【 နိုင်ငံတကာဆောင်းပါး 】“အစဉ်အလာနှင့် အယုံအကြည်ရှိမှုအကြား အားပြိုင်သည့် အာဆီယံအစည်းအဝေး”

【 နိုင်ငံတကာဆောင်းပါး 】“အစဉ်အလာနှင့် အယုံအကြည်ရှိမှုအကြား အားပြိုင်သည့် အာဆီယံအစည်းအဝေး”

ယခုလကျင်းပမည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ထိပ်သီးဆွေးနွေးပွဲတွင် မြန်မာနိုင်ငံကို ချန်လှပ်ထားရန် ဆုံးဖြတ်သည့် ပြင်းထန်သော အစည်းအဝေးတွင် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင် နှင့် စင်္ကာပူ တို့က မြန်မာစစ်ကောင်စီခေါင်းဆောင် နှင့် ပတ်သက်ပြီး ပိုမိုပြတ်သားစွာရပ်တည်ရန် တွန်းအားပေးသည်ဟု ထိုဆွေးနွေးမှုများကို သိရှိသည့် သတင်းရင်းမြစ် ၄ ခုက ပြောသည်။
 
 
အရှေ့တောင်အာရှဝန်ကြီးများသည် ကြားဝင်မစွက်ဖက်ရေးအစဉ်အလာကိုလိုက်နာရေးနှင့် အာဏာသိမ်းခေါင်းဆောင်ကို အရေးယူခြင်းအားဖြင့် အဖွဲ့အပေါ်အယုံအကြည်ရှိမှုကို ထိန်းသိမ်းရေးအကြား သဘောထားကွဲလွဲကြသည်ဟု ထိုသတင်းရင်းမြစ်များပြောသည်။ ထိုစစ်အာဏာသိမ်းခေါင်းဆောင်သည် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ တွင် အရပ်သားအစိုးရထံမှ အာဏာသိမ်းပြီးနောက် ဆန့်ကျင်သူများကို သွေးချောင်းစီး နှိမ်နင်းမှုကို ဦးဆောင်ခဲ့သည်။
 
 
နောက်ဆုံးတွင် စက်တင်ဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဗီဒီယိုမှတစ်ဆင့်ကျင်းပမည့် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲသို့ မဖိတ်ခေါ်ဘဲ မြန်မာနိုင်ငံမှ နိုင်ငံရေးနှင့်မပတ်သက်သည့် ကိုယ်စားလှယ်ကိုသာ ဖိတ်ဖေါ် ရန်  အများစုထောက်ခံမှုဖြင့် ရွေးချယ်ရသည်မှာ အာဆီယံ ဥက္ကဋ္ဌ ဘရူနိုင်း နိုင်ငံဖြစ်သည်။
 
 
ထိုဆုံးဖြတ်ချက်သည် အာဆီယံ ၏ ဆယ်စုနှစ်ပေါင်းများစွာ ကျင့်သုံးခဲ့သောမူဝါဒဖြစ်သည့်  အဖွဲ့ဝင်နိုင်ငံများ၏ ရေးရာများကို ဝင်ရောက်မစွက်ဖက်ရေးနှင့် ထိတွေ့ဆက်ဆံရေးမူနှင့် လမ်းခွဲလိုက်ခြင်းဖြစ်သည်။“အဲဒီအစည်းအဝေးလောက် တင်းမာတဲ့ ခံစားချက်တွေ တစ်ခါမှ မဖြစ်ခဲ့ဖူးဘူး” ဟု သတင်းရင်းမြစ်တစ်ခုက ပြောသည်။
 
 
“လွန်ခဲ့တဲ့ တစ်နှစ်လောက်ကသာ ASEAN က ဒီလိုလုပ်မလားလို့မေးခဲ့ရင် ဘယ်တော့မှမလုပ်ဘူးလို့ ဖြေမိမှာ။ အာဆီယံကပြောင်းလဲသွားပြီ” ဟု ဒေသတွင်းမှ သံတမန်တစ်ဦးကပြောသည်။ထိုအစည်းအဝေးမှ ရလဒ်သည် ခက်ခဲသော်လည်း အာဆီယံ အပေါ်ယုံကြည်မှုထိန်းသိမ်းနိုင်ရေးအတွက် လိုအပ်ကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန်က တွစ်တာတွင်ရေးသည်။
 
 
အာဆီယံသည် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ကြားနေသဘောထား ဆက်လက်ထားရန် မတတ်နိုင်တော့ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တီယိုဒိုရို လော့ဆင်က အစည်းအဝေးမတိုင်မီ ပြောပြီး မပြတ်သားပါက စစ်မှန်သောဒေသဆိုင်ရာအဖွဲ့အစည်းအဖြစ် ယုံကြည်ခံရခြင်းကို ဆုံးရှုံးတော့မည်ဖြစ်ကြောင်း ပြောသည်။ 
 
 
“ကျနော်တို့တွေက တန်ဖိုးမရှိတဲ့ကိစ္စတွေမှာ တစ်ယောက်နဲ့တစ်ယောက်အမြဲတမ်း သဘောတူနေတဲ့ လူအုပ် ဖြစ်သွားမယ်” ဟု သူက ပြောသည်။မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူတစ်ဦးက ဝေဖန်ပြောကြားပေးရန် ငြင်းဆန်သည်။ အဖွဲ့ဝင် ၁၀ နိုင်ငံရှိသော အာဆီယံ တွင် ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်တို့လည်းပါဝင်သည်။မြန်မာနိုင်ငံသည် အကြမ်းဖက်မှုရပ်ရေး၊ လူသားချင်းစာနာမှုအကူအညီခွင့်ပြုရေးနှင့် အတိုက်အခံများနှင့် ဆွေးနွေးရေးစသည့် သဘောတူညီထားသည့်အချက်များကို လိုက်နာရန်ပျက်ကွက်နေသောကြောင့် မြန်မာနိုင်ငံအပေါ် ပြတ်ပြတ်သားသားရပ်တည်ရန်အတွက် အာဆီယံသည် နိုင်ငံတကာဖိအားများကို ရင်ဆိုင်နေရသည်။
 
 
အာဆီယံ၏စွမ်းဆောင်ရည်ကင်းမဲ့မှုကြောင့်လည်း မြန်မာပြည်တွင်းတွင် ဒေါသထွက်နေကြပြီး စစ်ကောင်စီ ဆန့်ကျင်သည့် ဆန္ဒပြသူအချို့က အာဆီယံအလံကို မီးရှို့ကြသည်။ဒေါ်အောင်ဆန်းစုကြည်ကို ဖြုတ်ချပြီး သူမနှင့် သူမ၏ မဟာမိတ်အများစုကို ဖမ်းဆီးလိုက်ချိန်မှစတင်ပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီ စမ်းသပ်မှုဆယ်စုနှစ်တစ်ခု အဆုံးသတ်သွားကာ စစ်အုပ်စုက ခုခံဆန့်ကျင်မှုများကို နှိမ်နင်းရန် လူပေါင်း ၁၀၀၀ ကျော်ကို သတ်ဖြတ်လိုက်ပြီး ထောင်ပေါင်းများစွာကို ဖမ်းဆီးထားသည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းကဆိုသည်။
 
 
နိုင်ငံတဝန်းတွင် စစ်ကောင်စီတပ်များနှင့် ရရာလက်နက်စွဲကိုင်တိုက်နေသော ဒီမိုကရေစီအင်အားစုများအကြား တိုက်ပွဲများဖြစ်ပွားနေသည်။အောက်တိုဘာလ ၁၈ ရက်နေ့က ရုပ်သံမှပြောကြားသည့် မိန့်ခွန်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်တပ်၏ လုပ်ရပ်များကို ကာကွယ်ပြောကြားပြီး စစ်ကောင်စီသည် ငြိမ်ဝပ်ပိပြားရေး လုပ်ဆောင်နေကြောင်း၊ အာဆီယံအနေဖြင့် အတိုက်အခံများက ပြုလုပ်နေသည့် အကြမ်းဖက်မှုများကို မှတ်သားသင့်ကြောင်း ပြောပြီး နောက် နိုင်ငံရေးအကျဉ်းသား ထောင်ချီ လွတ်ငြိမ်းချမ်းသာခွင့်ပေးသည်။
အစောပိုင်းက စစ်ကောင်စီပြောခွင့်ရသူက အာဆီယံ၏ ဆုံးဖြတ်ချက်သည် ပြည်ပစွက်ဖက်မှုကြောင့်ဖြစ်ကြောင်း ပြောကြားပြီး အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂမှကိုယ်စားလှယ်များသည် အာဆီယံကိုဖိအားပေး နေကြောင်းလည်း ပြောသည်။
 
 
ယုံကြည်မှုဆုံးရှုံးမည့် အန္တရာယ်ရင်ဆိုင်နေရ
 
 
မြန်မာစစ်အုပ်စုသည် အာဆီယံအတွက် အခက်အခဲများသည့် ပြဿနာဖြစ်နေသည်မှာ ဆယ်စုနှစ်များစွာ ကြာပြီဖြစ်သည်။ ယခင်စစ်အုပ်စုများသည်လည်း ဒီမိုကရေစီအင်အားစုများကို ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းသူများ ဖြစ်ပြီး အာဆီယံအတွက် ပြဿနာဖြစ်ခဲ့ရသည်။
မြန်မာအကျပ်အတည်းနှင့်ပတ်သက်ပြီး သံတမန်ရေးအရ အပတ်ပေါင်းများစွာ ဆွေးနွေးပြီးနောက် မအောင်မြင်ဘဲ စီစဉ်ထားပြီး ဖြစ်သည့် အာဆီယံအထူးသံတမန်၏ မြန်မာခရီးစဉ်ကို ဖျက်သိမ်းလိုက်ရသောကြောင့်  မြန်မာစစ်ခေါင်းဆောင်ကို ထိပ်သီးဆွေးနွေးပွဲ မဖိတ်ရန် ဆုံးဖြတ်လိုက်ရခြင်းဖြစ်သည်။ အထူးသံတမန် အာရီဝန်ယူဆွတ်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မပေးနိုင်ကြောင်း၊ သူမစွဲဆိုခံထားရသည့် ရာဇဝတ်မှုများကြောင့် တွေ့ခွင့်မပေးခြင်းဖြစ်ကြောင်း စစ်ကောင်စီကပြောသောကြောင့် ထိုခရီးစဉ်ပျက်သွားသည်။ ထိုသို့စွပ်စွဲ ထားသောအမှုများတွင် နိုင်ငံတော်အစိုးရ လျှိုဝှက်ချက် ဥပဒေကို ဖောက်ဖျက်ခြင်းလည်း ပါဝင်သည်။
 
 
အင်ဒိုနီးရှား၊ မလေးရှားနှင့် စင်္ကာပူတို့က မြန်မာစစ်ခေါင်းဆောင်ကို ထိပ်သီးဆွေးနွေးပွဲတွင် ချန်လှပ်ထားရန် အကြံအစည်ကို လွန်ခဲ့သောအပတ်က နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် စတင်တင်ပြခဲ့ကြသည်ဟု သံတမန်များပြောသည်။ ထိုသို့လုပ်ဆောင်ရခြင်းမှာ မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရသော ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ခွင့်ရရေးအတွက်ဖြစ်ကြောင်းလည်း သိရသည်။
 
 
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထိပ်သီးဆွေးနွေးပွဲတွင်ရှိနေပါက အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ရက်အနည်းငယ်အကွာတွင်ကျင်းပမည့်  ပိုမိုကြီးမားသည့် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲသို့တက်ရောက်မည့် အခြားကမ္ဘာ့ခေါင်းဆောင်များအတွက် အနှောင့်အယှက် ဖြစ်မည်ကိုလည်း စိုးရိမ်နေကြောင်း ရင်းမြစ်များအနက် ၂ ခုကပြောသည်။
 
 
လွန်ခဲ့သောအပတ်ကလည်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က မြန်မာကိုယ်စားလှယ်များနှင့်မတွေ့ဆုံလိုသောကြောင့်  အာဆီယံဝန်ကြီးများနှင့် အစည်းအဝေးတစ်ခုကို ရွှေ့ဆိုင်းခဲ့သည်။“အဆက်အသွယ်ဖြတ်ဖို့ ခြိမ်းခြောက်မှုတွေကိုတော့ အနည်းဆုံးတော့ ပွင့်ပွင့်လင်းလင်းမလုပ်ကြပါဘူး။ ဒါပေမယ့် ASEAN အပေါ်နိုင်ငံတကာ အသိုက်အဝန်းက အယုံအကြည်ကင်းမဲ့သွားမှာကို အဖွဲ့ဝင် နိုင်ငံတွေ စိုး ရိမ်နေတယ်” ဟု သေနင်္ဂဗျူဟာလေ့လာရေး နိုင်ငံတကာဌာနမှ အရှေ့တောင်အာရှရေးရာ သုတေသီ အာရွန် ကော်နယ်လီပြောသည်။
 
 
မြန်မာအရပ်သား စင်ပြိုင်အစိုးရဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရက ASEAN ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ရန် တောင်းဆိုမှုကိုလည်း အဖွဲ့ဝင်များ သောကြာနေ့က ဆွေးနွေးကြသည်။ ထိုအရပ်သား အစိုးရ သည် အင်ဒိုနီးရှား အပါအဝင် အခြားနိုင်ငံများနှင့် ဆွေးနွေးခဲ့ကြောင်း ရင်းမြစ်နှစ်ခုက ဆိုသည်။ သို့သော် စင်ပြိုင် အစိုးရ၏ တောင်းဆိုမှုကို လိုက်လျှောခြင်းမရှိပေ။
 
 
ယခုအခါ နိုင်ငံရေးနှင့်မပတ်သက်သည့် ကိုယ်စားလှယ်ကို စစ်ကောင်စီက ရွေးချယ်ရမည်ဖြစ်ပြီး ထိုကိုယ်စားလှယ် ကြားနေသဘောဖြစ်သော်လည်း စစ်ကောင်စီနှင့် အဆက်အသွယ်ရှိသူများဖြစ်မည်ဟု သတင်းရင်းမြစ် ၃ ခုကပြောသည်။သို့သော် စစ်ကောင်စီအကြီးအကဲကို ထိပ်သီးဆွေးနွေးပွဲမှ ချန်လှပ်ခြင်းသည် ASEAN အဖွဲ့အတွင်း အပြင်းထန်ဆုံးသော အရေးယူမှုဖြစ်သည်ဟု ကော်နယ်လီ ပြောသည်။
 
 
ဒေသတစ်ခုလုံးမှ ပြည်သူများက အာဆီယံသည် အဖွဲ့ဝင်နိုင်ငံတစ်ခုမှ ပြည်သူများကိုပင် ကာကွယ်ပေးနိုင်သည့် ယန္တရားမရှိဟု အယုံအကြည်ကင်းမဲ့လာကြောင်း ချင်းမိုင်တက္ကသိုလ် ပြည်သူ့ရေးရာဌာနမှ သုတေသီ ဖူအာဒီ ပစ်ဆူဝန်ပြောသည်။“အခုအချိန်က ဝင်ရောက်မစွက်ဖက်ရေးမူကို ပြန်လည်သုံးသပ်ရမယ့် အချိန်ရောက်ပြီ။ ဆက်လက်ရပ်တည်ဖို့က စဉ်းစားမလား အခြားနည်းနဲ့အဆုံးသတ်သွားမလား ဆိုတာကိုစောင့်ကြည့်ရမှာပဲ” ဟု သူပြောသည်။
 
 
Ref; Tradition vs credibility: Inside the Asean meet that snubbed Myanmar
 
 
Linko