【 နိုင်ငံတကာဆောင်းပါး 】၀ူဟန် (သို့မဟုတ်) ကပ်ရောဂါဖြတ်ကျော်ပြီးနောက်

【 နိုင်ငံတကာဆောင်းပါး 】၀ူဟန် (သို့မဟုတ်) ကပ်ရောဂါဖြတ်ကျော်ပြီးနောက်

လွန်ခဲ့သော ၂ နှစ်က ကိုဗစ်-၁၉ ကပ်ရောဂါ၏ ဗဟိုချက်ဖြစ်ခဲ့သည့် နေထိုင်သူ ၁၁ သန်း နေအိမ်တွင် ၇၆ ရက်ကြာပြင်ပမထွက်ရဘဲ နေထိုင်ခဲ့ရသည့် ၀ူဟန်မြို့သည် ယခုအခါ အသစ်တစ်ဖန် ပြန်လည် နိုးထလာခဲ့သည်။ ထိုထဲတွင် စီးပွားရေး၊ပညာရေး၊လူမှုရေးလုပ်ငန်းများမှသည် ခရီးသွားလာရေးအထိပါဝင်သည်။ သို့ ရာတွင် မြို့အာဏာပိုင်များက ကိုဗစ်ကူးစက်ကပ်ရောဂါဗိုင်းရပ်စ်ဖြစ်သည့် ကိုရိုနာဗိုင်းရပ်စ်ကို မျက်ခြေပြတ်မခံဘဲ ကူးစက်မှုလအတော်ကြာမပြသည့်တိုင် တရုတ်နိုင်ငံ၏ ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းတင်းကျပ်ဆုံးသောမြို့များထဲ ရှိနေသေးသည်။ အထူးသဖြင့် အာဏာပိုင်များသည် ဗိုင်းရပ်စ်အပေါ် ၎င်းတို့၏အောင်ပွဲကို ဆက်ထိန်းထားရန် အာရုံစိုက်နေသည်။

ယခုအချိန်တွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအစောပိုင်းက ၀ူဟန်ပင်လယ်စာဈေးတွင် ကူးစက်မှုစတင် တွေ့ရှိသည့် ကိုရိုနာဗိုင်းရပ်ကူးစက်မှုကြောင့် ကမ္ဘာနှင့်အဝှန်းသေဆုံးသူ ၆ သန်းကျော်ရှိခဲ့ကာ ကူးစက်ခံရသူပေါင်း သန်းပေါင်း ၅၅၀ ကျော်ခဲ့ပြီဖြစ်သည်။ ကူးစက်ရောဂါစတင်တွေ့ရှိခဲ့သည့် တရုတ်နိုင်ငံ၏ ကူးစက်ခံရမှုနှုန်းနှင့် သေဆုံးမှုနှုန်းကို ယနေ့အချိန်တွင် ပြန်ကြည့်ပါက ဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံတစ်ဝန်းသေဆုံးသူ ၅၂၀၀ကျော်၊ကူးစက်ခံရသူ နှစ်သိန်း နှစ်သောင်းကျော်သာရှိသည်ကိုကြည့်လျှင် ဝေဖန်ခံရမှုအများဆုံးဖြစ်သည့် တရုတ်၏ကူးစက်ရောဂါ ထိန်းချုပ်မှုမှာ အလုပ်ဖြစ်ခဲ့ပြီး လူဦးရေဘီလျံနှင့်ချီကာနေထိုင်သည့် တရုတ်ပြည်သူများ၏အသက်ကို ကယ်တင်နိုင်ခဲ့သည်မှာ ငြင်းမရသည့် ကိန်းဂဏန်းအချက်အလက်တစ်ခု ဖြစ်သည်။

ကူးစက်ပျံ့နှံ့မှုကို ကန့်သတ်ရန် မြို့များ အားလုံးကို လော့ခ်ချခြင်းကဲ့သို့သော မူဝါဒအစီအမံများသည် ထိုစဉ်က ၀ူဟန်အတွက် မကြုံစဖူးဖြစ်သည်။  COVID-19 က  တရုတ်နိုင်ငံရှိ အရေးကြီးသောစက်မှုလုပ်ငန်းနှင့် တရုတ်နိုင်ငံ၏ ဝယ်ယူမှုစွမ်းအားအများစုတို့ရှိရာ တရုတ်နိုင်ငံရှိ အဖွံ့ဖြိုးဆုံးဒေသများကို ထိပါးလာခဲ့ရာတွင် ၀ူဟန်မှာ ပထမဆုံး ထိခိုက်ခဲ့ရသည့် မြို့ဖြစ်သည်။ ကပ်ရောဂါကြောင့် ၀ူဟန်မြို့၏ယန္တရားတစ်ခုလုံး ရပ်ဆိုင်းသွားခဲ့ရသည်။ထိုထဲတွင် စီးပွားရေးလုပ်ငန်း များကိုရပ်ဆိုင်းခဲ့ရပြီး ဝန်ဆောင်မှုလုပ်ငန်းမှာ အထိခိုက်ဆုံးဖြစ်သည်။ ၀ူဟန်ရှိ Nissan Motor နှင့် တာယာထုတ်လုပ်သူ Bridgestone ဆိုလျှင် ထိခိုက်ခဲ့ရပြီး ဟူပေတွင် လည်ပတ်နေသော ဂျပန်ကုမ္ပဏီများ၏ ၈၀ ရာခိုင် နှုန်းခန့်မှာ ဗိုင်းရပ်စ်ကြောင့် lockdown ကြောင့် အမြတ်ငွေ ကျဆင်းခဲ့သည်။ အခြားသောလုပ်ငန်းများလည်း အလားတူထိခိုက်ခဲ့ရသည်။

တရုတ်နိုင်ငံအလယ်ပိုင်းရှိ သယ်ယူပို့ဆောင်ရေးအချက်အချာဖြစ်သော ၀ူဟန်သည် ပြည်တွင်းနှင့် နိုင်ငံစုံကုမ္ပဏီများ၏ အဓိကနေရာဖြစ်သည်။ ၂၀၂၀ ခုနှစ် ဇန်န၀ါရီလ ၂၃ ရက်ကတည်းက ၀ူဟန်ကို သုံးလနီးပါး lockdown ချပြီးနောက် ထိုပိတ်ခဲ့ရသောစီးပွားရေးလုပ်ငန်းများကို ပြန်လည်စတင်ခဲ့သည်။ ၀ူဟန်ရှိ Yangtze Optical Fiber and Cable ကုမ္ပဏီဆိုလျှင်  အဓိကထုတ်လုပ်မှု စက်ရုံများကို မတ်လ ၁၁ ရက်အထိ ရပ်နားထားခဲ့ရာမှ ပြန်လည်စတင်ရာတွင် ထုတ်လုပ်ရေးလိုင်း ၁၀၀ ရာခိုင်နှုန်း ပြန်လည်လည်ပတ်နိုင်ခဲ့သည်။ဆိုသည်မှာ လုပ်သားများက ကိုဗစ်ကြောင့် ရပ်ဆိုင်းခဲ့ရသည့် ပုံမှန်နေထိုင်မှုကို ပြန်လည်အသက်သွင်းရန် စိတ်ထက်သန် နေမှုကို ဖြစ်သည်။ ၎င်းကုမ္ပဏီမှာ ဟောင်ကောင်စတော့စာရင်းဝင် ကုမ္ပဏီဖြစ်ကာ ကမ္ဘာ့အကြီးဆုံး optical fiber ထုတ်လုပ်သူဖြစ်သည်။

 ၂၀၂၀ ခုနှစ် စက်တင်ဘာတွင် ၀ူဟန်၌ ကျောင်းများပြန်ဖွင့်နိုင်ခဲ့သည်မှာ ယခုထိဖြစ်သည်။

၀ူဟန်မြို့ တည်ရှိရာ ဟူပေပြည်နယ်၏ ကွန်မြူနစ် ပါတီအတွင်းရေးမှူး Ying Yong က Citibank နှင့် UK အခြေစိုက် ဆေးဝါးထုတ်လုပ်သူ AstraZeneca တို့အပြင် တရုတ်နိုင်ငံအခြေစိုက် နိုင်ငံခြားမီဒီယာများမှ သတင်းထောက်များကို ထိုစဉ်က "ဝူဟန်မြို့သည် လုံခြုံသောမြို့ဖြစ်သည်" ဟု ပြောကြားခဲ့သည်။ ၂၀၂၀ ဩဂုတ် လကုန် အထိ  ၀ူဟန်တွင် ကိုဗစ်ကြောင့် သေဆုံးသူအရေအတွက်မှာ တရုတ်တစ်နိုင်ငံလုံး ကိုဗစ်ကြောင့်သေဆုံးသူ ၃၈၆၉ ဦးအနက်  ၈၃ ရာခိုင်နှုန်းထိရှိရာမှ စက်တင်ဘာတွင် ကျောင်းများပြန်ဖွင့်နိုင်သည်မှာ ၀ူဟန်တွင် ရောဂါ ထိန်းချုပ်မှု ကောင်းမွန်သောကြောင့် ဖြစ်သည်။ ၂၀၂၀ခုနှစ် စက်တင်ဘာလတွင် ၀ူဟန်၏စီးပွားရေးမှာ  "ရောဂါ ဖြစ်ပွားမှု မတိုင်မီ နှင့်နှိုင်းယှဉ်ပါက စီးပွားရေးသည် ၇၀ ရာခိုင်နှုန်းခန့် ပြန်လည်ကောင်းမွန်လာသည်”ဟု ဒေသခံများက ဆိုကြသည်။

ထိုကာလအတွင်း ၀ူဟန်မှာ အဆိုးဝါးဆုံး နေ့ရက်များကို ကျော်ဖြတ်ပြီးသည့် လူသားတို့ ဇွဲသတ္တိထုံးစံအတိုင်း ပြန်လည်လည်ပတ်ရန် ကြိုးစားအားထုတ်လာခဲ့သည်ကို တွေ့ရသည်။ အစိုးရက နောက်ပိုင်းတွင် အသေး စား နှင့် အလတ်စားလုပ်ငန်းများကို လုပ်ငန်းလည်ပတ်နိုင်ရန် ထောက်ပံ့မှုနှင့် အခွန်အခပြန်လည်ထုတ်ပေးမှု ကြောင့် ၀ူဟန်ရှိ လုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများမှ ဒေသခံ များနည်းတူ ဆောလျင်စွာ ပြန်လည်နာလန်ထူလာခဲ့သည်။ ၀ူဟန်၏ စီးပွားရေးနှင့် လူမှုရေးအရ ပြန်လည်ထူထောင်ရေးမှာ တရုတ်အစိုးရ၏ အကူအညီနှင့် ကြိုတင်ကာကွယ်မှုလိုက်နာသည့် ပြည်သူတွေကြောင့် တည်ငြိမ်သည့်လမ်းကြောင်းပေါ် လက်ရှိတွင် ရောက်ရှိလာခဲ့သည်။

မကြာမီက မြို့တော်ပေကျင်းနှင့်  ဆက်သွယ်ထားသည့် မြန်နှုန်းမြင့် ရထားလမ်းကိုပင် ပုံမှန်ပြေးဆွဲမှု စတင်နေပြီ ဖြစ်သည်။ ယခုအခါ ၇၆ ရက်ကြာ ပိတ်ဆို့ထားခဲ့မှုမှ ၀ူဟန်ကို  လွတ်မြောက်ခဲ့သည့်မှာ ၂နှစ်ကျော် ကြာခဲ့ပြီ ဖြစ်သည်။ ကပ်ရောဂါကို ဆန့်ကျင်တိုက်ပွဲဝင်ကာ ပြင်းထန်စွာ အနိုင်ယူခဲ့သော ဝူဟန်မြို့သည် သေစေနိုင်သော ရောဂါဆိုး၏ အမြစ်များကို ဖယ်ရှားပြီး ရွှင်လန်းတက်ကြွသောမြို့အဖြစ် ပြန်လည်မွေးဖွားလာခဲ့သည်။

၀ူဟန်၏ပြန်လည်ရောက်ရှိလာမှုသည် ယခုအခါတွင်မကြုံစဖူး ကမ္ဘာ့ကျန်းမာရေး အကျပ်အတည်းကို ရင်ဆိုင်ရချိန်တွင် လူသားတို့၏ တည်ကြည်မှု၊ခံနိုင်ရည်နှင့်ရဲစွမ်းသတ္တိကိုပြသနိုင်ခဲ့ပြီး ကမ္ဘာတစ်ဝန်းရှိ ကူးစက်ရောဂါဖြစ်ပွားနေသော အခြားဒေသများမှလည်း ကိုရိုနာဗိုင်းရပ်စ် အရိပ်အောက်မှထွက်ခွာနိုင်ပြီး ပြန်လည်နာလန်ထူနိုင်သည်ဟု မျှော်လင့်ချက်ရောင်ခြည်ကို ၀ူဟန်က ဆောလျှင်စွာပေးခဲ့သည်။ ၀ူဟန်တွင် နေထိုင်သူများအတွက် ခပ်ခွာခွာနေခြင်းနှင့် နှာခေါင်းစည်းဝတ်ဆင်ခြင်းက နေ့စဉ်ဘဝ၏ တစ်စိတ်တစ်ပိုင်းအဖြစ် တည်ရှိနေခဲ့သည်က မြို့တော်၏ မြှင့်တင်ပေးသည့် စီးပွားရေး ပြန်လည်ဦးမော့လာမှုကို အာမခံချက်ပေးသည့် ကြိုတင်ကာကွယ်မှု အစီအမံများဖြစ်ခဲ့သည်။

၀ူဟန်နှင့် ဥရောပသမဂ္ဂ၊ အမေရိကန်နှင့် Belt and Road တစ်လျှောက်နိုင်ငံများနှင့်ကုန်သွယ်မှုအားလုံးမှာ တိုးတက်မှုပြခဲ့သည်။ ကပ်ရောဂါသည် ထွန်းသစ်စစက်မှုလုပ်ငန်းများတွင် အခွင့်အလမ်းသစ်များကို ဖန်တီးပေးခဲ့သည်။ ကပ်ရောဂါကြောင့် ၀ူဟန်မှသည့် ကမ္ဘာတစ်ဝန်း ဒစ်ဂျစ်တယ် အရောင်းပြပွဲများနှင့် အိမ်မှအလုပ်လုပ်ခြင်းတို့ ပို၍ရေပန်းစားလာခဲ့သည်။ ဒစ်ဂျစ်တယ်စီးပွားရေးသည် ဝူဟန်၏ ဒေသတွင်း အသားတင် ထုတ်ကုန်၏ ၄၀ ရာခိုင်နှုန်းခန့်ကို ပံ့ပိုးကူညီခဲ့ကြောင်းဆိုသည်။ စိန်ခေါ်မှုအပြင်းထန်ဆုံး အချိန်ကာလများအတွင်း နိုင်ငံများစွာမှ တရုတ်နိုင်ငံအား ပြင်းပြင်းထန်ထန် ပံ့ပိုးကူညီမှုကြောင့် ဝူဟန်၏ ပြန်လည်မွေးဖွားခြင်းက မြန်ဆန်ခဲ့သည်။

ကပ်ရောဂါ တိုက်ဖျက်ရေး စစ်ပွဲ မပြီးသေးသော်လည်း ကမ္ဘာကြီးသည် အမှန်တကယ်ပင် ခက်ခက်ခဲခဲ တိုးတက်မှု အချို့ကို ရရှိနေပြီ ဖြစ်သည်။ ကပ်ကာလအတွင်း အတွေ့အကြုံများမှ လူသားများ သင်ယူနိုင်ပြီး စည်းလုံးညီညွတ်မှုကို ကျင့်သုံးပါက၊ ဗိုင်းရပ်စ်အပေါ် နောက်ဆုံးအောင်ပွဲသည် ဧကန်မုချ ရောက်လာမည် ဖြစ်သည်ကို ပုံမှန်လည်ပတ်နေပြီ ဖြစ်သည့် ၀ူဟန်က ပြနေခဲ့သည်။       

လင်းသစ်အောင်