【 နိုင်ငံတကာဆောင်းပါး 】 မြန်မာအရေးမှာ ထိုင်းနဲ့ အမေရိကန်ရဲ့ ပူးပေါင်းဆောင်ရွက်မှုအလားအလာ

【 နိုင်ငံတကာဆောင်းပါး 】 မြန်မာအရေးမှာ ထိုင်းနဲ့ အမေရိကန်ရဲ့ ပူးပေါင်းဆောင်ရွက်မှုအလားအလာ

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်သည် အရှေ့တောင်အာရှသို့ ပထမဆုံးခရီးစဉ်ကို အတွင်း ကိုဗစ်-၁၉ ဆိုင်ရာ စိုးရိမ်မှုများနှင့်ပတ်သက်ပြီး အစီအစဉ်များချမှတ်ရန် ထိုင်းမှ တာဝန်ရှိသူများနှင့် တွေ့ ဆုံမည်ဖြစ်သည်။
 
သို့သော် ထိုင်းနိုင်ငံနှင့် ဆွေးနွေးမှုများ ဆိုင်းငံ့ထားခြင်းသည် တိုးတက်မှုများကို ထိခိုက်စေခဲ့သည်။
 
ဘလင်ကန်၏ ခရီးစဉ်အတွင်း အစီအစဉ်များသည် ကျယ်ပြန့်သော်လည်း မြန်မာနိုင်ငံ၏ အကျပ်အတည်းသည် ထိပ်တန်းစာရင်းတွင် ပါဝင်သည်။
 
ထိုင်းနှင့် မြန်မာကြားတွင် မိုင်ပေါင်း ၁၅၀၀ ရှည်သောနယ်စပ်ရှိပြီး မြန်မာအာဏာသိမ်းစစ်အစိုးရနှင့် ထိုင်း၏ နီးကပ်သော ဆက်ဆံရေးကြောင့် မြန်မာနိုင်ငံ၏ အနာဂတ်အရေးအတွက် အာဆီယံနိုင်ငံများကြားတွင် ထိုင်းနိုင်ငံသည် ပို၍ကြီးမားစွာ ပါဝင်ပတ်သက်နေခြင်းဖြစ်သည်။ 
 
မြန်မာနိုင်ငံအရေးဖြေရှင်းရန် မဟာဗျူဟာတစ်ရပ်ကို ကမ္ဘာ့နိုင်ငံများက ဆွေးနွေးလျှက်ရှိသော်လည်း အထူးသဖြင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများနှင့် ပတ်သက်လာလျှင် ထိုင်း၏ လွှမ်းမိုးမှုသည် အကျိုးရလဒ်တစ်ခု ရှိစေနိုင်မည်ဖြစ်သည်။
 
မြန်မာနိုင်ငံတွင်း စစ်အာဏာသိမ်းခြင်းကြောင့် ပျံ့နှံ့လာသော ဒေသတွင်း သက်ရောက်မှုများ
 
ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သော စစ်တပ်အာဏာသိမ်းခြင်းနှင့် တရားမဲ့အခြေအနေသို့ ကျရောက် နေသော တိုင်းပြည်၏ နောက်ဆက်တွဲများကြောင့် ထိုင်းနိုင်ငံသည် နယ်စပ်တစ်လျှောက်တွင် တိုးပွားလာသော ကူးပြောင်းသူများ၊ မူးယစ်ဆေးများ၊ ရောဂါများနှင့် အချုပ်အခြာအာဏာခြိမ်းခြောက်မှုများအထိ ရင်ဆိုင်ဖြေရှင်းနေရသည်။
 
ထိုင်းနိုင်ငံသည် နယ်စပ်တစ်လျှောက် စီးပွားရေးကျဆင်းမှုမှ ထွက်ပြေးလာသူများနှင့် လုံခြုံရေးလိုလားသည့် ဒုက္ခသည်များအတွက် သဘာဝကျသည့် ပန်းတိုင်တစ်ခုဖြစ်လာသည်။
 
မြန်မာနိုင်ငံ၏ အခြေအနေကောင်းမွန်ခဲ့ပြီး ယခုထက် ဂျီဒီပီသည် ၂၀ ရာခိုင်နှုန်းများခဲ့သည့် အချိန်ကပင် ပြောင်းရွှေ့သူများသည် စိုက်ပျိုးရေး၊ ထုတ်လုပ်ရေးနှင့် အခြားဝင်ငွေနည်းအလုပ်များလုပ်ရန် ထိုင်းနိုင်ငံအတွင်းသို့ မပြတ်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
 
ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP က ဒီဇင်ဘာလအစောပိုင်းတွင် ဖော်ပြခဲ့သော အစီရင်ခံစာအရ ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံ၏ လူဦးရေတစ်ဝက်သည် ဆင်းရဲတွင်းသို့ ကျရောက်မည်ဖြစ်ပြီး အိမ်ထောင်စုများ၏ ၃ ရာခိုင်နှုန်းတွင် မိသားစုဝင်တစ်ဦးသည် ပြောင်းရွှေ့ရမည်ဖြစ်သည်ဟု ဖော်ပြထားသည်။လက်ရှိတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းချိန်မှစပြီး အကြမ်းဖက်မှုများကြောင့် ၂၆၈,၀၀၀ ဦးခန့်သည် အိုးအိမ်မဲ့ဖြစ်ခဲ့ရပြီး ဒုက္ခသည်ပေါင်း ၂၂,၀၀၀ ဦးသည် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးခဲ့ပြီးဖြစ်သည်။  
 
နယ်စပ်နယ်မြေများတွင် ဥပဒေမဲ့လုပ်ရပ်များကို မြှင့်တင်နေသော မှုခင်းဆိုင်ရာကွန်ရက်များကြောင့် ထိုင်းနိုင်ငံ တွင် နယ်စပ်မှတစ်ဆင့် မူးယစ်ဆေးဝင်ရောက်မှုများ မြင့်တက်လာနေသည်။ထိုကွန်ရက်များမှတစ်ဆင့် ထိုင်း၊ မလေးရှား၊ ကမ္ဘောဒီးယားနှင့် အခြားနိုင်ငံမှ နိုင်ငံသားများကို ထိုင်းနယ်စပ်ရှိ ကာစီနိုနယ်မြေများသို့ လူကုန်ကူးပြီးတရုတ်လူမျိုးများကို ပစ်မှတ်ထားသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားများ အကြီးအကျယ်ပြုလုပ်နေသော တရုတ်ဂိုဏ်းများတွင် အတင်းအကြပ် အလုပ်ခိုင်းစေနေခြင်းဖြစ်သည်။
 
မြန်မာနှင့် နယ်စပ်တစ်လျှောက်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းသည် သုညနီးပါးရှိနေခြင်းကြောင့် နယ်စပ်ဖြတ်ကျော်လာသူများတွင် ကူးစက်မှုအန္တရာယ်မြင့်တက်နေပြီး ဒေသတွင်းအခြားနိုင်ငံများထက် ပိုမိုထိခိုက်ခဲ့ရာမှ ပြန်လည်ဖွင့်လှစ်စဖြစ်သော ထိုင်းနိုင်ငံအတွက် ခြိမ်းခြောက်မှုဖြစ်နေသည်။နယ်စပ်တစ်လျှောက်ရှိ ကာကွယ်ဆေးမထိုးရသေးသော လူပေါင်းသိန်းချီသည် ထိုင်းနိုင်ငံ၏ စီးပွားရေးနလန်ထူမှုအတွက် ပြင်းထန်သောခြိမ်းခြောက်မှုဖြစ်ပြီး ကာကွယ်ဆေးမတိုးသော မျိုးကွဲအသစ်များ ပျံ့နှံ့လာမည်ကိုလည်း စိုးရိမ်နေရသည်။ 
 
ထို့အပြင် မြန်မာအာဏာသိမ်းစစ်တပ်သည် နယ်စပ်ရှိ တိုင်းရင်းသားလူနည်းစုများအပေါ် စစ်ရေးအရ ဖိနှိပ်နေပြီး ဒီမိုကရေစီထောက်ခံသူများကို ထိုင်းနှင့် နယ်စပ်အထိ လိုက်လံဖမ်းဆီးမှုများကြောင့် သေစေသော လက်နက်ကိုင်တိုက်ခိုက်မှုများသည် ထိုင်းနယ်မြေအတွင်းသို့ ပျံ့နှံ့လာပြီး ထိုင်းနိုင်ငံသားများကိုပါ အန္တရာယ်များစေသည်။မြန်မာ၏ ပြည်တွင်းရေးပဋိပက္ခကို မဖြေရှင်းနိုင်ပါက ထိုဖိအားများသည် ပိုမိုတိုးမြင့်လာမည်ဖြစ်သည်။
 
အာဏာသိမ်း မြန်မာစစ်အစိုးရနှင့် ထိုင်း၏ ဆက်ဆံရေး
 
၂၀၁၄ ခုနှစ် စစ်တပ်အာဏာသိမ်းခြင်းမှတစ်ဆင့် အုပ်ချုပ်နေသော ထိုင်းအစိုးရသည် မြန်မာ၏ စစ်တပ်ဗိုလ်ချုပ်များနှင့် နားလည်မှုဆက်ဆံရေးတစ်ခုရှိနေသည်။ထိုအချက်ကြောင့် ထိုင်းသည် ဒေသတွင်း နိုင်ငံရေးပြဿနာများမှ မြန်မာစစ်အစိုးရကို လုံးဝပယ်ဖျက်ရန်အတွက် တွန့်ဆုတ်နေခြင်းဖြစ်သည်။ထို့အပြင် ထိုအချက်ကြောင့်ပင် တရားဝင်တိုက်ရိုက်ဆွေးနွေးခြင်းများမှတစ်ဆင့် မြန်မာစစ်ခေါင်းဆောင်၏ အပြုအမူကို ထိန်းချုပ်နိုင်မည်ဟု ယုံကြည်နေခြင်းလည်းဖြစ်သည်။  
 
ပို၍အရေးကြီးသည်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၏ အဖွဲ့ဝင်များနှင့် ထိုင်းနယ်စပ်တစ်လျှောက် နယ်မြေကိုထိန်းချုပ်ထားသော အဓိက တိုင်းရင်းသားလက်နက်ကိုင်များအပါအဝင် အတိုက်အခံ ဒီမိုကရေစီကိုယ်စားလှယ်အချို့အပေါ်တွင် ခွင့်ပြုချက်ကို ထိုင်းနိုင်ငံက အကျိုးရှိစွာ ထိန်းချုပ်ထားခြင်းဖြစ်သည်။ထိုသူများထံသို့ လူသားချင်းစာနာထောက်ထားခြင်းများ စီးဝင်ရန်မှာ ထိုင်း၏ ခွင့်ပြုချက်နှင့်ပင် ဖြစ်နိုင်သည်။  
 
အမေရိကန်-ထိုင်း ဆက်ဆံရေးများ
 
အမေရိကန်နှင့် ထိုင်းတို့အတွက် မြန်မာနိုင်ငံ၏ အခြေအနေသည် စိုးရိမ်ဖွယ်ဖြစ်သော်လည်း တရားဝင်အဖွဲ့အစည်းဆိုင်ရာ ဆက်ဆံရေးများနှင့် စာချုပ်အရမဟာမိတ်ဆက်ဆံရေးတို့ကြားတွင် တွေ့ရခဲသော သံတမန်ဆက်ဆံရေးအတွက် ဗဟိုချက်တစ်ခုကို ဖန်တီးပေးနိုင်ခဲ့သည်။
 
ဗီယက်နမ်စစ်ပွဲ ပြီးဆုံးချိန်မှစပြီး နှစ်နိုင်ငံဆက်ဆံရေးတွင် မဟာဗျူဟာကျသောလမ်းကြောင်းကို ရှာဖွေရန် ရုန်းကန်ခဲ့ရသည်။မဟာမိတ်ဆက်ဆံရေးသည် နှစ်နိုင်ငံအပေါ် အကျိုးကျေးဇူးများရှိနေသော်လည်း နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုများသည် နည်းပါးနေခြင်းဖြစ်သည်။သို့သော် မြန်မာနိုင်ငံအပေါ်တွင် ထိုင်းနိုင်ငံက အသုံးချရန် တွန့်ဆုတ်နေသော အာဏာသိမ်းစစ်တပ် အပေါ် ထိုင်းအစိုးရ၏ လွှမ်းမိုးမှုမပါရှိလျှင်တောင် ပူးပေါင်းဆောင်ရွက်မှုအလားလာသည် ကြီးမားသည်။ထိုအလားအလာကို ထိန်းချုပ်အသုံးချရန် အမေရိကန်နှင့် ထိုင်းတို့သည် အောက်ပါ ဦးစားပေးသုံးချက်အပေါ် အာရုံစိုက်သင့်သည်။  
 
၁။ လူသားချင်းစာနာထောက်ထားမှု အကူအညီများနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးများအတွက် ပူးပေါင်း ဆောင်ရွက်ရန်။
 
ပထမဆုံး ဦးစားပေးအနေဖြင့် အရေးပေါ်လိုအပ်နေသော လူသားချင်းစာနာထောက်ထားမှု အကူအညီများနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးများအတွက် ပူးပေါင်းဆောင်ရွက်ရန် ဖြစ်သင့်သည်။
 
ထိုင်းနိုင်ငံတွင် ကာကွယ်ဆေးထိုးနှုန်းမြင့်တက်နေပြီး ပြန်လည်ဖွင့်လှစ်ခြင်းနှင့် စီးပွားရေးနလန်ထူခြင်းတို့ထံ ဦးတည်နေချိန်တွင် မြန်မာနှင့် နယ်စပ်ရှိ နှစ်ဖက်စလုံးမှ ပြည်သူများကို ကာကွယ်ဆေးထိုးခြင်းဖြင့် ထိုင်းတွင် အကျိုးရလဒ်ရှိမည်ဖြစ်သည်။ 
 
သို့သော် မြန်မာနှင့် နယ်စပ်ဒေသတွင်း ကာကွယ်ဆေးထိုးရန် တိုက်တွန်းခြင်းသည် ထိုင်းနှင့် မြန်မာအာဏာသိမ်းစစ်တပ်ကြား ဆက်ဆံရေး၏ စွမ်းဆောင်နိုင်ရည်ထက်ကျော်လွန်သော ကိစ္စဖြစ်သည်။ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်မှုအောက်တွင်ရှိနေသော ဒေသခံပြည်သူများအနေဖြင့် အာဏာသိမ်းစစ်တပ်က ကာကွယ်ဆေးထိုးပေးခြင်းကို လက်ခံမည်မဟုတ်ဘဲ စစ်တပ်၏ ပါဝင်ပတ်သက်မှုသည် ဒုက္ခသည်များကို ပို၍အန္တရာယ်များစေမည်ဖြစ်သည်။  
 
ထို့အတွက် အမေရိကန်အနေဖြင့် အကျိုးသက်ရောက်မှုမြင့်မားသော ကာကွယ်ဆေးများကို ထိုင်းနိုင်ငံသို့တင်ပို့ပြီး နယ်စပ်ဖြတ်ကျော်ရေးကို ထိန်းချုပ်သည့် အစိုးရမဟုတ်သော ဒေသခံအာဏာပိုင်များမှတစ်ဆင့် ကာကွယ်ဆေးများ ထိုးပေးသင့်သည်။ထိုအစိုးရမဟုတ်သော ဒေသခံအာဏာပိုင်အများစုသည် ပြီးခဲ့သောဆယ်စုနှစ်များအတွင်းတွင် ဒေသတွင်း ပြည်သူ့ကျန်းမာရေးစနစ်များ အားကောင်းစေရန် ဆောင်ရွက်ခဲ့ကြသောကြောင့် နယ်စပ်ပြည်သူများ ကာကွယ်ဆေးထိုးရေး ထိုင်းနိုင်ငံ၏ အားထုတ်မှုတွင် ပူးပေါင်းဆောင်ရွက်နိုင်ဖွယ်ရှိသည်။ထိုစနစ်ကို အသုံးပြုခြင်းဖြင့် ထိုင်းနိုင်ငံ၏ နယ်စပ်လုံခြုံရေးကို တိုးမြှင့်နိုင်ပြီး တစ်ချိန်တည်းတွင် မြန်မာနိုင်ငံရှိ အတိုက်အခံ ဒီမိုကရေစီထောက်ခံသူများ အတွက် ကျန်းမာရေး၊ လုံခြုံရေးတို့ကိုလည်း မြှင့်တင်ပေးနိုင်သည်။  
 
ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ တိုးများလာသော စစ်ဘေးရှောင်ဒုက္ခသည်များအတွက် နယ်စပ်ဖြတ် ကျော် အကူအညီများဖြစ်သည့် အစားအစာ၊ ကျန်းမာရေးနှင့် ဖွံ့ဖြိုးမှုအကူအညီများ ပိုမိုပေးဆောင်ခြင်းဖြင့် နယ်စပ်စီးပွားရေးကို တိုးမြှင့်နိုင်ပြီး ဒေသခံပြည်သူများအနေဖြင့် နိုင်ငံတကာဖြတ်ကျော် မှုခင်းရာဇဝတ်သမားများအား ပိုမိုခုခံနိုင်မည်ဖြစ်သည်။ယခုအချိန်အထိ ထိုင်းနိုင်ငံသည် အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် မဆွေးနွေးဘဲ ထိုကဲ့သို့ အကူအညီမျိုး ပေးရန် တွန့်ဆုတ်နေပြီး စစ်တပ်သည် ထိုသို့သော အကူအညီမျိုးမရယူလိုခြင်း ဖြစ်သည်။  
 
၂။ အမေရိကန်၏ အထောက်အပံ့ဖြင့် ကြားနေနယ်မြေတစ်ခု တည်ဆောက်ရန်
 
ဒုတိယဦးစားပေးအနေဖြင့် မြန်မာနိုင်ငံအတွင်းတွင် အမေရိကန်၏ အကူအညီဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြားနေနယ်မြေတစ်ခုတည်ဆောက်သင့်သည်။ထိုသို့ နယ်မြေတည်ဆောက်ခြင်းဖြင့် စစ်ဘေးဒုက္ခသည်များ နယ်စပ်ဖြတ်ကျော်လာခြင်းကို လျှော့ချပေးနိုင်မည်ဖြစ်ပြီး ကိုဗစ်-၁၉ အန္တရာယ်များကို လျော့ကျစေမည့်အပြင် ဒီမိုကရေစီထောက်ခံသူများအနေဖြင့်လည်း နိုင်ငံအတွင်းတွင် ဆက်လက်အခြေချနိုင်မည်ဖြစ်သည်။
 
ထိုင်းနှင့် အမေရိကန်အကြား နက်ရှိုင်းသော စစ်တပ်အချင်းချင်း ဆက်သွယ်ရေးနှင့် အမေရိကန်၏ စွမ်းရည်ကို ထိုင်းက သိရှိနားလည်ခြင်းတို့ဖြင့် ထိုကဲ့သို့ပူးပေါင်းဆောင်ရွက်ခြင်းကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ပြီး ပြီးခဲ့သော ဆယ်စုနှစ်ပေါင်းများစွာအတွင်း ပူးပေါင်းဆောက်ရွက်လာခဲ့သည့် စစ်ရေးအရ ဆက်ဆံရေးများတွင် နှစ်ဖက်စလုံးအတွက် အကျိုးအမြတ်များ ရရှိစေမည်ဖြစ်သည်။
 
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြားနေနယ်မြေတစ်ခုကို အမေရိကန်-ထိုင်းတို့က ပူးပေါင်းကြေညာခြင်းသည် ဗီယက်နမ်စစ်ပွဲကာလအပြီးခေတ်မှစပြီး ယခုအချိန်အထိ နှစ်နိုင်ငံ မဟာမိတ်၏ ရလဒ်အကောင်းဆုံး ဖွံ့ဖြိုးမှုများအနက် တစ်ခုဖြစ်လာမည်ဖြစ်သည်။
 
၃။ နိုင်ငံဖြတ်ကျော် မှုခင်းပေါ်တွင် သက်ရောက်မှုများအား စစ်ဆေးရန်
 
တတိယဦးစားပေးအနေဖြင့် လာမည့်လများနှင့် နှစ်များအတွင်းတွင် မြန်မာနိုင်ငံ၏ အခြေအနေမှ ဒေသတွင်း နိုင်ငံဖြတ်ကျော် မှုခင်းများအပေါ်ကျရောက်မည့် သက်ရောက်မှုများအတွက် ညှိနှိုင်းဆွေးနွေးခြင်းများစတင်ရန် ဖြစ်သင့်သည်။ကနဦးတွင် နှစ်ဖက်နိုင်ငံသည် ထိုင်းအစိုးရကို အားနည်းစေရန် ကြိုးပမ်းနေသော နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုသင့် နယ်မြေများ၏ ခြိမ်းခြောက်မှုအဆင့် ဆန်းစစ်ခြင်းကို ပြုလုပ်ရမည်။
 
ထိုဒေသများတွင် လူကုန်ကူးမှုများ၊ လိမ်လည်မှုများနှင့် ဆိုးဝါးသောလုပ်ဆောင်ချက်များ မြင့်တက်လာနေသည်ဟူသော သက်သေများရှိသည်။
 
အာဏာသိမ်းပြီးနောက်ပိုင်းတွင် မင်းမဲ့စရိုက်ဆန်မှု မြင့်တက်လာပြီး နိုင်ငံတစ်ဝှမ်း လက်နက်ကိုင်ပဋိပက္ခများ ပျံ့နှံ့လာသောကြောင့် မြန်မာနိုင်ငံရှိ မတည်ငြိမ်မှုနှင့် ရာဇဝတ်မှုများသည် ထိုင်းနိုင်ငံရှိ မှုခင်းများကို လောင်စာဆီထည့်ပေးသလိုဖြစ်လာမည်မှာ မလွှဲမရှောင်သာဖြစ်သည်။ 
 
နိဂုံးချုပ်အားဖြင့် မြန်မာနိုင်ငံသည် အမေရိကန်-ထိုင်း စစ်ရေးနှင့် မဟာဗျူဟာကျသော ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးကို ပြန်လည်အသက်သွင်းခြင်းနှင့် ခေတ်မီစေခြင်းတို့အတွက် ကြီးမားသော အခွင့်အရေးတစ်ရပ်ဖြစ်သည်။
 
ထိုပြဿနာများကို ပူးပေါင်းဖြေရှင်းခြင်းဖြင့် နှစ်နိုင်ငံ၏ ချစ်ကြည်ရေးအဆင့်တစ်ခုလုံးကို ပြန်လည်အားဖြည့်ပေးနိုင်သည်။
 
ထိုပူးပေါင်းဆောင်ရွက်ခြင်းကို အခြေတည်ကာ မဲခေါင်ဒေသအတွင်း ဖွံ့ဖြိုးမှုအကူအညီများ ပေးဆောင်ရန်၊ သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေးခြိမ်းခြောက်မှုများ ဖြေရှင်းရေးအတွက် စစ်တပ်ချင်း ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန်နှင့် ရာဇဝတ်သမားများ ဒေသတွင်းသို့ ကျူးကျော်လာခြင်းကို ဖြေရှင်းမည့် ဒေသတွင်းဗဟိုချက်တစ်ခု ဖန်တီးနိုင်ရန်တို့အတွက် အားကောင်းသော အခွင့်အလမ်းသစ်များ ရှာဖွေနိုင်မည်ဖြစ်သည်။
 
(Ref : United States Institute of Peace:Three Priorities for U.S.-Thailand Cooperation in Myanmar)
 
Linko