【 နိုင်ငံတကာဆောင်းပါး 】“အာဖဂန်မှာ နည်းလမ်းပေါင်းစုံနဲ့ အမေရိကန် ကျရှုံးခဲ့သလား”

【 နိုင်ငံတကာဆောင်းပါး 】“အာဖဂန်မှာ နည်းလမ်းပေါင်းစုံနဲ့ အမေရိကန် ကျရှုံးခဲ့သလား”

အာဖဂန်ကနေ အမေရိကန်တပ်တွေ ဆုတ်ခွာတော့မယ်လို့ ဧပြီလမှာ စပြီးကြေညာလိုက်တာဟာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ ယနေ့ အာဖဂန်အခင်းအကျင်းရဲ့အစလို့ ထင်မြင်ယူဆချက်တွေကို ယခုအခါမြင်နေရပြီဖြစ်ပါတယ်။လွန်ခဲ့တဲ့တစ်လက ရုပ်သံတစ်ခုမှာ  ဂျိုးဘိုင်ဒင် က အာဖဂန်နစ္စတန်ကို တာလီဘန်တွေသိမ်းပိုက်ဖို့ မဖြစ်နိုင်ဘူး၊ လက်နက်အပြည့်အစုံတပ်ထားတဲ့ အင်အားသုံးသိန်းရှိတဲ့ အာဖဂန်စစ်တပ်နဲ့ အင်အားခုနှစ်သောင်းသာရှိတဲ့ တာလီဘန်တပ်ကို နှိုင်းယှဉ်ပြီး မီဒီယာကိုပြောခဲ့ပါတယ်။ဒါကို အားလုံးက သိပ်စောဒကမတက်ကြပါဘူး။ဘာလို့လည်းဆို အာဖဂန်ကို အမေရိကန်တပ်တွေ ၂၀၀၁ ခုနှစ်က ဝင်ရောက်ပြီးနောက် နှစ်၂၀ အတွင်းမှာ ဒေါ်လာ ၈၃ ဘီလီယံ အကုန်အကျခံပြီး အာဖဂန်စစ်တပ်ကို နိုင်ငံတကာတပ်တွေနည်းတူ တူတူတန်တန် တည်ဆောက်လေ့ကျင့်ပေးခဲ့လို့ပါပဲ။

ဒါပေမယ့် ဒီလိုပြောပြီး တစ်လတောင်မကြာသေးတဲ့အချိန်မှာ အာဖဂန်ကနေ ကုလအသိအမှတ်ပြု အစိုးရတစ်ရပ်ဟာ ရုံးစိုက်ရာမြို့တော် ကဘူးလ်ကနေ ပြည်ပကို ရုပ်ပျက်ဆင်းပျက်ထွက်ပြေးရသလို ပြည်တွင်းမှာကျန်ခဲ့တဲ့ ဒုတိယသမ္မတက အိမ်စောင့်အစိုးရ ကိုယ့်ဘာသာဖွဲ့ ကိုယ့်ဘာသာ သမ္မတခန့်ပြီး ပြည်တွင်းတစ်နေရာကနေ တာလီဘန်တွေကို ပြန်တိုက်ခိုက်မယ်ဆိုပြီး ပြောခဲ့ရတဲ့အထိ အခြေအနေတွေက ပြောင်းပြန်လှန်သလို ပြောင်းလဲသွားခဲ့ပါတယ်။

ဒီလို အာဖဂန်အစိုးရတပ်တွေရဲ့ တာလီဘန်တွေကို အရှက်မဲ့စွာ အရှုံးပေးမှုက အတော်လေးရုပ်ပျက်ဆင်းပျက်နိုင်တဲ့အတွက် အမေရိကန်စစ်တပ်အပါ် အပြစ်ပုံကျလာနိုင်မှုကို ကာကွယ်တဲ့အနေနဲ့ ဩဂုတ် ၁၆ ရက် တနင်္လာနေ့မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် က အိမ်ဖြူတော်မှာ မီဒီယာတွေကို ခေါင်းဆောင်တွေ လက်လျှော့အရှုံးပေးပြီးထွက်ပြေးတဲ့ နိုင်ငံတစ်ခုကို အမေရိကန်စစ်တပ်က  မကာကွယ်ပေးနိုင်ဘူးလို့ ပြောခဲ့ပါတယ်။ဘိုင်ဒင်ပြောတဲ့ စကားအတိုင်းဆိုရင် “သူတို့ရဲ့အနာဂတ်ကို သူတို့ကိုယ်တိုင်ဆုံးဖြတ်နိုင်ဖို့  အခွင့်အရေးတွေ ကျွန်တော်တို့ပေးခဲ့တယ်။သူတို့အနာဂတ်အတွက် သူတို့တိုက်ခိုက်လိုစိတ်ကိုတော့ ကျွန်တော်တို့ပေးလို့မရပါဘူး။အာဖဂန်နစ္စတန်မှာ ကျွန်တော်တို့လုပ်ဆောင်ရမယ့် စစ်ဆင်ရေးတာဝန်ထဲ နိုင်ငံတည်ဆောက်ရေးတာဝန် ဘယ်တော့မှမပါရှိခဲ့ဘူး” လို့  ဘိုင်ဒန် က ပြောခဲ့တာပါ။

နောက် နှစ်ပေါင်း ၂၀ ကြာပြီးနောက် အာဖဂန်မှာ အမေရိကန်စစ်သားတွေရဲ့အသက်ကို ထပ်မဆုံးရှုံးစေလိုဘူးလို့ ထပ်ပြောခဲ့ပါတယ်။ဒီစကားမျိုးကို ဘိုင်ဒင်အရင် ထရမ့် က ပြောခဲ့ပါတယ်။အာဖဂန်ကနေ အမေရိကန်တပ်တွေ ရုပ်သိမ်းမှုဟာ ထရမ့် စီစဉ်ခဲ့တာပါ။ထရမ့် မူဝါဒကို  ဘိုင်ဒင် က ဆက်ခံတယ်ဆိုပေမယ့် အာဖဂန်ကနေ အမေရိကန်တပ်တွေ ရုပ်သိမ်းတာဟာ မူလတွက်ချက်ထားမှုထက် မြန်နေပါတယ်။အထူးသဖြင့် ဘယ်နေ့အပြီးရုပ်သိမ်းမယ်ဆိုတာက တာလီဘန်တွေကို အချက်ပေးတာအဖြစ် နောက်ပိုင်းမှာ နိုင်ငံတကာကသုံးသပ်ခဲ့ကြပါတယ်။ဒီလို ဘိုင်ဒင်ရဲ့ ဩဂုတ်လကုန်မှာ အပြီးရုပ်သိမ်းမယ်လို့ ပြောခဲ့တာကြောင့် ၈၃ ဘီလီယံ အကုန်အကျခံပြီး တည်ဆောက်ခဲ့တဲ့ အာဖဂန်စစ်တပ်ရဲ့စိတ်ဓာတ်က ထိုးကျခဲ့သလို တစ်ဖက်မှာလည်း တာလီဘန်တွေအတွက် အားတက်ပြီး ထိုးစစ်တွေက လျင်လျင်မြန်မြန်အောင်မြင်ခဲ့သလို ဖြစ်ခဲ့ပါတယ်။

ဒီလို ဘိုင်ဒင် အချိန်အတိအကျပြောခဲ့တာက အမေရိကန်စစ်ဘက်က နှစ်၂၀ ကျော် အမေရိကန်ဒေါ်လာ ၈၃ ဘီလျံ အကုန်ကျခံပြီး တည်ဆောက်ပေးထားတဲ့ အာဖဂန်စစ်တပ်ကို ယုံစားလွန်းလို့ အတွက်အချက်မှားပြီးပြောခဲ့တာလား၊ ဒါမှမဟုတ် တခြားအကြောင်းတရားကြောင့် ဒီလိုဖြစ်ခဲ့တာလားဆိုတာ ဘိုင်ဒင်နဲ့ ပင်တဂွန်ပဲ သိပါလိမ့်မယ်။

စဉ်းစားချင်စရာက  အာဖဂန်အစိုးရ ကဘူးလ်ကနေထွက်ပြေးပြီးနောက် နောက်ကနေလိုက်ပြေးခဲ့ရတဲ့ အာဖဂန်ဗဟိုဘဏ် ဥက္ကဋ္ဌ အက်မဲလ်အာမက်ဒီရဲ့ တွစ်တာမှာရေးထားတဲ့ ရေးသားချက်ပါ။ဒီရေးသားချက်မှာ အာမက်ဒီ က “အခုထိ ယုံရခက်နေတယ်။ဘာကြောင့် အာဖဂန်အမျိုးသားလုံခြုံရေးတပ်တွေ ခပ်မြန်မြန်နဲ့ တာဝန်ကျရာနေရာကနေ ခွာခဲ့ကြသလဲဆိုတာ သံသယဖြစ်စရာပဲ” လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် အာဖဂန်မြောက်ပိုင်းမှာ အာဖဂန်စစ်တပ်က အရှုံးပေးလိုက်တာဟာ လျှို့ဝှက်ကြံစည်မှုရဲ့ရလဒ်လို့ အစိုးရလိုလားတဲ့ စစ်ခေါင်းဆောင်တွေကို ကိုးကားပြီး ရေးခဲ့ပါသေးတယ်။  

အစောပိုင်း အမေရိကန်ထောက်လှမ်းရေးအသိုင်းအ၀ိုင်းကထွက်လာတဲ့ ခန့်မှန်းချက်အရဆိုရင် တောင် ပေါ်မြို့ဖြစ်တဲ့ ကဘူးလ်ကိုသိမ်းဖို့ တာလီဘန်တွေအနေနဲ့ ရက် ၉၀ လောက်၀ိုင်းပြီး တစ်လလောက်တိုက်ရမယ်ဆိုပဲ။အဲဒီလို CIA ရဲ့ ခန့်မှန်းချက်ကြောင့် တာလီဘန်ထိုးစစ်ကြောင့် လှုပ်ခတ်နေတဲ့ ကဘူးလ်ရဲ့အနေအထားက ပြန်ငြိမ်သွားခဲ့ပါတယ်။တာလီဘန်တွေ ကဘူးလ်ကိုသိမ်းဖို့လာမယ်။ကြာဦးမယ်။ဘာကြောင့်ဆို ကဘူးလ်မှာ အမေရိကန်တပ်တွေနဲ့ နေတိုးတပ်တွေရှိနေသေးတဲ့အတွက် မလွယ်နိုင်ဘူးလို့ အားလုံးကတွက်ဆထားကြလို့ပါပဲ။ကာတာဆွေးနွေးပွဲမှာ သဘောတူညီမှုတွေမရခဲ့ပေမယ့် ဆွေးနွေးခဲ့တဲ့ အစီအစဉ်တွေအတိုင်းဆိုရင် ဩဂုတ်လကုန်မှာ အမေရိကန်နဲ့ နေတိုးတပ်တွေ ထွက်သွားမယ်။အာဖဂန်မှာ ညွှန့်ပေါင်းအစိုးရတက်လာမယ်။တာလီဘန်နဲ့ အာဏာခွဲဝေကြမယ်။ဒီနောက်မှာ နိုင်ငံအနေအထားကို တည်ငြိမ်အောင် လုပ်ကိုင်ကြမယ်။ဒီလိုပဲ နိုင်ငံတကာက ထင်ထားပါတယ်။သိပ်ချောချောမွေ့မွေ့မဟုတ်ပေမယ့် ကွဲလွဲမှုတွေ၊ နေရာလုမှုတွေကို ထိန်းနိုင်မယ်လို့ တွက်ဆထားကြပါတယ်။ဒါပေမယ့် အာဖဂန်အရေးက ဒီလိုတွက်ဆထားသလို မဖြစ်လာခဲ့ပါဘူး။
တာလီဘန်တွေက ကဘူးလ်ကိုမတိုက်ခိုက်ပဲ ဩဂုတ် ၁၅ ရက်မှာ သိမ်းယူခဲ့လို့ အခြေအနေက မှန်းဆရခက်သွားခဲ့ပါတယ်။ဒီကြားထဲမှာ ကဘူးလ်ကို ဝါရှင်တန်က အမေရိကန်တပ်တွေထပ်ပို့၊  နေတိုးကလည်း သူ့တပ်တွေပို့၊ ဗြိတိန်ကလည်း သူ့တပ်တွေပို့နဲ့ သံတမန်တွေ၊ နိုင်ငံသားတွေနဲ့ နေတိုး၊ အမေရိကန်တပ်တွေနဲ့ တွဲလုပ်သူတွေကိုကယ်ထုတ်ဖို့ လုပ်ကြနဲ့ ကဘူးလ်ရဲ့ လုံခြုံရေးအခြေအနေက အဆိုးဆုံးရောက်သွားပြီး ကဘူးလ်မြို့သူမြို့သားတွေ လက်သပ်ကိုယ်ကျွတ် ထွက်ပြေးရတဲ့အထိဖြစ်ခဲ့ရသလို သံတမန်အသိုင်းအ၀ိုင်းလည်း အငိုက်မိ ရှော့ခ်ရသွားခဲ့ပါတယ်။

ဩဂုတ် ၁၅ ရက် ကဘူးလ်ကိုမြင်ရတာ လွန်ခဲ့တဲ့ ၁၉၇၀ ကာလတွေတုန်းက ဗီယက်ကောင်းတွေလက်ချက်နဲ့ ဆေးဂုံကျဆုံးခန်းလိုပါပဲ။ဟိုမှာက သံရုံးခေါင်မိုးပေါ်က ရဟတ်ယာဉ်ကွင်းပေါ် အလုအယက်တက်ကြတဲ့မြင်ကွင်း။ဒီမှာက ကဘူးလ်လေဆိပ်မှာရှိတဲ့ အမေရိကန်စစ်လေယာဉ်နဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့လေယာဉ်တွေပေါ် အလုအယက်တက်နေကြတာ ရဟတ်ယာဉ်နဲ့ လေယာဉ်ပဲ ကွာပါတယ်။ဒါဟာ ဗီယက်နမ်မှာ အမေရိကန်ကျဆုံးခန်းအပြီး နှစ် ၅၀ အကြာမှာ သမိုင်းတစ်ပတ်လည်တဲ့ ဖြစ်ရပ်တစ်ခုပါပဲ။အာဖဂန်မှာ အမေရိကန်ရဲ့ကျဆုံးခန်းက နောက်ထပ် နောက်နှစ်ပေါင်းများစွာပြောနေရမယ့် အဖြစ်အပျက်တွေရဲ့ အစပါပဲ။

ဒါပေမယ့် အစွန်းရောက် တာလီဘန်တွေ၊ အာဖဂန်အစိုးရတပ်တွေ၊ အမေရိကန်တပ်တွေ၊ နေတိုးတပ်တွေ ကဘူးလ်မှာ ဒီလိုဆုံသွားတာတောင် ပစ်ခတ်မှုမဖြစ်ဘူးဆိုတာ နိုင်ငံတကာမှာမြင်တွေ့ရခဲတဲ့ မြင်ကွင်းပါပဲ။ဘိုင်ဒင်ပြောခဲ့တဲ့ အင်အားသုံးသိန်းရှိတဲ့ အာဖဂန်စစ်တပ်ကို အစရှာလို့မရနိုင်အောင်ဖြစ်သွားတာ နိုင်ငံတကာအရေးသုံးသပ်သူတွေအမြင်မှာ ဆန်းတော့ဆန်းကြယ်တဲ့ကိစ္စတစ်ခုပါ။တကယ်ပဲ အာဖဂန်ကနေ ယခုလို အမေရိကန်တပ်တွေ အလျင်စလိုထွက်ခွာဖို့ လိုနေသလားဆိုတာ အမေရိကန်တပ်တွေ အာဖဂန်ကို ခက်ခက်ခဲခဲဝင်လာပြီး လွယ်လွယ်ကူကူပြန်ထွက်ပေးခဲ့တာကိုကြည့်ပြီး ပြန်မေးဖို့ လိုလာခဲ့ပြီဖြစ်ပါတယ်။

၂၀၀၁ ခုနှစ်မှာ ကမ္ဘာ့ကုန်သွယ်ရေးညီနောင် မိုးပျံတိုက်အမွှာကိုဝင်တိုက်ပြီး အမေရိကန်ကို အကြမ်းဖက်စေခဲ့တဲ့ အိုစမာဘင်လာဒင် ကို ဖမ်းဆီးသုတ်သင် လက်စားချေဖို့နဲ့ အကြမ်းဖက်သမားတွေကိုဖမ်းဆီးဖို့ အကြောင်းပြချက်နဲ့ အာဖဂန်ကိုဝင်တိုက်ခဲ့တာမှာ တာလီဘန်အစိုးရကို လပိုင်းအတွင်းမှာပဲ ဖြုတ်ချနိုင်ခဲ့ပေမယ့် အာဖဂန်စစ်ထဲမှာတော့ ၁၀ နှစ်ကြာခဲ့ပါတယ်။ဒီလိုဆယ်နှစ်ကြာပြီးမှ အိုစမာဘင်လာဒင် ကို  ၂၀၁၁ ခုနှစ်မှာ သတ်ဖြတ်နိုင်ခဲ့ပါတယ်။ဒီလိုသတ်ဖြတ်နိုင်ခဲ့ပေမယ့်  အမေရိကန်စစ်တပ်ဟာ အာဖဂ္ဂန်နစ္စတန်မှာ နောက်ထပ် ၁၀ နှစ် အကြမ်းဖက်နှိမ်နင်းမှုခေါင်းစဉ်နဲ့ ဆက်လက်ရှိနေခဲ့ပါတယ်။ယခု အာဖဂန်ကနေ အလျင်စလိုဆုတ်ခွာသွားတယ်။အရင်တုန်းက အကြမ်းဖက်မှုခေါင်းစဉ်ပြပြီးတိုက်ခဲ့တဲ့ တာလီဘန်တွေကို အသာတကြည် နိုင်ငံပြန်သိမ်းတာ ခွင့်ပြုခဲ့တယ်။အမေရိကန်က ဘာကြောင့်ခွင့်ပြုရပါသလဲ။ဘာရည်ရွယ်ချက်နဲ့ အာဖဂန်မှာရှိနေတဲ့ တပ်တွေကို မြန်မြန်ဆန်ဆန်ဆွဲထုတ်ပြီး အဲဒီဒေသကို အကြမ်းဖက်မှုခေါင်းထောင်လာအောင် ခွင့်ပြုရပါသလဲ။ဒါတွေက အဆိုပါဒေသတွင်းမှာရှိနေတဲ့ အာဖဂန်ပြင်ပနိုင်ငံတွေက ပြည်သူတွေမေးနေတဲ့ မေးခွန်းတွေပဲဖြစ်ပါတယ်။   

အာဖဂန် စာရေးဆရာနဲ့ နိုင်ငံရေးလေ့လာသူ တာဘစ်ရှ် ဖိုရုဂ်ကတော့ “အာဖဂန်နစ္စတန်ကနေ တာဝန်မဲ့စွာဖြင့် စစ်တပ်များ အလျင်စလိုဆုတ်ခွာခြင်းဖြင့် နိုင်ငံရေးလေဟာနယ်ကို ဖန်တီးလိုက်ပါတယ်။အခုတော့ တာလီဘန်တွေကတင်မကဘဲ နိုင်ငံတွင်းက အခြားသူများကပါ ခံစားမိလာတာကြောင့် အခြားမရေရာမှု ရှုပ်ထွေးမှုများကို ထပ်မံဖြစ်ပေါ်စေတယ်” လို့ အာဖဂန်ကနေ အမေရိကန်တပ်တွေ လွယ်လွယ်ကူကူထွက်သွားတာနဲ့ပတ်သက်ပြီး ပြောခဲ့ပါတယ်။

တရုတ်ရဲ့ လူမှုသိပ္ပံအကယ်ဒမီက ပါမောက္ခတစ်ဦးဖြစ်သူ ဟာဝမ်ပင်းကတော့ “အာဖဂန်နစ္စတန်ကနေ အမေရိကန်ရဲ့ စစ်တပ်ဆုတ်ခွာမှုဟာ အလွန်အလျင်စလိုဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ပြီးတော့ တာဝန်ယူမှုလည်း လုံးဝမရှိပါဘူး။နှစ်ပေါင်း ၂၀ လောက် အခြေချပြီး နိုင်ငံအတွက် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ယူဆောင်မပေးနိုင်ခဲ့တာကိုတော့ ပြောမနေပါနဲ့တော့” လို့ စိတ်ပျက်လက်ပျက် မှတ်ချက်ပေးခဲ့ပါတယ်။

ဒီလို အာဖဂန်ကနေ အလျင်စလိုထွက်ခွာမှုဟာ အမေရိကန် မဟာမိတ်နိုင်ငံတွေ လက်တွဲဖက်နိုင်ငံတွေကို စိတ်ပျက်စေခဲ့ပါတယ်။

ဒီလိုအလျင်စလိုထွက်ခွာတဲ့အတွက် ဖြစ်လာတဲ့ ကြေကွဲဖွယ်ဖြစ်ရပ်တွေအတွက် ဘိုင်ဒင် ကို  ပြည်တွင်းမှာ ဝေဖန်မှုတွေမြင့်တက်နေခဲ့ပေမယ့် ဘိုင်ဒင် က အမေရိကန်တပ်ဖွဲ့ဝင်တွေနဲ့ အမေရိကန်နိုင်ငံသားတွေကိုထိရင် အပြင်းအထန်ချေမှုန်းမယ်ဆိုတာကလွဲပြီး သူ့ဆုံးဖြတ်ချက်တွေကို ပြင်မှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။တကယ်လည်း အာဖဂန်ကနေ အမေရိကန်အနေနဲ့ အနှေးနဲ့အမြန်ဆိုသလို ဆုတ်ခွာဖို့ပြင်ပြီးဖြစ်နေတာပါ။ဒီအချက်ကပဲ အဂါနီ ဦးဆောင်တဲ့ အာဖဂန်အစိုးရအဖွဲ့ကို လျင်လျင်မြန်မြန် အလျှော့ပေးစေတဲ့ အဓိကစေ့ဆော်မှုတစ်ရပ်ဖြစ်လာတဲ့ အနေအထားပါပဲ။

သေချာတာကတော့ ဘိုင်ဒန် အာဖဂန်နစ္စတန်ကို စွန့်ပစ်ခဲ့တာ အလွန်ရိုးရှင်းပါတယ်။သူသမ္မတအဖြစ် တာဝန်ယူချိန်ကစပြီး ဘိုင်ဒန်နဲ့ အမေရိကန်လုံခြုံရေးတည်ဆောက်မှုဟာ တရုတ်ကို အမေရိကန်ရဲ့ပြိုင်ဘက် နံပါတ်တစ်အဖြစ် ပုံသွင်းခဲ့ပြီး တရုတ်အတွက် အကြီးမားဆုံး အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှုကို ဖြစ်စေခဲ့ပါတယ်။စစ်ရေးနဲ့ စီးပွားရေးအရ ကြီးထွားလာနေတဲ့ တရုတ်နိုင်ငံကို  နိုင်ငံရေးမတည်မငြိမ်မှုတွေနဲ့ အကြမ်းဖက်အစွန်းရောက်အဖွဲ့တွေ ပြန်အားကောင်းလာနိုင်တဲ့ အာဖဂန်နစ္စတန်နဲ့ အတူယှဉ်တွဲထားတာက အမေရိကန်အတွက် ပိုအထောက်အကူဖြစ်လာနိုင်မယ်လို့ တွက်ဆထားတဲ့ပုံစံပါဘဲ။ဒါကိုကြည့်ရင် ရှေ့လျှောက် တရုတ်နိုင်ငံတစ်ခုတည်းကို အမေရိကန်အာရုံစိုက်တော့မယ်ဆိုတာ ထင်ရှားနေပါတယ်။

သမိုင်းကိုပြန်ကြည့်မယ်ဆိုရင် အမေရိကန်အနေနဲ့ နိုင်ငံတစ်ခုကို ကယ်တင်ရှင်အဖြစ်ဝင်ရောက်လာပြီး တာဝန်မဲ့သူအဖြစ် ပြန်လည်ထွက်ခွာတာ ဒါဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ဗီယက်နမ် ဆိုင်ဂုံကို ပြည်တွင်းစစ်နဲ့ချန်ထားခဲ့ပြီး ၁၉၇၅ ခုနှစ်မှာ အမေရိကန်စစ်သားတွေ ထွက်ခွာခဲ့တုန်းကလည်း ထိုကဲ့သို့ပဲဖြစ်ခဲ့ပါတယ်။အမေရိကန်က အီရတ်ကိုလည်း ဒီလိုပါပဲ။

အချက်အလက်တွေအရဆိုရင် အမေရိကန်ဟာ အာဖဂန်မှာ နည်းလမ်းပေါင်းစုံနဲ့ ကျရှုံးခဲ့ပါတယ်။ပထမဆုံးအနေနဲ့ကတော့ နိုင်ငံရေးအရ ကျရှုံးခြင်းဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကျရှုံးခြင်းဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ မဟာဗျူဟာကျ ကျရှုံးခြင်းဖြစ်ပါတယ်။  

၁၉၅၀ ခုနှစ်များမှ စတင်ပြီး စစ်ပွဲများမှာ အမေရိကန်အနေနဲ့ ရှုံးနိမ့်မှုများကို သင်ခန်းစာယူဖို့ ပျက်ကွက်ခဲ့ပါတယ်။အမှားများ ထပ်ခါတလဲလဲပြုလုပ်ခြင်းရဲ့ဆိုးကျိုးကို မြောက်ကိုရီးယား၊ ဗီယက်နမ်မှသည် အီရတ်၊ အီရန်၊ ဆီးရီးယားနဲ့ အာဖဂန်အထိ အဆိုပါထိစပ်သည့်ပြည်သူတွေ ခံစားခဲ့ရချည်းပါပဲ။

အမေရိကန်အနေနဲ့ ပြဿနာများကိုဖြေရှင်းနိုင်ပြီး ကမ္ဘာကြီးကကျေးဇူးတင်လိမ့်မယ်ဆိုတဲ့ ယုံကြည်မှုနဲ့ အမေရိကန်ဟာ လက်နက်ကိုအသုံးပြုပြီး ဖြေရှင်းခဲ့တဲ့ပြဿနာများထက် ပိုများပြားတဲ့ပြဿနာများကို ဖန်တီးခဲ့ပါတယ်။မိမိတို့ရဲ့ အသက်သွေးများကိုရင်းနှီးပြီး မိမိတို့ရဲ့ပြဿနာကိုဖြေရှင်းပေးတဲ့ အမေရိကန်ကို ကမ္ဘာ့ဘယ်နိုင်ငံကမှ ကျေးဇူးတင်ခြင်းမျိုးလည်းမရှိပါဘူး။

အမေရိကန်ဟာ ကိုယ့်ကိုယ်ကိုသာ ကူညီခြင်းအားဖြင့် အများကိုကူညီတယ်လို့ မရှိပါဘူး။ဘိုင်ဒန်ဟာ ဒေါ်နယ်ထရမ့်ထက်စာရင် နိုင်ငံတကာတာဝန်ယူမှုတွေအကြောင်း ပြောကြားပြီး အနည်းငယ်ကိုသာကိုင်တွယ်တဲ့ ပထမဆုံးသမ္မတဖြစ်ပါတယ်။ဘုရှ် က စစ်ပွဲများကို အစပြုခဲ့ပြီး အိုဘားမားက ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး မဆုံးဖြတ်နိုင်ဖြစ်ခဲ့ပါတယ်။သို့သော်လည်း သူတို့တွေဟာ နောက်ဆုံးအချိန်အထိ အမေရိကန်က တာဝန်ရှိတယ်လို့ ယုံကြည်နေကြဆဲဖြစ်ပါတယ်။ထရမ့်ဟာ အာဖဂ္ဂန်နစ္စတန်ကိုစွန့်ပစ်ဖို့ စတင်ပြောဆိုခဲ့တဲ့ ပထမဆုံးသမ္မတဖြစ်ခဲ့ပါတယ်။သို့သော်လည်း အနည်းဆုံးတော့ ထရမ့်ဟာ “အမေရိကန်သာ ပထမ” ဆိုတဲ့ အချက်ကို ရိုးသားစွာပြောဆိုခဲ့ပါတယ်။

ဘိုင်ဒန်ကတော့ အာဖဂန်ပြည်သူတွေကို တုန်လှုပ်နာကျင်မှုတွေနဲ့ တာလီဘန်တွေလက်ထဲမှာ ချန်ထားခဲ့ပါတယ်။အဆုံးသတ်ရရင်တော့ ဒါဟာ ကိုယ်ကျင့်တရားဆိုင်ရာ ကျရှုံးခြင်းဖြစ်ပါတယ်။

မြင့်ဝင်းကို
Ref : NY, CGTN and Reuters