【 နိုင်ငံတကာဆောင်းပါး 】“ အတိုက်အခံခေါင်းဆောင်ကောင်းမဲ့နေသော အိန္ဒိယ”

【 နိုင်ငံတကာဆောင်းပါး 】“ အတိုက်အခံခေါင်းဆောင်ကောင်းမဲ့နေသော အိန္ဒိယ”

သတင်းဆိုးမှာ အိန္ဒိယအတိုက်အခံအင်အားစုကို ကိုယ်စားပြုမည့် ခေါင်းဆောင်ကင်းမဲ့နေခြင်းဖြစ်ပြီး သတင်းကောင်းမှာ ထိုခေါင်းဆောင်ကို ရွေးချယ်ရန် အချိန် ၂ နှစ် ရသေးခြင်းဖြစ်သည်။

မကြာသေးမီက ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲများကျင်းပခဲ့သည့် ဂိုအာ၊ မဏိပူ၊ ပန်ဂျပ်၊ ဥတာပရာဒက်ရှ်နှင့် ဥတာရက်ဟန်းစသည့် ပြည်နယ် ၅ ခုသည် အိန္ဒိယ အတိုက်အခံတို့အတွက် စည်းကမ်းချက်များကို ဖွင့်ဆိုမည် ဖြစ်သည်။

ဗဟိုအစိုးရတွင်အာဏာရထားသော ဘာရာတီယာ ဂျနတာ ပါတီ (BJP) သည် ထိုပြည်နယ်များအနက် ၄ ခုတွင် အနိုင်ရပြီး အတိုက်အခံတို့အတွက် အခြေအနေကို ပိုမိုရှုပ်ထွေးစေသော်လည်း အရေးပါသော ပြည်နယ် ဖြစ်သည့် ပန်ဂျပ်ပြည်နယ်ရှိနေသည်။

လယ်ယာမြေဥပဒေဆန့်ကျင်ရေးလှုပ်ရှားမှုအားကောင်းသော ပြည်နယ်ဖြစ်သည့် ပန်ဂျပ်ပြည်သည် BJP နှင့် ပြတ်ပြတ်သားသားလမ်းခွဲသော်လည်း အကျပ်အတည်းကျနေသည့် ဗဟိုအဆင့်အတိုက်အခံပါတီဖြစ်သော အိန္ဒိယ အမျိုးသားကွန်ဂရက်ကို ထောက်ခံသည်မဟုတ်ပေ။

ကွန်ဂရက်ပါတီသည် ပြည်နယ်တွင် လက်ရှိအာဏာရ အစိုးရဖြစ်သော်လည်း ပန်ဂျပ်မှ မဲဆန္ဒရှင်များသည် နယူးဒေလီပြင်ပတွင် အခြေစိုက်သည့် ဒေသခံ အမ် အက်မီပါတီ (AAP) ကို အများစုမဲပေးကြသည်။

အပြန်အလှန်အားဖြင့် ထိုရလဒ်သည် ၂၀၂၄ ခုနှင့် ရွေးကောက်ပွဲများမတိုင်မီ အမျိုးသားအဆင့် အတိုက်အခံ ခေါင်းဆောင် ရွေးချယ်ပွဲတွင် ပိုမိုအကြိတ်အနယ်ဖြစ်စေသည်။

ကနဦးတွင် ကွန်ဂရက်ပါတီသည် ၂၀၂၄ ခုနှစ်ရွေးကောက်ပွဲတွင် BJP ကို အသာစီးရမည်ဟု မျှော်လင့်ခဲ့သော်လည်း မကြာသေးမီက ပြည်နယ်ရွေးကောက်ပွဲများအရ ကွန်ဂရက်သည် ထိုသို့ လုပ်နိုင်စွမ်း မရှိသေးကြောင်း သက်သေပြနေသည်။

ပရီယန်ကာ ဂန္ဒီကို အိန္ဒိယ၏ အကြီးမားဆုံး ပြည်နယ်ဖြစ်သည့် ဥတာပရာဒက်ရှ်ပြည်နယ် မဲဆွယ်ပွဲများတွင် တာဝန်ခံအဖြစ်ထားကာ လူထုစုဝေးပွဲ ၂၀၀ ကျော်ပြုလုပ်ပြီး အမျိုးသမီးများ အခွင့်အရေးရရှိရေးကို အဓိက ဦးစာပေးသည်။ သို့သော်  ထိုပြည်နယ်တွင် သူမသည် ကိုယ်စားလှယ်နေရာ ၂ နေရာသာရပြီး ၂၀၁၇ ခုနှစ် ကထက်ပင် ၅ နေရာလျှော့နည်းနေသေးသည်။

ထိုသို့ဆိုးရွားသည့်အခြေအနေမှာ အများအားဖြင့် ထုံးစံပင်ဖြစ်သည်။

ကွန်ဂရက်ပါတီသည် ဥတာရက်ဟန်းပြည်နယ်တွင်လည်း ရှုံးနိမ့်ပြီး ယခုနှစ်ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် ရာထူးအတွက် လူကြိုက်အများဆုံး ကွန်ဂရက်ပါတီ ပြည်နယ်ဝန်ကြီးချုပ်သည်လည်း ရွေးကောက်ပွဲတွင် ရှုံးနိမ့်သည်။

၂၀၁၇ ခုနှစ်က နေရာ ၂၇ နေရာ အနိုင်ရသည့် မဏိပူပြည်နယ်တွင် ကွန်ဂရက်ပါတီသည် ယခုအခါ ကိုယ်စားလှယ်နေရာ ၅ နေရာသာ အနိုင်ရပြီး ဂိုအာပြည်နယ်တွင် ကိုယ်စားလှယ်နေရာ ၁၇ နေရာ ရထားရာမှ ယခုအခါ ၁၁ နေရာသာအနိုင်ရတော့သည်။ ကွန်ဂရက်ပါတီနှင့် ၎င်း၏ ခေါင်းဆောင်များသည် အမျိုးသား အတိုက်အခံကို ယုံကြည်နိုင်လောက်အောင်ဦးဆောင်ရန် မစွမ်းဆောင်နိုင်ကြပေ။

သို့သော် ၎င်းတို့၏ နေရာတွင် မည်သူဦးဆောင်နိုင်မည်ကို ရှင်းရှင်းလင်းလင်း မသိရဘဲဖြစ်နေသည်။

ဒေသခံပါတီအများအပြားသည် အတိုက်အခံများကို အမျိုးသားအဆင့်တွင် ဦးဆောင်ရန် စိတ်ဝင်စားကြောင်း အထင်အရှားတွေ့ရသော်လည်း ကံမကောင်းအကြောင်းမလှစွာပင် ဒေသဆိုင်ရာပါတီများသည် ၎င်းတို့၏ သဘောသဘာဝအရပင် ၎င်းတို့ပြည်နယ် ပြင်ပတွင် မဲဆန္ဒနယ် များများစားစား မရှိကြပေ။

သို့သော် ၎င်းတို့သည် အောင်မြင်မှုအဆင့်အမျိုးမျိုးဖြင့် ချဲ့ထွင်ရန် ကြိုးစားနေကြသည်။

မတ္တမ ဘန်နာဂျီနှင့် အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ထရင်နာမူး ကွန်ဂရက် (AITC) တို့သည် ၂၀၂၁ ခုနှစ်က အားလုံး အနီးကပ်စောင့်ကြည့်ရသည့် ပြည်နယ်ရွေးကောက်ပွဲများတွင် BJP အပေါ် အကြီးအကျယ် အောင်ပွဲခံပြီးနောက် ဘန်နာဂျီသည် အမျိုးသားအဆင့် အိန္ဒိယ အတိုက်အခံ ခေါင်းဆောင်သစ် ဖြစ်လာသည် ဆိုသည့် ပြောဆိုမှုများ ရှိခဲ့သည်။

ဘန်နာဂျီသည် ဝန်ကြီးချုပ် နာရန်ဒရာမိုဒီနှင့် BJP ၏ ထိန်းချုပ်ရန်ခက်ခဲသော ရွေးကောက်ပွဲစနစ်ကို အနိုင်ယူရန် မည်သည်တို့လိုအပ်မည်ကို သိကြောင်း AITC ပါလီမန်အမတ် မဟွာမိုက်ထရာက နယူးယောက်တိုင်မ်း အတွေး အမြင်ကဏ္ဍတွင် ရေးသားလိုက်သောအခါ ထိုကိစ္စသည် နိုင်ငံတကာ သတင်းလောကသို့ပင် ပျံ့နှံ့သွားသည်။

AITC သည် ဂိုအာရွေးကောက်ပွဲနှင့်ပတ်သက်ပြီး သြဇာကြီးမားသည်။ ဘန်နာဂျီသည် ၂၀၂၁ ခုနှစ် အောက်တိုဘာလက ပါတီသို့ ဝင်ရောက်ပြီးဖြစ်သော လက်ရှိ ကိုယ်စားလှယ်များကို တွေ့ဆုံရန်နှင့် ယခင်ကွန်ဂရက် ပြည်နယ်ဝန်ကြီးချုပ်တစ်ဦးသည် ဘက်ပြောင်းသွားသည်ဆိုသည့်အချက်ကို ကိုယ်ရည်သွေးရန်  သွားရောက်သည်။

အထက်ဖေါ်ပြပါ အတွေးအမြင်ဆောင်းပါးရေးသားသူကို ထိုပြည်နယ်မဲဆွယ်ပွဲတွင် တာဝန်ခံအဖြစ်ခန့်ပြီး ရလဒ် မှာ လွှတ်တော်ကိုယ်စားလှယ်နေရာတိုင်းတွင် ရှုံးနိမ့်သွားကာ ၎င်းတို့၏ မဟာမိတ်များသည်လည်း ၂ နေရာသာ အနိုင်ရသည်။

သင့်တင့်လျှောက်ပတ်သော အခန်းကဏ္ဍမှ ပါဝင်နိုင်သည့် တစ်ခုတည်းသော ဒေသဆိုင်ရာ ပါတီမှာ AAP ဖြစ်သည်။

တစ်နိုင်ငံလုံးတွင် ခေါင်းဆောင်မှု ယူလိုသော ဒေသဆိုင်ရာပါတီအားလုံးအနက် မည်သူမျှ ပြည်နယ်ပြင်ပတွင် ခြေကုပ်မယူနိုင်သောကြောင့် ပန်ဂျပ်ပြည်နယ်တွင် အောင်မြင်သော မဲဆွယ်ပွဲနှင့် အောင်ပွဲသည် အရေးပါသည်။

ဂိုအာတွင် ဘန်နာဂျီ ကျဆုံးခြင်းသည်လည်း ထုံးစံပင်ဖြစ်သည်။ မဟာသျှတရပြည်နယ်မှ ရှစ်ဗ် စီနာက ၂၀၂၀ ခုနှစ်တွင် ဘီဟာပြည်နယ်အတွင်း တိုးချဲ့ရန် ကြိုးစားသောအခါ ထိုပါတီသည် စာရင်းမဝင်သော ပါတီများထက်ပင် ပိုမိုလျှော့နည်းသည့် မဲအရေအတွက်သာရသည်။

သို့သော် AAP ခေါင်းဆောင် ဒေလီဝန်ကြီးချုပ် အာဗင် ကီဂျရီဝယ်သည် ထိုလမ်းကြောင်းကို ဆန့်ကျင်ပြီး BJP ဆန့်ကျင်သည့် မဲဆန္ဒရှင်များအတွက် ပိုမိုယုံကြည်အားထားရသော ကိုယ်စားလှယ်လောင်းအဖြစ် နေရာယူ နိုင်ခဲ့သည်။

ထို့အပြင် ဂိုအာတွင် မဲဆွယ်မှုများစွာနည်းသော်လည်း AAP သည် ကိုယ်စားလှယ်နေရာ ၂ နေရာ အနိုင်ရပြီး ATIC သည် တစ်နေရာမျှမရပေ။

သို့သော် ကီဂျရီဝယ်လ် ( သို့မဟုတ် နိုင်ငံလုံးဆိုင်ရာ အတိုက်အခံဖြစ်လိုသော မည်သည့် ခေါင်းဆောင်လောင်း မဆို) ၏ ပြဿနာမှာ ထိုဒေသဆိုင်ရာခေါင်းဆောင်အားလုံးသည် ၎င်းတို့ကိုယ် ၎င်းတို့ အိန္ဒိယ၏ အနာဂတ် ဝန်ကြီးချုပ်အဖြစ် စိတ်ကူးယဉ်နေခြင်းဖြစ်သည်။

ထို့ကြောင့် ကူညီပံ့ပိုးသော အခန်းကဏ္ဍမှ ပါဝင်ရန် စိတ်ဝင်စားခြင်း မရှိကြပေ။

လွန်ခဲ့သောနှစ်အနည်းငယ်က မဟာသျှတရတွင် ရွေးကောက်ပွဲ ပြီးနောက် အမျိုးသားရေးကွန်ဂရက်ပါတီ (NCP) ခေါင်းဆောင် ရှာရက် ပဝါသည် သူ၏ပါတီ၊ ရှစ်ဗ်စီနာ၊ နှင့် ကနဦးတွင် မတည်ငြိမ်သော်လည်း ၅ နှစ်သက်တမ်း ပြည့် တာဝန်ထမ်းဆောင်ရဖွယ်ရှိသည့် ကွန်ဂရက်အကြား BJP ဆန့်ကျင်ရေး မဟာမိတ်ဖွဲ့နိုင်ခဲ့သည်။

သူသည် လက်ရှိပြည်နယ်ဝန်ကြီးချုပ်ဖြစ်သောကြောင့် ထိုအစိုးရတွင် မပါဝင်သော်လည်း အရေးပါသည့် ဆုံးဖြတ်ချက်များအတွက် သူ့ကို တိုင်ပင်ဆွေးနွေးရသည်။ သူသည် ပြည်နယ်ဝန်ကြီးချုပ်ရာထူးကို စွန့်လွတ်ရန် တစ်ဦးချင်း အရ စိတ်အားထက်သန်သလို ထိုရာထူးကို သူ၏ ပါတီကို ပေးအပ်ရမည်ဟုလည်း တောင်းဆိုခြင်း မရှိပေ။

ထိုကဲ့သို့သော နိုင်ငံရေးသမား များများစားစားမရှိပေ။ ခေါင်းဆောင်မှု အားထုတ်မှုကို ပိုမိုရှုပ်ထွေးစေသည်မှာ အားလုံးသိနေသော်လည်း ခေါင်းရှောင်နေသည့် ပြဿနာဖြစ်သည်။ ကွန်ဂရက်ပါတီသည် နိုင်ငံလုံးဆိုင်ရာ ရွေးကောက် ပွဲတွင် အနိုင်ရရန် မဖြစ်နိုင်သော်လည်း BJP မဟုတ်သည့် မဟာမိတ်များ ရွေးကောက်ပွဲ ကျယ်ကျယ်ပြန့်ပြန့်နိုင်ရေးအတွက် လိုအပ်သည့် အမာခံမဲဆန္ဒရှင် အုပ်စုတစ်ခု ၎င်းတို့တွင် ရှိနေသည်။

ကွန်ဂရက်ပါတီသည် အရေးပါမှုနည်းသည့် အခန်းမှ ပါဝင်ရန် အချိန်ကျပြီဟု ယူဆသူအချို့ ကွန်ဂရက်ပါတီတွင် ရှိနေသည်။ ကွန်ဂရက်ပါတီ၏ ဘဏ္ဍာရေး ဝန်ကြီးဟောင်းနှင့် ပါတီ အမာခံ ပီ ချီဒမ်ဘာရမ်က ကွန်ဂရက် ပါတီသည် AAP သို့မဟုတ် AITC နှင့် မဟာမိတ်ဖွဲ့ရာတွင် အရေးပါမှုနည်းသည့် အခန်းမှသာ ပါဝင်သင့်ကြောင်း ပြောသည်။

ကွန်ဂရက်ပါတီသည် လက်ရှိအချိန်တွင် မဟာသျှတရ ပြည်နယ်တွင် ရှစ်ဗ်စီနာနှင့် အလားတူအနေအထား ယူထားရသောကြောင့် သူပြောသောအချက်သည် မှန်ကန်သည်။ သို့သော် ထိုအမြင်ကို ပါတီ သစ္စာခံများ လက်ခံအောင်လုပ်ရန် ခက်ခဲသည်။

ခေါင်းဆောင်မှုပြဿနာသည် ပိုမိုကြီးမားသော ပြဿနာ၏ တစိတ်တပိုင်းသာဖြစ်သည်။

အိန္ဒိယ အတိုက်အခံသည် ၎င်းတို့မည်သည်အတွက် ရပ်တည်နေသည်ကို ၎င်းတို့ကိုယ်တိုင်မသိပေ။ မိုဒီနှင့် BJP အာဏာရပြီး ဆယ်စုနှစ်တစ်ခုနီးပါး ကြာလာသည့်တိုင် အတိုက်အခံသည် မိုဒီကိုမနှစ်မြို့ဖြင့်သာ ဆက်လက် ညီညွတ်နေခြင်းဖြစ်သည်။

မည်သို့ဆိုစေကာမူ ၎င်းတို့သဘောတူနိုင်သည့် အချက်တစ်ခုရှိသည်။ ဥပမာဆိုရပါက ရှစ်ဗ်စီနာ၊ AITC, AAP နှင့် ကွန်ဂရက်တို့အားလုံးသည် အစိုးရက မကြာသေးမီက ထုတ်ပြန်သည့် လယ်ယာမြေဥပဒေများကို ဆန့်ကျင်ကြ သည်။

ရေတိုတွင် ထိုနယ်ပယ်များသည် ကွန်ဂရက်ကဲ့သို့သော ဘာသာရေးနှင့် မဆိုင်သော ပါတီများနှင့် ဟိန္ဒူလိုလား သော ရှစ်ဗ် စီနာကဲ့သို့သာ ပါတီများအကြား သဘောတရားရေးရာ ကွဲလွဲမှုကို ဖုံးကွယ်ထားပေးနိုင်သည်။

ရေရှည်တွင် ထိုပါတီများအကြား အမျိုးသားမဟာမိတ်ဖွဲ့ရေးမှာမူ တစ်မျိုးတစ်မည်ဖြစ်နိုင်သည်။

ထို့အပြင် အတိုက်အခံ ညွှန့်ပေါင်းအဖွဲ့တစ်ခုက ကိုင်တွယ်ရသော ပိုမိုကြိးမားသည့် ပြဿနာများအပေါ်တွင် အဖွဲ့ဝင်များသည် အပြင်းအထန် သဘောထားကွဲလွဲနိုင်သည်။

ဥပမာအားဖြင့်ဆိုပါက ပုဒ်မ ၃၇၀ ကို ပြန်လည်ရုပ်သိမ်းရေးတွင် AITC နှင့် ကွန်ဂရက်ပါတီက မိုဒီအစိုးရ၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ကြသော်လည်း ရှစ်ဗ်စီနာနှင့် AAP တို့က ထိုကိစ္စကို ထောက်ခံကြသည်။

အောင်မြင်သော အတိုက်အခံညွှန့်ပေါင်းတစ်ခုတွင် အထက်ဖေါ်ပြပါ ပါတီ ၄ ခုလုံးကို လိုအပ်သော်လည်း သဘောထားကွဲလွဲသည့် ပြဿနာများကို မည်သို့ကိုင်တွယ်မည်ကို ရှင်းရှင်းလင်းလင်းမသိရပေ။

သတင်းကောင်းတစ်ခုမှာ အတိုက်အခံများသည် မည်သို့ဆက်လုပ်လုပ်ကိုင်ရမည်ကို စဉ်းစားရန် အချိန် ၂ နှစ် ရှိနေ ပြီး ရွေးကောက်ပွဲမတိုင်မီ ၎င်းတို့၏ ကိစ္စများကို စနစ်တကျကိုင်တွယ်နိုင်သည့် အဖွဲ့ပေါင်းစုံပါသော အောင်မြင်သည့် နိုင်ငံရေး မဟာမိတ်များလည်း အိန္ဒိယတွင် ရှိဖူးသည်။

၁၉၇၇ ခုနှစ်တွင် အင်ဒီယာဂန္ဒီသည် အရေးပေါ်အခြေအနေ ကြေညာပြီးနောက် ရွေးကောက်ပွဲခေါ်ယူသောအခါ မိုရာဂျီ ဒီဆိုင်း၊ အက်တယ် ဘီဟာရီ ဗက်ဂျ်ပေယီး၊ ချာရန် ဆင်းနှင့် ဂျယာပရာကက်ရှိ နာယာရန်း စသည့် ခေါင်းဆောင်များသည် ဂျနတာပါတီ အမည်ရှိ လျှော့ရဲသော မဟာမိတ်အဖွဲ့တစ်ခုကို ဖွဲ့နိုင်ခဲ့သည်။ ၎င်းတို့သည် အင်ဒီယာကို ထွက်သွားစေလိုပြီး ထိုထက်မကလည်း အနည်းငယ် ပိုမိုရည်မှန်းထားကြသည်။

ထို့ကြောင့် မဟာမိတ်အတွင်း တိုက်ခိုက်မှုများနှင့် ၎င်းတို့အားလုံးအတွက် ဘုံရန်သူ အပြင် အစီအစဉ်မချမှတ်နိုင်သောကြောင့် ဂျနတာမဟာမိတ်အဖွဲ့သည် အလျင်အမြန် ပြိုကွဲသည်။

နောင် ၃ နှစ်အကြာ ၁၉၈၀ ခုနှစ်ရွေးကောက်ပွဲတွင် အင်ဒီယာသည် မြင်းပြိုင်ကွင်းလမ်းသို့ ပြန်ရောက်လာသည်။ ယနေ့ခေါင်းဆောင်များသည် ထိုသင်ခန်းစာ၏ ပထမပိုင်းကို လေ့လာကောင်း လေ့လာနိုင်သည်။ သို့သော် ဒုတိယ ပိုင်းကို ရွေးချယ်ရန်အတွက်မူ ၎င်းတို့အတွက် ခက်ခဲနေမည်ဖြစ်သည်။

Linko

Ref: Thediplomat:India’s Leaderless Opposition