【 နိုင်ငံတကာဆောင်းပါး 】“ အိန္ဒိယ-တရုတ် နယ်စပ်အကျပ်အတည်း အဖြေ ”

【 နိုင်ငံတကာဆောင်းပါး 】“ အိန္ဒိယ-တရုတ် နယ်စပ်အကျပ်အတည်း အဖြေ ”

နောက်ဆုံးကျင်းပသည့် အိန္ဒိယနှင့် နယ်စပ်ညှိနှိုင်းမှုများ အကျပ်အတည်းတစ်ခုတွင် အဆုံးသတ်သွားပြီး မကြာမီ လုံခြုံရေးနှင့်ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ မြင့်မားနေချိန်တွင် တရုတ်နိုင်ငံသည် ၎င်း၏ကုန်းမြေ နယ် စပ်ဒေသများကို ကာကွယ်အသုံးချသည့် ဥပဒေသစ်တစ်ခုကို စနေနေ့က ပြဋ္ဌာန်းလိုက်သည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်သက်ဝင်မည့် ထိုဥပဒေက “ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၏  အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုသည် မြင့်မြတ်ပြီး ချိုးဖေါက်မရပေ” ဟု ပြဋ္ဌာန်းထားကြောင်း ဆင်ဟွာသတင်းဌာနက ဖေါ်ပြသည်။ “နိုင်ငံတော်သည် နယ်မြေတည်တံ့ခိုင်မြဲရေးကို ကာကွယ်စောင့်ရှောက်ရန် အစီအမံများချမှတ်ရမည်ဖြစ်ပြီး နယ်မြေအချုပ်အခြာအာဏာပိုင်မှုနှင့် ကုန်းနယ်နိမိတ်များကို ထိခိုက်စေသော မည်သည့် လုပ်ရပ်ကိုမဆို ကာကွယ်တိုက်ဖျက်ရမည်” ဟုလည်း ဖေါ်ပြထားသည်။

အငြင်းပွားနေသော ဟိမဝန္တာနယ်စပ်အကျပ်အတည်းကို ဖြေရှင်းရန် ယခုလအစောပိုင်းက အိန္ဒိယနှင့် တရုတ်တပ်မှူးများအကြား ဆွေးနွေးပွဲများသည် အကျပ်အတည်းဖြင့် အဆုံးသတ်သွားခဲ့သည်။ အပူချိန် ထိန်းချုပ်ထားသည့် အခန်းတွင်းမှ သံတမန်များ၏ ဆွေးနွေးမှုများသည် ဟိမဝန္တာတွင် ရင်ဆိုင်ထားသည့် တပ်ထောင်ပေါင်းများစွာနှင့် ပတ်သက်ပြီး မည်သို့လုပ်ရမည်ကို ဆုံးဖြတ်နိုင်ခြင်းမရှိပေ။

ထုံးစံအတိုင်း နှစ်ဘက်လုံးမှ ထုတ်ပြန်သော ကြေညာချက်များသည် လုံး၀ အချိုးညီသည်။ နှစ်ဘက်လုံးက အခြားတစ်ဖက်သည် မဖြစ်နိုင်သော တောင်းဆိုမှုများ ပြုလုပ်သည်ဟု ပြောသည်။ ၂၀၂၀ ခုနှစ်ဇွန်လက ဖြစ်ပွားခဲ့သော လူအသေအပျောက်များသည့် ဂယ်ဝန်တောင်ကြား ပဋိပက္ခတွင်လည်း နှစ်ဘက်လုံးက ထိုအတိုင်းသာ ထုတ်ပြန်ကြေညာကြသည်။ ထိုစဉ်က နှစ်ပေါင်း ၄၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် နှစ်ဘက်လုံးတွင် အသေအပျောက်ရှိကြသည်။ အိန္ဒိယက အရာရာသည် တရုတ်၏အမှားများဖြစ်ကြောင်း ပြောသည်။ တရုတ်ကလည်း အရာရာသည် အိန္ဒိယ၏ အမှားများဖြစ်ကြောင်းပြောသည်။ မည်သည့်ဘက်က ပြောဆိုချက်ကိုမျှ သီးခြားအတည်ပြု နိုင်ခြင်းမရှိပေ။ ယုံကြည်ချင်သည့် ဘက်ကို ယုံကြည်နိုင်သည်။

 

စကားများသာဖြစ်ပြီး လက်တွေ့မပါ

 

တရုတ်-အိန္ဒိယနယ်စပ်နှင့်ပတ်သက်သော ပထမဆုံး အလေးအနက် ဆွေးနွေးပွဲများကို ၁၉၆၀ ခုနှစ်တွင် စတင်ပြီး ကွယ်လွန်သူ တရုတ်ဝန်ကြီးချုပ် ချုအင်လိုင်းက အိန္ဒိယသို့ သွားရောက်လည်ပတ်သည်။ ထိုစဉ်က နှစ်နိုင်ငံတို့သည် ကမ္ဘာ့ရှေးအကျဆုံး လူ့ယဉ်ကျေးမှုအဖွဲ့အစည်းများဖြစ်သော်လည်း ကိုလိုနီ နိုင်ငံဟောင်းများအဖြစ် တစ်နိုင်ငံနှင့်တစ်နိုင်ငံမြင်ကြသည်။ လေသံမှာ နယ်ချဲ့ဆန့်ကျင်ရေး သွေးစည်းညီညွတ်မှုများစွာပါသည်။ ထိုစဉ်က နှစ်နိုင်ငံတို့သည် ရာစုနှစ်များစွာကြာသော နယ်ချဲ့စနစ်အောက်မှ လွတ်မြောက်ကာစ အချုပ် အခြာအာဏာပိုင် နိုင်ငံများဖြစ်သည်။ ထိုစဉ်က အိန္ဒိယမှ ကြွေးကြော်သံမှာ အိန္ဒိယနှင့် တရုတ်တို့သည် ညီအကိုများဖြစ်သည်ဟု ဖြစ်သည်။

သို့သော်နောင်တွင် ထိုသို့မဟုတ်တော့ပေ။ ၁၉၆၂ ခုနှစ်တွင် ညီအကိုနှစ်ယောက် စစ်တိုက်ကြပြီး တိုတောင်းသော တိုက်ပွဲများ ၁၉၆၇ ခုနှစ်တွင် ဖြစ်ပွားပြီး ၁၉၈၇ တွင်လည်း အကျပ်အတည်း ကျရောက်သည်။ ၁၉၆၂ စစ်ပွဲသည် ကျူးဘားဒုံးကျည်အရေးအခင်းနှင့် တိုက်ဆိုင်နေသောကြောင့် နိုင်ငံတကာအာရုံစိုက်မှုမရသလောက်ပင်ဖြစ်သည်။ နှစ်နိုင်ငံဆက်ဆံရေးသည် နှစ်ပေါင်းများစွာ အေးစက်သွားပြီး ၁၉၇၉ ခုနှစ်ရောက်မှ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ကြသည်။

 

ဗျူရိုကရေစီဆန်သော ဆွေးနွေးမှုများ

 

သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်သည်နှင့်တပြိုင်နက် နှစ်ဘက်စလုံးမှ အရာရှိများလုပ်ငန်းများ စတင်ကြသည်။ ၎င်းတို့သည် နယ်စပ်ပြဿနာကို မှန်ကန်စွာစတင်ညှိနှိုင်းကြသော်လည်း နိုင်ငံရေး ပိုင်းဖြတ်မှု မပါ သည့် ဆွေးနွေးပွဲအများစုအတိုင်း အောင်မြင်မှုမရသလောက်ပင်ဖြစ်သည်။ တဖက်နှင့် တဖက် ချစ်ခင်စွာဆွေးနွေးသည်မှာ လူမြင်ကောင်းအောင်လုပ်ခြင်း သို့မဟုတ် အရေးမပါသော သံတမန်ရေး ပြိုင်ဆိုင်မှုသာဖြစ်နေသည်။ ၎င်းတို့သည် အပ်ကြောင်းထပ်နေသည့် စကားများကိုပြောရသည်ကို နှစ်သက်ကြသည်။ လုပ်ငန်းအဖွဲ့များ၊ နိုင်ငံရေး အကန့်အသတ်များ၊ လမ်းညွှန်မူဝါဒများ၊ ယုံကြည်မှုတည်ဆောက်ရေး အစီအမံများ၊ ယေဘုယျမူဘောင်များ၊ အထူးကိုယ်စားလှယ်များစသည် စသည်တို့ကို ထူထောင်ကြသည်။

၂၀၂၀ ခုနှစ်တွင်လက်ရှိအကျပ်အတည်းဖြစ်သည်အထိ ၎င်းတို့သည် ၁၉၈၁ မှ ၁၉၈၇ ခုနှစ်အတွင်း အဆင့်မြင့်ဆွေးနွေးပွဲ ၈ ကြိမ်၊ ၁၉၈၈ မှ ၂၀၀၂ ခုနှစ်အတွင်း ပူးတွဲလုပ်ငန်းအဖွဲ့အစည်းဝေး ၁၄ ကြိမ်နှင့် ၂၀၀၃ ခုနှစ် နောက်ပိုင်းတွင် အထူးကိုယ်စားလှယ်များအကြား ဆွေးနွေးပွဲ ၁၇ ကြိမ်ကျင်းပခဲ့သည်။

၂၀၂၀ ခုနှစ် နောက်ပိုင်းပြုုလုပ်သည့် ဆွေးနွေးမှုစာရင်းကိုကြည့်ပါက ပိုမိုအားတက်စရာကောင်းသည်။ သို့သော် ထိုဆွေးနွေးပွဲများသည် နယ်စပ်ပြဿနာတစ်ခုလုံးကို ဖြေရှင်းရန်မဟုတ်ဘဲ လက်ရှိအကျပ်အတည်းနှင့် တပ်များဆုတ်ခွာရေးကို ဆွေးနွေးရန်သာဖြစ်သည်။ ၂၁၂၁ ခု ဇူလိုင်လအထိ ၁၅ လတာ ကာလအတွင်း ခေတ်သစ်သမိုင်းတွင် တရုတ်နှင့်အိန္ဒိယအကြား ဆွေးနွေးမှုအများဆုံးဖြစ်သည်။ တပ်မှူးကြီးအဆင့် ဆွေးနွေးပွဲ ၁၂ ကြိမ်၊ ဗိုလ်ချုပ်အဆင့် ဆွေးနွေးပွဲ ၁၀ ကြိမ်နှင့် ဗိုလ်မှူးချုပ်အဆင့် ဆွေးနွေးပွဲ ၅၅ ကြိမ်လုပ်ပြီး အထူးဖုန်းလိုင်းများအကြိမ် ၁၄၅၀ ပြောဆိုသည်။

နယ်စပ်စည်း မည်သည့်နေရာတွင်ရှိသည်ကို နှစ်ဖက်သဘောမတူနိုင်ဖြစ်နေသောကြောင့် နယ်စပ်ထိပ်တိုက်တွေ့မှုများ ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်သည်။ နှစ်ဖက်တပ်များသည် နယ်နိမိတ်ကိုကာကွယ်သည့် အယူအဆရှိသောကြောင့် ကင်းလှည့်ရင်းအခြားတစ်ဖက်၏ နယ်အတွင်းသို့ ဝင်မိကြသည်။ သို့သော် ထိုသို့သောဖြစ်ရပ်များကို တရုတ်ထက် အိန္ဒိယ မီဒီယာက ပိုမိုအသားပေးဖေါ်ပြနေသည်။

 

 တစ်ဖက်၏နယ်နိမိတ်ကို တစ်ဖက်သိခြင်း

 

နယ်စပ်အငြင်းပွားမှု ပြဿနာတစ်လျှောက်လုံးတွင် မည်သည့်ဖက်ကမျှ အောင်ပွဲရသည်ဟု မဆိုသာပေ။ အိန္ဒိယသည် အငြင်းပွားမှုကို ဖြေရှင်းလိုခြင်းမရှိပေ။ အငြင်းပွားနေသောနယ်မြေများကို ရာနှုန်းပြည့် ရရှိရေးကိုသာ တောင်းဆိုနေခြင်းသည် နိုင်ငံရေးအရ ကိုယ့်ကိုကိုယ်သတ်သေခြင်းဖြစ်သည်။ ထိုနယ်မြေများ၏ ၂၅ ရာခိုင်နှုန်းကို တရုတ်က ထိန်းချုပ်ထားသည်။ အိန္ဒိယသည် နယ်စပ်ပြဿနာ အပြီးတိုင်ဖြေရှင်းခြင်းကို စိတ်မဝင်စားဘဲ ယာယီ အဖြေများကိုသာ စိတ်ဝင်စားပြီး ငြိမ်းချမ်းရေးကို စိတ်ဝင်စားခြင်းမရှိပေ။

သို့သော်တရုတ်ကယခင်က ကမ်းလှမ်းခဲ့သည့် လက်ရှိအခြေအနေအတိုင်း တရားဝင်အတည်ပြုလိုက်ခြင်းသည် လက်တွေ့ကျသော ဖြေရှင်းမှုဖြစ်သည်။ နှစ်နိုင်ငံလုံးသည် နျူကလီးယားပိုင်ဆိုင်နေသော နိုင်ငံများဖြစ်သည်။ တစ်ဖက်က အခြားတစ်ဖက်က ထိန်းချုပ်ထားသောနယ်မြေများကို မီးကုန်ယမ်းကုန်တိုက်ပွဲမဖြစ်ဘဲမရနိုင်ပေ။ ထိုသို့ တိုက်သောအခါတွင်လည်း ရချင်မှရမည်ဖြစ်သည်။

လက်တွေ့အကျဆုံးတည်မြဲမည့်အဖြေမှာ လက်ရှိအခြေအနေအတိုင်း နယ်နိမိတ်သတ်မှတ်ရေးဖြစ်သည်။ တစ်ဖက်စီက ၎င်းတို့ထိန်းချုပ်ထားပြီးသောနယ်မြေကို တရားဝင်ရရှိမည်ဖြစ်သည်။ အိန္ဒိယက ထိုအယူအဆကို တစ်လျှောက်လုံး ငြင်းဆန်ခဲ့ပြီး ယခုအခါ တရုတ်ကလည်း ထိုသို့ကမ်းလှမ်းခြင်းမရှိတော့ပေ။ ဒုတိယအကောင်းဆုံး နည်းလမ်းမှာ ယာယီအဖြေဖြစ်ပြီး နယ်စပ်တိုက်ပွဲများ မဖြစ်ပွားစေရေးအတွက် အငြင်းပွားဒေသများအားလုံးတွင် အမှန်တကယ် ထိန်းချုပ်ဒေသမျဉ်း - Actual Line of Control များသတ်မှတ်ပြီး ဆက်လက်ဆွေးနွေးရန်ဖြစ်သည်။ ထိုကိစ္စကို အိန္ဒိယကကမ်းလှမ်းပြီး တရုတ်ကပယ်ချသည်။ တစ်ဖက်က အခြားတစ်ဖက်ကို အပြစ်တင်နေပြီး ထောင်နှင့်ချီသောတပ်များကို နယ်စပ်တွင်ရင်ဆိုင်ကာ အသင့်ပြင်ထားသည်။ နှစ်နိုင်ငံတို့သည် တစ်ဖက်နှင့် တစ်ဖက်အပ်ကြောင်းထပ်စကားများထက် မကသောအရာများကို ဖလှယ်မည့်နေ့သည် မဝေးတော့ပေ။

 

(မိုင်ထရီယာ ဘာကယ်သည် တရုတ်၊ အိန္ဒိယ၊ အမေရိကန်ပြည်ထောင်စုနှင့် ကမ္ဘာ့ပြဿနာများအကြောင်း ရေးသားသည့် အိန္ဒိယ ဆောင်းပါးရှင်ဖြစ်သည်)

 

Ref: RT: India-China border impasse: What would be a common-sense solution?

 

Linko