【 နိုင်ငံတကာဆောင်းပါး 】“ စနစ်တကျခွဲခြားဆက်ဆံမှုများ ”

【 နိုင်ငံတကာဆောင်းပါး 】“ စနစ်တကျခွဲခြားဆက်ဆံမှုများ ” 

ပြီးခဲ့သည့် သြဂုတ် ၃၀ ရက်က ကုလသမဂ္ဂဆိုင်ရာ လူမျိုးရေးခွဲခြားဆက်ဆံမှုပပျောက်ရေးကော်မတီ က“လူမျိုးရေးခွဲခြားဆက်ဆံမှုပုံစံအားလုံး ပပျောက်ရေးဆိုင်ရာ နိုင်ငံတကာကွန်ဗင်းရှင်း” အကောင်အထည်ဖော်မှု အခြေအနေစိစစ်ခြင်း အနှစ်ချုပ်အစီရင်ခံစာကို ထုတ်ပြန်ခဲ့ရာတွင် ကုလအဖွဲ့ဝင်နိုင်ငံများ၏ လူမျိုးရေးခွဲခြားဆက်ဆံမှုနှင့် ပတ်သက်ပြီး ဖော်ပြခဲ့သည်။ထိုအစီရင်ခံစာတွင် လတ်တလော လူမျိုးရေးခွဲခြားဆက်ဆံမှုကြောင့် ဆန္ဒပြမှု များ၊ ဘတ်ဖလိုဖြစ်ရပ်လို စတိုးဆိုင်အတွင်း ဝင်ရောက်ပစ်ခတ်သည့် လူဖြူအစွန်းရောက်များကြောင့်ဖြစ်သည့် အကြမ်းဖက်မှုများကို ရင်ဆိုင်နေရသည့် အမေရိကန်ပြည်ထောင်စုနှင့် ပတ်သက်ပြီး ဆိုးရွားသည့် ဖော်ပြချက်ပါရှိခဲ့သည်။  ထိုဖော်ပြချက်တွင် လွန်ခဲ့သည့်နှစ်များအတွင်း အမုန်းတရား ရာဇဝတ်မှုများ၊ အမုန်းတရားဝေဖန်မှုဖြစ်ရပ်များနှင့် လူမျိုးရေးဆိုင်ရာ ပစ်ခတ်မှုများကြောင့် သေဆုံးဒဏ်ရာရရှိသူ အရေအတွက် စသည်တို့ သိသိသာသာ မြင့်တက်လာသည့်အပြင် အသားအရောင်ခွဲခြားဆက်ဆံခံရသူနှင့် လူနည်းစုမျိုးနွယ်စုများက ဆေးကုသမှု၊ ပညာရေး၊ နေထိုင်မှုဆိုင်ရာ နယ်ပယ်များတွင်လည်း စနစ်တကျ ခွဲခြားဆက်ဆံခံရခြင်းနှင့် ဆက်လက်ရင်ဆိုင်နေရကြောင်း ဖော်ပြခဲ့သည်။ 

အစီရင်ခံစာက ဖော်ပြခဲ့သည့်အတိုင်း မကြာသေးခင်နှစ်အနည်းငယ်အတွင်း အမေရိကန်တွင် အာဏာပိုင်များ၏ လူဖြူလူမည်းခွဲခြားဆက်ဆံမှု၊ အသားအရောင်ခွဲခြားမှုတို့ကြောင့်  ဖြစ်ပေါ်ခဲ့သည့် ဆန္ဒပြမှုများ၊အကြမ်းဖက်မှုများရှိခဲ့သည်။ ထင်ရှားသည့် ဖြစ်ရပ်များကို ဖော်ပြပါက ၂၀၂၀ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့က အသက် ၂၉ နှစ်အရွယ် လူမည်းအမျိုးသား Jacob Blake ဟာ သူ့ရဲ့ကားပေါ်ကို တက်ဖို့လုပ်နေစဉ်မှာ ရဲက နောက်ကနေလိုက်လာပြီး သေနတ်နဲ့ အနီးကပ် ၇ ချက် ပစ်ခဲ့သဖြင့် ပွဲချင်းပြီးသေဆုံးသည့် ဖြစ်ရပ်ဖြစ်သည်။ အဆိုပါဖြစ်စဉ်တွင်  ရဲတပ်ဖွဲ့က လူမည်းအမျိုးသားဖြစ်သူကို အင်အားအလွန်အကျွံသုံးခဲ့ခြင်းက လူမျိုးရေးခွဲခြားသည့် သဘောသဘာဝအများကြီးရှိကြောင်း နောက်ပိုင်း ဥပဒေသုံးသပ်ချက်ထွက်ခဲ့သည်။ အဆိုပါဖြစ်ရပ်ကို လူမျိုးရေးခွဲခြား ဆက်ဆံခံရမှုအဖြစ် ဝါရှင်တန်တွင် ဆန္ဒပြခဲ့ကြသလို ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)ကလည်း အမေရိကန်ပြည်ထောင်စု၏ တရားဥပဒေစိုးမိုးရေးအဖွဲ့တွေအတွင်း အသားကျနေသည့် လူမျိုးရေးခွဲခြားမှုတွေကို ရှင်းလင်းဖယ်ရှားဖို့ တိုက်တွန်းခဲ့သည်။

ထိုသို့ ဖြစ်ရပ်မှာ ကမ္ဘာ့အနှံ့လူသိများခဲ့သည့် ဂျော့ချ်ဖလွိုက်အမှုအပြီး နှစ်လကျော်အ ကြာတွင်ဖြစ်ခဲ့ခြင်း ဖြစ်သည်။ ၂၀၂၀ မေလက မင်နီဆိုးတားပြည်နယ်တွင် အသက် ၄၅ နှစ် အရွယ် အာဖရိကန်-အမေရိကန်နွယ်ဖွား လူမည်းအမျိုးသား ဂျော့ချ်ဖလွိုက်ကို  အမေရိကန်ရဲတပ်ဖွဲ့က အကြမ်းဖက်ဖမ်းဆီးခဲ့သဖြင့် မသေသင့်ဘဲ သေခဲ့ရသည်။ ဂျော့ချ်ဖလွိုက်ကို ဖမ်းဆီးစဉ်မှာ  ရဲတပ်ဖွဲ့က မြေကြီးပေါ်လဲစေပြီး ဇက်ကို ဒူးနဲ့နင်းထားသဖြင့် ဖလွိုက်က "ကျွန်တော် အသက်ရှူလို့မရတော့ဘူး၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို မသတ်ပါနဲ့" လို့ ငြီးငြူပြောဆိုခဲ့သော်လည်း ရဲက လျစ်လျူရှုခဲ့သဖြင့် အသက်ရှုရပ်ကာ သေဆုံးခဲ့သည်။ နောက်ပိုင်း ထိုလူမည်းအမျိုးသားသေဆုံးမှုကို မကျေနပ်သဖြင့် ဆန္ဒပြသူတွေ ရဲစခန်းကိုမီးရှို့ခဲ့သည်။ ထို့နောက် အခင်းဖြစ်စဉ် ရိုက်ထားသည့် ဗီဒီယိုကြောင့် ဂျော့ချ် ဖလွိုက် အပေါ်ရက်စက်မှုကို အားလုံးသိကာ အမေရိကန်နိုင်ငံတစ်ဝန်း ဆန္ဒပြမှုတွေ ဖြစ်လာပြီး "Black Lives Matter" "လူမည်းတွေရဲ့ အသက်လည်း အရေးပါတယ်" ဆိုသည့် အသားရောင်ခွဲ ခြားမှု ဆန့်ကျင်ရေး လှုပ်ရှားမှုများ နိုင်ငံတကာတွင်ပါ  ပေါ်ပေါက်လာခဲ့သည်။ ထိုလူမည်းအမျိုးသား ဂျော့ချ်ဖလွိုက်ကို သတ်မှုထဲ ပါဝင်ပတ်သက်ခဲ့သည့် ရဲအရာရှိများဖြစ်သည့် ဒဲရက်ချော်ဗင်၊ တိုးထောင်၊ သောမတ်လိန်းနဲ့ ဂျေအလက်ဇန်းဒါးကင်းတို့ကို အရေးယူခဲ့သည်။ ဂျော့ချ်ဖလွိုက်၏ ဇက်ကို ဒူးနဲ့နင်းခဲ့သူ ဒဲရက်ချော်ဗင်ကို နောက်ပိုင်းတရားစီရင်ရာတွင် လူသတ်မှုဖြင့် ထောင်ဒဏ် ၂၂ နှစ်ကျော် ချမှတ်ခဲ့ပြီး ကျန် ၃ ဦးမှာ တရားစီရင်နေဆဲဖြစ်သည်။ ထိုသို့ ပြစ်ဒဏ်ကို ပြင်းပြင်းထန်ထန်ချခဲ့သော်လည်း  ဒီလို ဖြစ်ရပ်မျိုးက အမေရိကန်တွင် ပြီးဆုံးခြင်းမရှိခဲ့ပေ။

ဒီဖြစ်ရပ်အပြီးနှစ်နှစ်အကြာ ၂၀၂၂ခုနှစ် ဇွန် ၂၇ ရက် နံနက်ပိုင်းတွင် ယာဉ်စည်းကမ်းချိုးဖောက်သည်ဟု သံသယရှိခံရသူ အာဖရိကနွယ်ဖွား လူငယ်တစ်ဦးဖြစ်သော Jayland Walker ကို အိုဟိုင်းယိုးပြည်နယ် အာခရွန် မြို့ ရဲတပ်ဖွဲ့က တားဆီးစစ်ဆေးရာ Jayland Walker က ယာဉ်ပေါ်မှ ဆင်း၍ ထွက်ပြေးရန်ကြိုးစားသဖြင့် ရဲတပ်ဖွဲ့ဝင်အချို့က သေနတ်ဖြင့် အချက်ပေါင်းများစွာပစ်ခတ်ဖမ်းဆီးခဲ့သည်။ နောက်ပိုင်း ပစ်ခတ်မှုကို စစ်ဆေးခဲ့ရာ Jayland Walker မှာ သေနတ်အချက်ပေါင်း ၆၀ ကျော် ထိမှန်ခဲ့ပြီး သေဆုံးခဲ့ရခြင်းကိုတွေ့ရှိခဲ့ရသည်။ ဒီဖြစ်ရပ်က အမေရိကန်ရှိ ခွဲခြားဆက်ဆံခံရသော အာဖရိကန်လူမည်းများနှင့် အခြားအသားအရောင်ရှိ လူများအတွက်ပါ ထိတ်လန့်စရာဖြစ်ခဲ့သည်။ ထိုဖြစ်ရပ်က ဂျော့ချ်ဖလွိုက်ဖြစ်ရပ်အပြီး စတင်ခဲ့သည့် အမေရိကန် ဖက်ဒရယ်ရဲတပ်ဖွဲ့၏ ပြုပြင်ပြောင်းလဲမှုရပ်တန့်နေသည်ကို ပြနေပြီး အမေရိကန်ပြည်ထောင်စုတွင် တရားဥပဒေဖော်ဆောင်သည့် အဖွဲ့အစည်းအတွင်း လူမျိုးရေးခွဲခြားဆက်ဆံမှု ပြဿနာရှိ ကြီးကြီးမားမားဆက်ရှိနေဆဲဆိုသည်ကို ကမ္ဘာသို့ ထင်ထင်ရှားရှားပြခဲ့ခြင်းဘဲ ဖြစ်သည်။

အမေရိကန် ရဲတပ်ဖွဲ့ဝင်များ၏လူနည်းစုပြည်ပနွယ်ဖွားများအပေါ် အကြမ်းဖက်ဥပဒေသုံးခြင်းကြောင့် သေဆုံးထိခိုက်မှုက အနည်းအကျဉ်းမဟုတ်။ စာရင်းအင်းများအရ ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၂ ဇူလိုင်လအထိ  အမေရိကန် ရဲတပ်ဖွဲ့ဝင်များ၏ လုပ်ဆောင်မှုကြောင့် သေဆုံးခဲ့သူ ၂,၅၆၃ ဦး ရှိရာ ၎င်းတို့အနက် အာဖရိကနွယ်ဖွား သေဆုံးသူ ၅၆၅ ဦး ၊ ၂၂ ရာခိုင်နှုန်းရှိခဲ့သည်။  ယခုနှစ်အတွင်းမှာပင် အမေရိကန် ရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးသူ အာဖရိကနွယ်ဖွား ၄၉ ဦး ရှိခဲ့သည်။ အဆိုပါအချက်အလက်က အမေရိကန်တွင် အသားအရောင်ခွဲခြားဆက်ဆံမှု အားကောင်းနေဆဲဖြစ်ခြင်းကြောင့် ဖြစ်လာသည့် အကျိုးဆက်ပင်ဖြစ်သည်။

အဆိုပါအတွက် မှတ်သားဖွယ်စကားက တူဖြစ်သူ ဂျော့ဖလွိုက်ဒ် သေဆုံးခဲ့ရာ လမ်းဆုံသို့ မကြာခဏ လာရောက်တတ်သည့်  ဂျော့ဖလွိုက်ဒ်၏အဒေါ် အန်ဂျလာဟာရလ်ဆင်က ပြောခဲ့သည့် စကားပင်။

“အမှန်တရားကတော့ ရဲတပ်ဖွဲ့ထဲမှာလည်း လူမျိုးရေးခွဲခြားမှုတွေ ရှိနေပြီး၊ ရဲတွေက လူညိုနဲ့ လူမည်း တွေကို ရည်ရွယ်ချက်ရှိရှိနဲ့ကို လိုက်ရှာနေကြတာ”ဆိုသည့် စကားပင်။

လူမျိုးရေးခွဲခြားမှုဆိုသည်မှာ ယဉ်ကျေးမှုမြင့်မားလာသည့် ယနေ့ကမ္ဘာတွင် ဘယ်သူမှ လက်မခံသည့် အကြောင်းခြင်းရာဖြစ်သလို ဘယ်သူမှလည်း ခွဲခြားဆက်ဆံခြင်းကိုကြိုက်နှစ်သက်ကြသည်မဟုတ်ပေ။ ယခုနှစ် ကျင်းပခဲ့သည့် လူမျိုးရေးခွဲခြားမှုပပျောက်ရေး နိုင်ငံတကာအထိမ်းအမှတ်ညီလာခံတွင် ကုလအတွင်းရေးမှူးချုပ် ဂူတာရက်စ်က “ လူမျိုးရေးဝါဒသည် ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးတန်ဖိုးအမြင်၏ ‘မှောင်မိုက် သောအင်အားစု’ ဖြစ်ကြောင်း သတိပေးခဲ့သည်။

ဒီမိုကရေစီအားကောင်းလှသည့် အမေရိကန်လိုနိုင်ငံမျိုးတွင် ယခုဖြစ်ရပ်တွေ ထိန်းသိမ်းလို့ မရနိုင်အောင် ဖြစ်နေသည်က ထူးခြားလှသည်။ အမှန်အားဖြင့် လူဖြူလူမည်းပြဿနာမှာ  အမေရိကန်တွင်  သမိုင်းစဉ်ဆက်ဖြစ်နေခဲ့သည့် ပြဿနာကြီးဖြစ်ပြီး အမေရိကန်သမ္မတအဆက်ဆက် အမြစ်တွယ်နေသည့် လူမျိုးရေးခွဲခြားမှုပြဿနာ ကို ရင်ဆိုင်ခဲ့ရခြည်းဘဲဖြစ်သည်။  အမေရိကန်တွင် လူမျိုးရေးခွဲခြားမှုမှာ အဓမ္မခိုင်းစေမှုနဲ့တွဲနေပြီး အဓမ္မခိုင်းစေမှု မှာ ကျွန်ရောင်းဝယ်ရေးနှင့် ဆက်စက်နေခဲ့သဖြင့် စင်စစ်အားဖြင့်  လူမျိုးရေးခွဲခြားမှုမှာ အမေရိကန်သမိုင်းစတင်ခဲ့ကတည်းကဟု ပြောရမည် ဖြစ်သည်။ ကျွန်ရောင်းဝယ်ရေးမှာ နိုင်ငံသက်တမ်းနှစ်ပေါင်း ၂၄၆ နှစ်သက်တမ်းရှိသည့် အမေရိကန်သမိုင်းတွင် နှစ်ပေါင်း၈၀ ခန့် (သုံးပုံတစ်ပုံ) တရားဝင်ရှိခဲ့သည်။ ထို့ကြောင့် အခိုင်အမာရှိခဲ့သည့် ကျွန် ရောင်းဝယ်ရေးကနေ ဆင်းသက်လာသည့်  အသားအရောင်ခွဲခြားမှုမှာ ယခုထက်ထိတိုင် အမေရိကန်ပြည်ထောင်စုတွင် အားကောင်းနေသည်မှာ ထူးဆန်းသည့်ကိစ္စမဟုတ်ဘဲ ထိုကိစ္စကို ချုပ်ငြိမ်းဖို့ရာ လူတစ်ဦးတစ်ယောက်ချင်း လွတ်လွပ်ခွင့်ကို အလေးပေးသည့်  အမေရိကန်ဒီမိုကရေစီစနစ်တွင် မလွယ်လှချေ။

ထိုအခြေအနေတွေကြောင့် အမေရိကန်သမ္မတဘိုင်ဒန်က ဩဂုတ် ၂၀ ရက် ထုတ်ပြန်ချက်တွင် ကျေးကျွန်စနစ်မှာ  “အမေရိကန်၏ မူလအပြစ်”ဖြစ်ကြောင်းပြောခဲ့တာဖြစ်သည်။ ကျေးကျွန်စနစ်ကို ဖျက်သိမ်းလို့ အမေရိကတိုက်တစ်ခွင် သန်းနှင့်ချီသော ကျေးကျွန်များ လွတ်မြောက်ခဲ့သော်လည်း ယင်းမှတစ်ဆင့် လူမျိုးရေးဝါဒနှင့် ခွဲခြားဆက်ဆံမှုပုံစံများ အပါအဝင် အနုတ်လက္ခဏာ သက်ရောက်မှုက ယနေ့တိုင် အမေရိကန်ပြည်ထောင်စုမှာ  ဆိုးဝါးစွာဆက်လက်တည်ရှိနေဆဲဖြစ်သည်။

လူမျိုးရေးခွဲခြားမှုကြောင့် အမေရိကန်လူ့အသိုင်းအဝိုင်း အကြား ရင်နင့်ဖွယ်အဖြစ်အပျက်များမှာ ကြိမ်ဖန်များစွာ ဖြစ်ပေါ်ခဲ့ရပြီး ဖြစ်သည်။ လူမျိုးရေးခွဲခြားမှုများသည် အမေရိကန် ပြည်သူလူထု အကြား ဝမ်းနည်းစရာ အဖြစ်အပျက်များ ဖြစ်လာ စေခဲ့သည်။ အထူးသဖြင့် အာဖရိကန်-အမေရိကန် လူမျိုးများ အပေါ်ရဲတပ်ဖွဲ့၏ ရက်စက်စွာနှိပ်စက်မှုများက အဆုံးသတ်မည့် လက္ခဏာမရှိပေ။ထို့အတူ အမေရိကန်တွင် အသားအရောင်ရှိသူများ အပေါ် အကြမ်းဖက်မှုကလည်း လျော့ကျဖွယ်မရှိပေ။

လတ်တလောနှစ်များအတွင်း ကျန်းမာရေးကပ်ဘေးဖြစ်သည့် ကိုဗစ်ကြောင့် ကျပ်တည်းမှုနှင့် အလုပ်လက်မဲ့ဖြစ်မှုတိုးပွားလာချိန်မှာ အမေရိကန်တစ်ဝန်း အသားအရောင်ရှိသူများပေါ် ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်မှုမှာတိုးပွားလာခဲ့သည်။ စာရင်းအင်းတွေအရ ၂၀၂၀ ပြည့်နှစ်ကတည်းက အမေရိကန် ရဲတပ်ဖွဲ့ဟာ တရား ဥပဒေစိုးမိုးမှုအရဆိုပြီးလူပေါင်း ၂,၅၆၃ ဦးကို သတ်ဖြတ်ခဲ့ရာတွင် ၂၂ ရာခိုင်နှုန်းဖြစ်သည့် ၅၆၅ ဦးမှာ လူမည်း များဖြစ်သည်။ ယခုနှစ်စတွင် အမေရိကန်ရဲတပ်ဖွဲ့က လူမည်းစုစုပေါင်း ၄၉ ဦး ကို ထိုခေါင်းစဉ်ဖြင့် ပစ်သတ်ခဲ့ပြီး ဖြစ်သည်။

အမေရိကန်နိုင်ငံဟာ ၁၉၆၆ခုနှစ်မှာ လူမျိုးရေးခွဲခြားမှုပုံစံအားလုံး ပပျောက်ရေး နိုင်ငံတကာကွန်ဗင်းရှင်း (“ICERD” သို့မဟုတ် “ကွန်ဗင်းရှင်း”) ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ထိုအချိန်က သမ္မတလင်ဒန်ဂျွန်ဆင်၏ အစိုးရအဖွဲ့က “အားလုံးအတွက် တန်းတူညီမျှမှုရှိသော ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အမွေအနှစ်အဖြစ် အမြဲတမ်းတိုင်းတာနိုင်မှာ မဟုတ်ဘူး”လို့ ပြောခဲ့ပြီး လိုက်နာမှုဆီသို့ “ချီတက်နေသာခြင်းဖြစ်တယ်”လို့ ပြောခဲ့ပါတယ်။ ဆိုသည်က လူမျိုးရေးခွဲခြားမှုကို အမေရိကန်လို ဒီမိုကနေစီနိုင်ငံကြီးတွင်ပင် မပြည့်စုံသေးဘဲ ပြည့်စုံအောင် လျှောက်လှမ်းနေရဆဲ ဖြစ်သည်ဟု‌ ဆိုလိုခြင်းဖြစ်သည်။  

ထို့ကြောင့် အမေရိကန်တွင် စနစ်တကျခွဲခြားဆက်ဆံမှုများရှိနေကြောင်း လက်တင်အမေရိကန်များနှင့် အာဖရိကန်-အမေရိကန်များ၏ ပြောဆိုချက်မှာ အမြဲတမ်း မှားလှသည်တော့မဟုတ်ပေ။

 

လင်းသစ်အောင်