေကြေမှုက ၂၀၂၁ ခုနှစ် ဩဂုတ်မှ ၂၀၂၂ခုနှစ် ဇွန်လအထိ ၇၀၀ သေဆုံးကာ ၁၄၀၆ ဦးထိခိုက်ဒဏ်ရာရခဲ့သည်။ ထိုသည်က တရားဝင်စာရင်းများအရသာ ဖြစ် သည်။
ဩဂုတ်လ အာဖဂန်မှ အမေရိကန်တပ်ဖွဲ့များဆုတ်ခွာမှုသည့် ခေတ်သစ်ဗီယက်နမ်တွင် ဖြစ်ခဲ့သည့် အမေရိကန် တပ်များ ဆုတ်ခွာသည့် ဆိုင်ဂုံဖြစ်ရပ်ထက် ပို၍ဆိုးဝါးခဲ့သည်။ ထိုမတိုင်မီ အာဖဂန်တွင် အမေရိ ကန်တပ်ဖွဲ့ဝင်များအဆင့်ဆင့်ဆုတ်ခွာနေခဲ့ပြီး နိုင်ငံရေးဆွေးနွေးပွဲကိုလည်း တာလီဘန်တို့နှင့် ပြုလုပ်နေခဲ့ရာ ၂၀၂၀ ဒီဇင်ဘာတွင် ငြိမ်းချမ်းရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင်တစ်ရပ်ကို နှစ်ဖက်စလုံးသဘောတူညီမှု ရခဲ့သည်။အာဖဂန်မှ အမေရိကန်တပ်များဆုတ်ခွာခဲ့ရာ ၂၀၂၁ခုနှစ် ဇန်နဝါရီတွင် အမေရိကန်တပ်ဖွဲ့ဝင် ၃,၅၀၀ သာ ကျန်ရှိတော့သည် ။ ၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီတွင် အသစ်တက်လာသော ဘိုင်ဒင်အစိုးရက ယခင်အစိုးရ၏ အစီအစဉ်ကို ပြန်လည်သုံးသပ်ရန် အမိန့်ပေးခဲ့ပြီးနောက် မူလနောက်ဆုံးသတ်မှတ်ရက်မတိုင်မီ ရက်သတ္တပတ် အနည်းငယ်အလိုတွင် ဆုတ်ခွာမည်ဟုကြေညာခဲ့သည်။
အမေရိကန် သမ္မတကို လူအများအပြားက ကဘူးလ်နှင့် အာဖဂန်မှ အမေရိကန်အစိုးရတာဝန်ကို ထမ်းဆောင်ခဲ့သည့် အာဖဂန် နိုင်ငံသားများနှင့် တာလီဘန် လက်အောက်မနေချင်သည့် နိုင်ငံသားများကို ကယ်ထုတ်နိုင်ရန်အတွက် တပ်များဆုတ်ခွာမှုကို ရွှေ့ဆိုင်းရန် သို့မဟုတ် နောက်ပြန်လှည့်ရန် တောင်းဆိုခဲ့သော်လည်း ဘိုင်ဒန်က ဩဂုတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ရုတ်သိမ်းရန် ကတိကဝတ်ကို ထပ်လောင်း အတည်ပြုခဲ့ သည်။ ထို့နောက်တွင် တာလီ ဘန်တို့ သိမ်းပိုက်မှုကြောင့် ထောင်နှင့်ချီသော အာဖဂန်နိုင်ငံသားများနှင့် ပြည်ပ နိုင်ငံသားများ ကို ကဘူးလ် နိုင်ငံတကာလေဆိပ်သို့ အပြေးအလွှားသွားရောက်ကြသည့် ဆိုးဝါးသည့် ဖြစ်ရပ်များ ပေါ်ပေါက်ခဲ့သည်။ ကဘူးလ်လေဆိပ်မှ ထွက်ခွာသည့် လေယာဉ်အမိုး ပေါ်ထိုင်ကာ လိုက်ပါသည့် ပုံများက အမေရိကန်တပ်များ ဒရောသောပါး ဆုတ်ခွာမှု၏ ဆိုးကျိုးကို ဖော်ပြသည့် အကောင်းဆုံးသရုပ်ပြပုံဖြစ်သလို အမေရိကန်တပ်များနှင့် နေတိုးတပ်ဖွဲ့များအတွက် လုပ်ကိုင်ပေးခဲ့သည့် အာဖဂန် နိုင်ငံသားများအပေါ် တာဝန်မဲ့မှုပြသသည့် သက်သေများလည်း ဖြစ်ခဲ့သည်။
 
အာဖဂန်မှ အမေရိကန်တပ်များ ဆုတ်ခွာရန် မူလသတ်မှတ်ခဲ့သည့်ရက်မတိုင်မီကပင် တာလီဘန်များက ခရိုင်ဒါဇင်များစွာကို မေလမှ ဇွန်လအတွင်း လျင်မြန်စွာ သိမ်းပိုက်နိုင်ခဲ့ပြီး ပြည်နယ်မြို့တော်အများအပြား ကိုလည်း စီးနင်းထားနိုင်ခဲ့သည်။အမေရိကန်နှင့် အနောက်အုပ်စုကျောထောက်ခံရှိသည့် အဂ္ဂါနီ၏ အာဖဂန် ဗဟို အစိုးရက တာလီဘန်တို့အပေါ် တုံ့ပြန်မှုအားနည်းသဖြင့် ဩဂုတ်လ လယ်တွင် ဗဟိုအစိုးရ ပြိုလဲသွားပြီး မြို့တော် ကဘူးလ်အပါအဝင် နိုင်ငံအားလုံးနီးပါးကို တာလီဘန်တို့က သိမ်းပိုက်နိုင်ခဲ့သည်။ ကဘူးလ်သို့ တာလီဘန် များ ဝင်လာချိန်တွင် အဂ္ဂါနီအစိုးရက ပြည်ပသို့ထွက်ပြေးခဲ့သည်။
တာလီဘန်များက အမေရိကန်၏ဆုတ်ခွာမှု ပြီးမြောက်စေရန် ပူးတွဲရည်မှန်း ချက်ဖြင့် လေဆိပ်အဆောက်အအုံများကို တိုက်ခိုက်မှုအများအပြားမှ ဟန့်တားထားသော်လည်း ISKP အသေခံဗုံးခွဲသမား၏ သြဂုတ် ၂၆ ရက် ဖောက်ခွဲမှုကြောင့် အာဖဂန်အရပ်သား အနည်းဆုံး၁၇၀နှင့် အမေရိကန်စစ်ဘက် ၁၃ ဦး သေဆုံးခဲ့ရသည်။ ထို့ပြင် အမေရိကန်က မှားယွင်းစွာ ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် ကလေးခုနစ်ဦးအပါအဝင် အရပ်သား ၁၀ ဦး သေဆုံးခဲ့သည်။
အမေရိကန်တပ်များ ဆုတ်ခွာမှုသည် နောက်ဆုံးသတ်မှတ်ရက် မတိုင်မီ သြဂုတ် ၃၀ ရက် ညတွင် ပြီးဆုံးခဲ့ပြီး အမေရိကန်၏ အရှည်ကြာဆုံးစစ်ပွဲ (ခုနစ်နှစ်နီးပါး )၏ အဆုံးအဖြတ်မှာ အာဖဂန်များအတွက် နာကျင်ဖွယ် ပြီးဆုံးသွားခဲ့သည်။ တာလီဘန်များ အာဏာပြန်ရလာသည်နှင့်အမျှ စစ်ပွဲကြီးတွင် အမေရိကန်၏ ကြီးမားသော ကုန်ကျစရိတ်များ၊ အသက်များဆုံးရှုံးခဲ့ရခြင်းနှင့် ဒရောသောပါးဆုတ်ခွာမှုကြောင့် အရပ်သားများ ထိခိုက်သေဆုံးရသည့်အပေါ် ထိုက်တန်မှုရှိမရှိကို လူတိုင်းက မေးခွန်းထုတ်ခဲ့ကြသည်။
တာလီဘန်တွေက အာဖဂန်နစ္စတန်ကို ပြန်လည် သိမ်းပိုက်ပြီး တစ်နှစ်အကြာတွင် နိုင်ငံမှာ တုန်လှုပ် ချောက်ချားစရာနိုင်ငံအဖြစ် ဆက်ရှိနေခဲ့ခြင်းက အာဖဂန်နိုင်ငံသားများ၏ အမေရိကန်အပေါ် အပြစ်တင်ခြင်းက မမှားယွင်းကြောင်း ပြနေခဲ့သည်။ အထူးသဖြင့် အမေရိကန်၏တာဝန်မဲ့မှုကို တစ်နှစ်ကြာသည်အထိ အာဖဂန်တိုင်းက မမေ့ပျောက်သလို အမေရိကန်တို့ ဒရောသောပါးထွက်ခဲ့ခြင်းကြောင့် ဘီလျံနှင့်ချီတန်ဖိုးရှိသည့် လက်နက်များက ဘာသာရေးအစွန်းရောက်သည့် ကြမ်းဖက်သမားများ အားကောင်းရာနိုင်ငံတွင် ကျန်ခဲ့ခြင်းက ပတ်ဝန်း ကျင် နိုင်ငံများကိုလည်း စိတ်သောကရောက်စရာ ဖြစ်ခဲ့သည်။
၂၀၂၁-၂၀၂၂ ခုနှစ်အတွင်းကိုကြည့်ပါက အာဖဂန်၏ဒုက္ခများကိုတွေ့ရမည် ဖြစ်သည်။ နိုင်ငံတွင်းရှိ အာဖဂန်လူမျိုးသန်း ၄၀ ၏ အများစုဘဝမှာ ထိုတစ်နှစ်အတွင်း နည်းလမ်းများစွာဖြင့် ဆိုးရွားစွာနိမ့်ဆင်းကျလာခဲ့သည်။ အလုပ်လက်မဲ့ဖြစ်မှုနှင့် ဆင်းရဲမွဲတေလာမှုကြောင့် အိမ်ပရိဘောဂနှင့် ဖိပ်အဟောင်းပင် စားသောက်စရာအတွက် ချရောင်းလာနေရသည်။ မိသားစုဝမ်းရေးအတွက် ကလေးငယ်သာသာမိန်းကလေးများကို ရောင်းချရမှုများလည်း မကြာခဏကြားနေရသည်။ အာဖဂန်အစိုးရ၏ ၂၀၂၂ ဘတ်ဂျက်သည် ၂၀၂၀ ခုနှစ်က အဆင့်ထက် ၆၀ ရာခိုင်နှုန်း ကျော်ကျဆင်းသွားသည်။
အာဖဂန်သည် ၂၀၂၁ ခုနှစ်မတိုင်မီက ပြည်သူ့အသုံးစရိတ်၏ ၇၅ ရာခိုင်နူန်း အတွက် နိုင်ငံခြားအကူအညီ ကို မှီခိုအားထားခဲ့ရသည်။ လက်ရှိတွင် အမေရိကန်၏ ထိန်းသိမ်းထားမှုကြောင့် အာဖဂန် နစ္စတန် နိုင်ငံတော် ဗဟိုဘဏ်၏ နိုင်ငံခြားအရန်ငွေ ဒေါ်လာဘီလီယံနှင့်ချီသော အရန်ငွေများကို သုံးမရဖြစ်နေ သည်။ ထို့ကြောင့်‌ တာလီ ဘန်အစိုးရအဖို့ မရှိမဖြစ် လုပ်ငန်းဆောင်တာများစွာကို လုပ်ဆောင်နိုင်စွမ်း မရှိခဲ့ပေ။
ပြည်ပအကူအညီမှာ လူသားချင်းစာနာထောက်ထားသည့် အကူအညီတချို့ တလေမှ လွဲကာ မရခဲ့သဖြင့် အခြေခံအိမ်သုံးကုန်ပစ္စည်းများ ငွေကြေးဖောင်းပွမှုသည် တစ်နှစ်အတွင်း ၅၂ ရာခိုင်နှုန်းတက်ကာ တစ်ဦးချင်း ဝင်ငွေသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃၇၅ ဒေါ်လာအထိ ကျဆင်းသွားခဲ့သည်။ ထိုသည်မှာ ဆယ်စုနှစ်တစ်ခု အတွင်း အာဖဂန်နိုင်ငံသားတို့၏အနိမ့်ဆုံးအဆင့်ဖြစ်သည်။
ကုလသမဂ္ဂက အာဖဂန်လူဦးရေ၏ ထက်ဝက်ကျော် ၂၄ သန်းခန့်မှာ စီးပွားရေးအန္တရာယ်၊ ပြင်းထန်သော မိုးခေါင်မှုနှင့် အခြားအကြောင်းရင်းများကြောင့် လူ သားချင်းစာနာထောက်ထားမှုအကူအညီများ လိုအပ်နေသည်ဟုဆိုသည်။ ထိုထဲတွင် လူဦးရေ သန်း ၂၀ နီးပါးသည် ပြင်းထန်သော အစားအစာ မလုံခြုံမှုကို ရင်ဆိုင်နေရပြီး သောင်းနှင့်ချီသော ငတ်မွတ်ခေါင်းပါးမှု "ကပ်ဘေး" အဆင့်နှင့် ရင်ဆိုင်နေရသည်ဟုဆိုသည်။ ယခုနှစ်အတွင်း အာဖဂန် ကလေးငယ် အနည်း ဆုံး ၁.၁ သန်းမှာ အဆိုးရွားဆုံး အာဟာရချို့တဲ့မှုဒဏ်ကို ခံစားနေ ကြရသည်ဟု ထုတ်ပြန်ခဲ့သည်။ ထို့အတွက် အမေရိကန် ပိတ်ဆို့ထားသည့် အာဖဂန်အရန်နိုင်ငံခြားငွေကို ထုတ်ယူခွင့်ပေးရန် နိုင်ငံအချို့က ပန်ကြားမှုပြုခဲ့သည်။ထိုထဲတွင် အသံအကျယ်ဆုံးမှာ တရုတ်ဖြစ်ပြီး လက်ရှိတွင် အကူအညီအပေးဆုံးမှာ လည်း တရုတ်နိုင်ငံဖြစ်သည်။
ဘိုင်ဒင်လက်ထက် တရုတ်ကို အမေရိကန်၏မဟာဗျူဟာပြိုင်ဘက်အဖြစ် သတ်မှတ်ပြီးနောက် အမေရိ ကန် တပ်များ အာဖဂန်မှ ဒရောသောပါးထွက်ခွာခဲ့မှု၏ ရည်ရွယ်ချက်မှာ တရုတ်နိုင်ငံအနောက်ဘက်ရှိ နိုင်ငံများ နှင့် ဒေသတစ်၀ိုက်မတည်ငြိမ်စေရန် ဖြစ်ဟန်တူသည်။ ထို့အတွက် အာဖဂန်ပြည်သူများ၏ ပေးဆပ်ရမှုကို ယခုအခါ ထင်သာမြင်သာရှိလာနေသည်။ အာဖဂန်တွင် ဘာသာရေးအစွန်းရောက်များ၊ အကြမ်းဖက်မှုများနှင့် ငတ်မွတ် မှု များဖြစ်လာပါက ဘီလီယံနှင့် ချီတန်ဖိုးရှိသော အမေရိကန်ထားခဲ့သည့်လက်နက်များက ပတ်ဝန်း ကျင်ဒေသကို မတည်မငြိမ်ဖြစ်စေမည် ဖြစ်သည်။အာဖဂန်နှင့် ကပ်ရပ်အရှေ့ဘက်တွင် အစ္စလာမ္မမ်ဘာသာကိုးကွယ်သည့်တရုတ် ဝီဂါ လူမျိုးများနေထိုင်သည့် ရှင်းကျန်းပြည်နယ်ရှိသည်။ လက်ရှိတွင် ရှင်းကျန်း ဝီဂါလူမျိုးနှင့် ပတ်သက်ပြီး အမေရိကန်နှင့် အနောက်နိုင်ငံများက မကြာခဏ စွပ်စွဲမှု ပြုလုပ်လေ့ရှိသည်။အထူးသဖြင့် ဘာသာရေးဆိုင်ရာနှင့် လူ့ အ ခွင့်အရေးဆိုင်ရာပြဿနာများနှင့် ဖြစ်သည်။
 
အာဖဂန်တွင် တစ်ချိန်က နိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများ သိသိသာသာ လျော့ကျသွားသော်လည်း လူအသေအပျောက် ပြင်းထန်သော တိုက် ခိုက်မှုများနှင့် လုံခြုံရေး စိန်ခေါ်မှုများ ဆက်လက်တည်ရှိနေဆဲ ဖြစ်သည်။ အာဖဂန်နစ္စတန်မှ အမေရိကန် ထွက်မှုကြောင့် တာလီဘန်များက နိုင်ငံကို ပြန်လည်ထိန်း ချုပ်နိုင်ခဲ့ပြီး နောက် အာဖဂန်နိုင်ငံသား အများအပြား အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးလာကာ ဒုက္ခသည် အကျပ်အတည်းကို ဒေသတွင်း၌ ဖန်တီးခဲ့သည်။
 
ထို့ပြင် အကြမ်းဖက်သမားများက အာဖဂန်နစ္စတန်အား ဘေးကင်းရာနေရာအဖြစ် အသုံးပြုမည်ကို စိုးရိမ်မှုများလည်း ပေါ်ပေါက်လာခဲ့သည်။ အထင်ရှားဆုံးသက်သေမှာ ပြီးခဲ့သည့်လနှောင်းပိုင်းက မြို့တော် ကဘူးလ်တွင် ရှာဖွေတွေ့ရှိကာ အမေရိကန်ကဒရုန်းဖြင့် သုတ်သင်ခဲ့ရသည့် အယ်လ်ခိုင်းဒါးခေါင်းဆောင် အယ် လ်ဇာဝါဟီရီ (Ayman al-Zawahiri) ၏ ဖြစ်ရပ်ဖြစ်သည်။
 
အာဖဂန်မှ ဆုတ်ခွာမှုနှင့် ပတ်သက်ပြီး စစ်တမ်းတစ်ခုတွင် အမေရိကန်အများစုက တပ်များ ဆုတ်ခွာချိန် တွင်ရော အပြီးတွင်ရော ဘိုင်ဒင်အစိုးရ၏ ကိုင်တွယ်ဖြေရှင်းမှုအပေါ် အပျက်သဘောဆောင်သည့် အမြင်များကို ဖော်ပြခဲ့ကြသည်။ ဘိုင်ဒင်အစိုးရသည် အာဖဂန်နစ္စတန်အခြေအနေကို ကိုင်တွယ်ဖြေရှင်းရာတွင် ညံ့ဖျင်းသော အလုပ်များ လုပ်ဆောင်ခဲ့သည်ဟုလည်း ဒီမိုကရက်တစ်ပါတီမှ ငါးဦးတွင်တစ်ဦးက ပြောကြားခဲ့သည်။
 
အလားတူ စစ်မှုထမ်းဟောင်း (၇၆%) နှင့် စစ်ပြန်မဟုတ်သော (၇၄%) တို့က ဘိုင်ဒင် အုပ်ချုပ်ရေးသည် အာဖဂန်နစ္စတန်တွင် မျှတသော သို့မဟုတ် ညံ့ဖျင်း သော အလုပ်ကိုသာ လုပ်ဆောင်ခဲ့ကြောင်း ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ပြောကြားခဲ့သည်။
 
၂၀၂၂ ခုနှစ် နွေဦးရာသီတွင် နိုင်ငံပေါင်း ၁၈ နိုင်ငံကို စစ်တမ်းကောက်ယူခဲ့ရာ အာဖဂန်နစ္စတန်မှ တပ်ဖွဲ့ ဝင်အားလုံးကို ရုပ်သိမ်းရန် အမေရိကန်၏ ဆုံးဖြတ် ချက်သည် မှန်ကန်သည်ဟု ရှုမြင်ခဲ့သော်လည်း အများ အပြား က ဆုတ်ခွာခြင်းကို ကောင်းမွန်စွာကိုင်တွယ်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။ အာဖဂန်မှ အမေရိကန်တပ်များဆုတ်ခွာခြင်းသည် အာရှအနောက်ပိုင်းဒေသကို ပို၍ခက်ခဲကြမ်းတမ်းကာ မတည်မငြိမ်ဖြစ်စေခဲ့သည်။ ယခုအခါ ထိုဒေသတည်ငြိမ်ရေးမှာ ဒေသတွင်းရှိ တရုတ်၊ပါကစ္စတန်နှင့် အီရန်၊ရုရှား ကဲ့သို့ နိုင်ငံများ၏ အပေါ်သို့ ကျရောက်လာခဲ့သည်။ထိုသည်မှာ အမေရိကန်မြင်တွေ့လိုသည့် ရလဒ်ဖြစ်ဖို့များ သည်။ ထိုသို့ဖြစ်ရန်အတွက် ဘိုင်ဒင်အစိုးရက အာဖဂန်နိုင်ငံသားပေါင်းများစွာ၏ဘ၀များကို ချနင်းခဲ့လေသည်။
 
လင်းသစ်အောင်