【 နိုင်ငံတကာဆောင်းပါး 】 အမေရိကန်ကို အားကိုးယုံကြည်စေမည့် ဒု-သမ္မတ၏ အရှေ့တောင်အာရှခရီး

【 နိုင်ငံတကာဆောင်းပါး 】 အမေရိကန်ကို အားကိုးယုံကြည်စေမည့် ဒု-သမ္မတ၏ အရှေ့တောင်အာရှခရီး

အရှေ့တောင်အာရှတွင် အင်္ဂါနေ့က မိန့်ခွန်းပြောကြားစဉ်အတွင်း ဒုတိယသမ္မတ ကမ်မလာဟားရစ် က တရုတ်နိုင်ငံကို ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပြီး အမေရိကန်ပြည်ထောင်စုသည် ယုံကြည်အားထားလောက်သည့် မိတ်ဆွေဖြစ်ကြောင်း ကာကွယ်ပြောဆိုရန် ကြိုးစားသည်။

တာလီဘန်တို့ ထိန်းချုပ်ထားသည့် အာဖဂန်တွင် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေစဉ် အမေရိကန်နိုင်ငံသည် ယုံကြည်အားထားလောက်သော နိုင်ငံတကာမိတ်ဖက် ဟုတ်၊ မဟုတ်ဆိုသည့် မေးခွန်းကို အိမ်ဖြူတော်က ရင်ဆိုင်နေရချိန်တွင် အထက်ပါအတိုင်း ဟားရစ် ပြောကြားခြင်းဖြစ်သည်။

“တောင်တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံက အတင်းအကျပ်ခြိမ်းခြောက်ပြီး တောင်တရုတ်ပင်လယ်နေရာအများစုကို ပိုင်နက်အဖြစ်ပြောနေတာကို ကျမတို့သိတယ်” ဟု ဟားရစ် က စင်္ကာပူတွင်ပြောသည်။တရုတ်နိုင်ငံ၏ ဥပဒေနှင့်မညီသော ပိုင်နက်ကြေညာချက်များသည် စည်းမျဉ်းအခြေပြု နိုင်ငံတကာစနစ်ကို အင်အားချိနဲ့စေပြီး နိုင်ငံများ၏အချုပ်အခြာအာဏာကို ခြိမ်းခြောက်နေကြောင်းလည်း သူပြောသည်။

အိမ်ဖြူတော်သည် ဆယ်စုနှစ်နှစ်ခုကြာသော အာဖဂန်ပဋိပက္ခကဲ့သို့သော မပြီးဆုံးနိုင်သည့်စစ်ပွဲကို တိုက်နေခြင်းထက် ကြီးထွားနေသော တရုတ်စီးပွားရေးသြဇာကို ယှဉ်ပြိုင်ရေးတွင် နိုင်ငံခြားရေးမူဝါဒကိုဦးတည်ရန် ရည်ရွယ်နေသည်။ကဘူးလ်မှ အမေရိကန်များနှင့် အမေရိကန်မဟာမိတ်များကို ဘေးကင်းရာသို့ပို့ဆောင်ရန် ဖရိုဖရဲအားထုတ်မှုများသည် ဒုသမ္မတ၏ခရီးစဉ်ကို အရိပ်မဲထိုးနေသည်။

ဟားရစ်သည် တနင်္ဂနွေနေ့က စင်္ကာပူသို့ရောက်ရှိလာပြီး အင်္ဂါနေ့တွင် ဗီယက်နမ်သို့ ခရီးဆက်သည်။ဒုတိယသမ္မတအနေဖြင့် ပြည်ပသို့ ဒုတိယအကြိမ်သွားရောက်သည့် ထိုခရီးစဉ်သည် အရေးပေါ်လိုအပ်သော ခရီးစဉ်ဖြစ်လာသည်။ထိုခရီးစဉ်သည် စင်္ကာပူနှင့် ဗီယက်နမ်မှ အဓိကကျသည့် မိတ်ဖက်များနှင့် စီးပွားရေးနှင့် လုံခြုံရေးဆက်ဆံရေးများ ပိုမိုတောင့်တင်းကြံ့ခိုင်အောင်လုပ်ဆောင်ရန် အခွင့်အလမ်းရစေသည်။စင်္ကာပူနှင့် ဗီယက်နမ်တို့သည် ဘိုင်ဒင်၏ တောင်တရုတ်ပင်လယ် သေနင်္ဂဗျူဟာတွင် အရေးပါသော နိုင်ငံနှစ်ခုဖြစ်သည်။သို့သော် အာဖဂန်မှ ရုတ်ရုတ်သဲသဲ ဆုတ်ခွာရသောအခါ သူမ၏ခရီးစဉ်သည် အမေရိကန်သည် ယုံကြည်စိတ်ချရသည့် နိုင်ငံတကာမိတ်ဆွေဖြစ်ကြောင်း အာမခံရန် အိမ်ဖြူတော်အတွက် ပထမဆုံးစမ်းသပ်မှုဖြစ်နေသည်။ထို့ကြောင့် ဟားရစ်သည် အမေရိကန်အစိုးရအပေါ် ယုံကြည်နိုင်မှုကို တောင်တရုတ်ပင်လယ်မှ နိုင်ငံများအား အာမခံရန်ဖြစ်လာပြီး အမေရိကန်ပြည်ထောင်စုသည် အာဖဂန်မှ မဟာမိတ်များကို စွန့်ပစ်ခဲ့ပါသလားဆိုသည့် မေးခွန်းကိုလည်း ရင်ဆိုင်ရသည်။

ထိုဖိအားသည် ဟားရစ် ဗီယက်နမ်တွင် ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့များတွင် အစည်းအဝေးများကျင်းပပြီနောက် ပိုမိုပြင်းထန်လာဖွယ်ရှိသည်။ ၁၉၇၅ ခုနှစ်က အမေရိကန်နိုင်ငံသားများကို ဆိုင်ဂုံမှကယ်ထုတ်ရခြင်းနှင့် ကဘူးလ်မြို့အခြေအနေသည် တူညီပါသလားဆိုသည့် မေးခွန်းများကို သူမ၏အထက်တန်းအရာရှိများ ရင်ဆိုင်ကြရသည်။မျှော်လင့်ချက်ကင်းမဲ့နေသော အာဖဂန်နိုင်ငံသားများသည် အမေရိကန်စစ်လေယာဉ်များနောက်မှ ပြေးလိုက်နေကြပြီး ကဘူးလ်လေဆိပ်တွင် အမေရိကန်နိုင်ငံသားများ၊ အာဖဂန်မဟာမိတ်များနှင့် ၎င်းတို့၏ဆွေမျိုးများ ပိတ်မိနေသည်။စင်္ကာပူမှ ဗီယက်နမ်သို့ ဒုသမ္မတ၏ခရီးစဉ်သည်ပင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရသည်။

အင်္ဂါနေ့ညနေတွင် ပုံမှန်မဟုတ်သော ကျန်းမာရေးဖြစ်ရပ်ကြောင့် သူမ၏ ဟနွိုင်းခရီးစဉ်သည် ၃ နာရီခန့် နှောင့်နှေးသွားရသည်။ထိုဖြစ်ရပ်မှာ ဘိုင်ဒင်အစိုးရက ဟာဗားနားရောဂါဟုခေါ်သည့် ရှင်းမပြနိုင်သော ခေါင်းကိုက်ခြင်း၊ မူးဝေခြင်းနှင့် မှတ်ဥာဏ်ဆုံးရှုံးခြင်းဖြစ်ပြီး ထိုရောဂါကို နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိများ၊ စီအိုင်အေ အရာရှိများနှင့် ၎င်းတို့၏မိသားစုများ ခံစားခဲ့ဖူးသည်။သူမသည် ကျန်းမာရေးကောင်းနေပြီး ဟနွိုင်းတွင် အစည်းအဝေးများဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သူမ၏ပြောခွင့်ရသူကပြောသည်။

စင်္ကာပူတွင်မူ ဟားရစ်သည် သူပေးလိုသော သတင်းစကားကိုသာ အလေးထားပြောသည်။

အမေရိကန်ပြည်ထောင်စုနှင့် မျက်နှာခြင်းဆိုင်တွေ့ဆုံမှု ကင်းမဲ့နေသည်မှာ ကာလကြာမြင့်ပြီးဖြစ်သောကြောင့် အရှေ့တောင်အာရှနိုင်ငံအများအပြားမှ အရာရှိအများအပြား စိတ်ပျက်နေကြပြီးနောက် ယခု ဟားရစ်၏ ခရီးစဉ်သည် အမေရိကန်အနေဖြင့် တောင်တရုတ်ပင်လယ်ကို အသစ်တဖန်ပြန်လည်အာရုံစိုက်လာကြောင်းပြသသည့် လက္ခဏာဖြစ်သည်ဟု ကျွမ်းကျင်သူများပြောသည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်သည် လွန်ခဲ့သောရက်သတ္တပတ်အနည်းငယ်ကပင် အရှေ့တောင်အာရှမှ အမေရိကန်ရေတပ်အတွက် အရေးပါသော စင်္ကာပူသို့ရောက်လာခဲ့ပြီး စင်္ကာပူတွင် အမေရိကန်အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုများကို ထပ်မံအာမခံသည်။ဒေသတွင်းသို့ အမေရိကန်အရာရှိများ လာရောက်မှုမရှိခြင်းကို အခွင့်ကောင်းယူကာ တရုတ်နိုင်ငံသည် ထိုနိုင်ငံများသို့ သွားရောက်လည်ပတ်ခြင်း၊ ချေးငွေများနှင့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများဖြင့် ဆွဲဆောင်စည်းရုံးနေသည်။

အာရှဖွံ့ဖြိုးရေးဘဏ်ဆိုင်ရာ အမေရိကန် ကိုယ်စားလှယ်အဖြစ် ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ထမ်းဆောင်ခဲ့သော သံအမတ်ဟောင်း ကားတစ်အက်စ်ချင်း က “ဒီခရီးစဉ်ဟာ သင်္ကေတဆန်တဲ့ခရီးစဉ်ပဲ။ဒါပေမယ့် ဒီခရီးစဉ်ထက် ဒီကြားထဲမှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာက ပိုမိုအရေးပါတယ်။ဒါကြောင့် အာဖဂန်မှာ ဘာဖြစ်ခဲ့တယ်ဆိုတာက ကျနော့်အတွက်အရေးကြီးတယ်။
ဘာကြောင့်လည်းဆိုတဲ့ အမေရိကန်အပြုအမူရဲ့ ပကတိအရှိတရားက အမေရိကန်အပြုအမူနဲ့ပတ်သက်တဲ့စကားကို ထိခိုက်စေတယ်” ဟု သူပြောသည်။

“ကျနော်တို့ပြောနေတဲ့စကားက ကျနော်တို့ ဒီဒေသမှာရှိနေတာကြာလှပြီ။ကျနော်တို့ရဲ့ ထိတွေ့ဆက်ဆံမှုက ခိုင်မာတယ်ဆိုတာပဲ။ဒါပေမယ့် အာရှနိုင်ငံတွေက ဗီယက်နမ်ကနေ အာဖဂန်အထိဖြစ်ရပ်တွေကို ကောင်ကောင်းသိနေတော့ ပြောတဲ့စကားနဲ့ ပကတိအခြေအနေက လိုက်လျှောညီထွေမရှိဘူးဖြစ်နေတယ်” ဟု သူကဆက်ပြောသည်။

Linko
Ref : In Southeast Asia, Kamala Harris’s Message: You Can Count on the U.S.:NY-times