【 နိုင်ငံတကာဆောင်းပါး 】 “စစ်အေးတိုက်ပွဲဆိုသည့် အန္တရာယ်များသည့် နှိုင်းယှဉ်မှု”

【 နိုင်ငံတကာဆောင်းပါး 】 “စစ်အေးတိုက်ပွဲဆိုသည့် အန္တရာယ်များသည့် နှိုင်းယှဉ်မှု”

ပျော့ပြောင်းသော အာဏာဟူသော အသုံးအနှုန်းကို ၁၉၈၉ ခုနှစ်တွင် ဖော်ပြခဲ့သော မစ္စတာညေးသည် ဟားဗက်တက္ကသိုလ်မှ ပါမောက္ခတစ်ဦးနှင့် အကြီးတန်းကာကွယ်ရေး အရာရှိဟောင်းတစ်ဦးဖြစ်သည်။

အမေရိကန်သည် တရုတ်နှင့် စစ်အေးတိုက်ပွဲဖြစ်နေသည်ဟူသော အယူအဆအသစ်သည် ဝါရှင်တန်ရှိ နိုင်ငံရေးသမားများနှင့် မူဝါဒချမှတ်သူများကြားတွင် ပျံ့နှံ့လက်ခံလာခဲ့သည်။ထိုအယူအဆသည် အလွန်ဆိုးဝါးသည်။သမိုင်းတစ်လျှောက်၊ နိုင်ငံရေးကဏ္ဍအတွင်းနှင့် အနာဂတ်တို့အတွက် ဆိုးဝါးသည်။  

ဘိုင်ဒန် အုပ်ချုပ်ရေးအဖွဲ့သည် မူဘောင်သတ်မှတ်ခြင်းကို ပညာရှိစွာ ဆန့်ကျင်လျက်ရှိသည်။သို့သော် သမ္မတ၏ အပြုအမူများအရ တရုတ်နှင့် ဆက်ဆံရေးနည်းဗျူဟာသည် စစ်အေးတိုက်ပွဲအယူအဆကြောင့် ထိခိုက်နေပြီး သမားရိုးကျ စစ်တုရင်ခုံပေါ်မှ လမ်းကြောင်းနှစ်ခုသွားနိုင်သော နယ်ရုပ်အဖြစ်သာ ရှုမြင်လျက်ရှိသည်။သို့သော် တရုတ်နှင့် ယှဉ်ပြိုင်မှုသည် လမ်းကြောင်းသုံးခုရှိသော ကစားပွဲဖြစ်သည်။လမ်းကြောင်းနှစ်ခုပါသော စစ်တုရင်ကို ဆက်လက်ကစားနေပါက ရှုံးလိမ့်မည်ဖြစ်သည်။

ဆိုဗီယက်ပြည်ထောင်စုပဠိပက္ခနှင့် လက်ရှိ တရုတ်နှင့်ယှဉ်ပြိုင်မှု နှစ်ခုစလုံးတွင် အလုံးစုံအနိုင်ရခြင်းမျိုး မရှိသော်လည်း ကစားပွဲများသည် ခြားနားသည်။စစ်အေးတိုက်ပွဲအတွင်းတွင် ဆိုဗီယက်ပြည်ထောင်စုသည် အမေရိကန်အတွက် စစ်ရေးနှင့် အယူဝါဒအရ တိုက်ရိုက်ခြိမ်းခြောက်မှုဖြစ်ခဲ့သည်။နှစ်နိုင်ငံကြားတွင် စီးပွားရေးရော လူမှုရေးပါ မရှိခဲ့ဘဲ ထိန်းချုပ်ရန်မှာ လွယ်ကူပြီးဖြစ်နိုင်သော ရည်မှန်းချက်ဖြစ်ခဲ့သည်။ကစားပွဲသည် လမ်းကြောင်းနှစ်ကြောင်းပေါ်သာ မူတည်ခဲ့ပြီး တိုက်ပွဲသည် စစ်တပ်နှစ်ခုကြားဖြစ်သောကြောင့် နှစ်နိုင်ငံသည် ပြဿနာအရင်းအမြစ်မဖြစ်စေရန် တစ်ဖက်နှင့် တစ်ဖက် မှီခိုခဲ့ကြသည်။သို့သော် တရုတ်နှင့် လမ်းကြောင်းသုံးခုရှိသော ကစားပွဲတွင် စစ်ရေး၊ စီးပွားရေးနှင့် လူမှုရေးတို့တွင် အာဏာဖြန့်ဝေခြင်းများ ပါဝင်လာသည်။ထို့ကြောင့် စစ်အေးတိုက်ပွဲဟု ခိုင်းနှိုင်းနေခြင်းသည် မှန်သယောင်ရှိသော်လည်း အပျင်းကြီးပြီး အန္တရာယ်များသော အချက်ဖြစ်သည်။ထိုအချက်သည် အမှန်တကယ်ရင်ဆိုင်နေရသော စိန်ခေါ်မှုကို ဖုံးကွယ်ကာ လှည့်စားပြီး အကျိုးသက်ရောက်မှုမရှိသော နည်းဗျူဟာများကိုသာ ပေးဆောင်လျက်ရှိသည်။  

စီးပွားရေးအလွှာတွင် အမေရိကန်နှင့် တရုတ်တို့သည် နက်နဲစွာ အပြန်အလှန် မှီခိုလျက်ရှိသည်။အမေရိကန် သည် ၂၀၂၀ ခုနှစ်တွင် တရုတ်နှင့် ကုန်သွယ်မှုတွင် ဒေါ်လာထရီလီယံတစ်ဝက်ကျော်ရှိခဲ့သည်။ဝါရှင်တန်ရှိ အချို့သူများက ချိတ်ဆက်မှုဖြတ်တောက်ရန် ပြောဆိုနေကြသော်လည်း စီးပွားရေးကုန်ကျမှုမရှိဘဲ တရုတ်နှင့် စီးပွားရေးကို အပြီးတိုင်ဖြတ်တောက်နိုင်သည်ဟု တွေးခေါ်နေခြင်းမှာ ရူးမိုက်မှုသာဖြစ်သည်။

ထို့အပြင် တရုတ်သည် ယခုအခါတွင် အမေရိကန်အပြင် အခြားသောနိုင်ငံများစွာ၏ အဓိကကုန်သွယ်ရေးမိတ်ဖက်ဖြစ်နေသောကြောင့် အခြားနိုင်ငံများကိုလည်း ထိုသို့လိုက်လုပ်မည်ဟု မမျှော်လင့်ထားသင့်ပေ။

အမေရိကန်နှင့် တရုတ်တို့၏ လူမှုရေးရာများသည်လည်း နက်ရှိုင်းစွာ ယှက်နွယ်လျက်ရှိသည်။နှစ်နိုင်ငံကြားတွင် ကျောင်းသားများ၊ ခရီးသွားများနှင့် အခြားသောကဏ္ဍများတွင် သန်းချီသော လူမှုရေးဆက်နွယ်မှုများရှိနေသည်။ထို့အပြင် ကပ်ရောဂါနှင့် ရာသီဥတုပြောင်းလဲခြင်းတို့ကဲ့သို့ ဇီဝဗေဒပြဿနာများတွင် လက်တွေ့ဆက်ဆံရေးဖြတ်တောက်ရန် မဖြစ်နိုင်ပေ။  

အပြန်အလှန်မှီခိုမှုသည် အသွားနှစ်ဖက်ပါသော ဓားဖြစ်သည်။တစ်နိုင်ငံတွင် ဖြစ်ပျက်နေသမျှကို သတိပေးချက်အဖြစ် ယူဆောင်နိုင်သော ကွန်ယက်များ ဖန်တီးပေးနိုင်သလို ဘေကျင်းနှင့် ဝါရှင်တန်တို့က လွှမ်းခြုံမှုအတွက် လက်နက်အဖြစ် အသုံးပြုနိုင်သော အထိခိုက်မခံသည့်အချက်များလည်း ဖန်တီးပေးနိုင်သည်။

အထက်ဖော်ပြပါ အချက်အလက်များအပြင် အမေရိကန်သည် စစ်ရေးအရ အားသာချက်ကြောင့် တရုတ်ကို ထိန်းချုပ်နိုင်သည်ဟု ယူဆနေကြသည်။တရုတ်သည် တပ်ဖွဲ့ဝင်များကို အင်အားမြှင့်တင်နေချိန်တွင် အမေရိကန်သည် ကမ္ဘာလုံးဆိုင်ရာ အာဏာရှိသည့် တစ်ဦးတည်းသောနိုင်ငံ ဖြစ်လျက်ရှိသေးသည်။အာရှတွင် အာဏာဟန်ချက်ညီရန်အတွက် အိန္ဒိယနှင့် ဆက်ဆံရေးမြှင့်တင်ရေး၊ ဂျပန်နှင့် မိတ်ဖက်ကိုအားပေးခြင်းကဲ့သို့သော လမ်းကြောင်းများကို သေချာစွာစီစဉ်ရမည်ဖြစ်သည်။တစ်ချိန်တည်းတွင် စီးပွားရေးနှင့် နိုင်ငံဖြတ်ကျော်ရေးကဏ္ဍများရှိ အာဏာဆက်ဆံရေးများကိုလည်း ဆက်လက်လျစ်လျူမရှုသင့်ပေ။ထိုကဲ့သို့ ပြုလုပ်ပါက အမေရိကန်က နစ်နာမည်ဖြစ်သည်။

စီးပွားရေးကဏ္ဍတွင် အာဏာဖြန့်ဝေခြင်းသည် အမေရိကန်၊ တရုတ်၊ ဥရောပနှင့် ဂျပန်တို့က အင်အားအကြီးဆုံး ကစားသမားများအဖြစ်ပါဝင်သော ပြိုင်ပွဲဖြစ်သည်။နိုင်ငံဖြတ်ကျော်ရေးကဏ္ဍတွင် ရာသီဥတုပြောင်းလဲခြင်းနှင့် ကပ်ရောဂါကဲ့သို့သော ပြဿနာများ၌ အစိုးရမဟုတ်သောအဖွဲ့များသည် အားကောင်းသောကဏ္ဍတွင် ပါဝင်နေပြီး မည်သည့်နိုင်ငံမျှ ထိန်းချုပ်မှုမရှိပေ။

အမေရိကန်သည် အရှေ့အာရှနှင့် ကုန်သွယ်ရေးမူဝါဒတွင် လိုအပ်ချက်များရှိနေပြီး ထိုကွက်လပ်များသည် တရုတ်ထံ ရောက်ရှိသွားသည်။

နိုင်ငံဖြတ်ကျော် ပြဿနာများတွင် အမေရိကန်သည် ဘေကျင်းနှင့် ဆက်ဆံရေးမကောင်းမွန်ခြင်းသည် ရာသီဥတုပန်းတိုင်များကို ထိခိုက်စေသည်။တရုတ်သည် ဖန်လုံအိမ်ဓာတ်ငွေ့ အများဆုံးထုတ်လုပ်သော နိုင်ငံဖြစ်သည်။နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ က အမေရိကန်ကို အလုံးစုံဆက်ဆံရေးသည် သဲကန္တာရဖြစ်နေချိန်တွင် ရာသီဥတုညှိနှိုင်းခြင်းကို အိုအေစစ်အဖြစ် မမျှော်လင့်ရန် သတိပေးခဲ့သည်။

ရာသီဥတုအရေးနှင့် ကပ်ရောဂါကဲ့သို့သော နိုင်ငံဖြတ်ကျော် ပြဿနာများကို မည်သည့်နိုင်ငံများမှ တစ်ဦးတည်း ဖြေရှင်းနိုင်ခြင်းမရှိပေ။ထို့အပြင် ဂေဟဗေဒအပြန်အလှန်မှီခိုခြင်း နိုင်ငံရေးများတွင် အာဏာများနှင့် အခြားသောအချက်များပါ ပါဝင်လာသည်။ယနေ့ခေတ်၏ နိုင်ငံရေးပြိုင်ဆိုင်မှုသည်လည်း ကွာခြားသည်။ကွန်မြူနစ်ဝါဒသည် စတာလင် သို့မဟုတ် မာအိုခေတ်ကာလကကဲ့သို့ တူညီသည့်နည်းလမ်းဖြင့် အမေရိကန်နှင့် မိတ်ဖက်များကို ခြိမ်းခြောက်နေခြင်းမဟုတ်ပေ။ဘုရားကဲ့သို့ ကိုးကွယ်သည်မျိုး နည်းပါးသည်။ရှီကျင့်ဖျင် အတွေးအခေါ်များကို လမ်းပေါ်ထွက် ထောက်ခံနေခြင်းမျိုး နည်းပါးသည်။ထိုအစား တရုတ်သည် စီးပွားရေးနှင့် နိုင်ငံရေး အပြန်အလှန်မှီခိုမှုများကို နက်ရှိုင်းစေပြီး အုပ်ချုပ်သည့် အစိုးရကို ထောက်ပံ့ရန်နှင့် ဒီမိုကရေစီနိုင်ငံများတွင် ပြန်လည်တိုက်ခိုက် ဝေဖန်မှုများဆိုင်ရာ အယူအဆများကို လွှမ်းမိုးရန် ပြုလုပ်သည်။ဥပမာအားဖြင့် တရုတ်သည် အမေရိကန်မိတ်ဖက်များဖြစ်သော နော်ဝေနှင့် ဩစတြေးလျှတို့ကို လူ့အခွင့်အရေးအရ တရုတ်ကို တိုက်ခိုက်သဖြင့် စီးပွားရေးအရ အပြစ်ပေးခဲ့သည်။

သုံးဖက်ပါသော နည်းဗျူဟာသည် တရုတ်ကပြုလုပ်သော အခြေအနေများသည် မိမိတို့အတွက် လွှမ်းခြုံမှုကို တိုးမြှင့်စေနိုင်သည့် အထောက်အပံ့ခြေလှမ်းများအဖြစ် အခွင့်အရေးယူနိုင်သည်ဟူသောအချက်ကို မြင်တွေ့ စေနိုင်ပြီး တုံ့ပြန်စေနိုင်သည်။

ကုန်သွယ်ရေးသဘောတူညီချက်များသည် အကူအညီဖြစ်မည်ဖြစ်ပြီး မကြာသေးမီကမှ ပြုလုပ်ခဲ့သော ဩစတြေးလျှသို့ နျူကလီးယားစွမ်းအင်သုံး ရေငုတ်သင်္ဘောနည်းပညာ တင်ပို့ခြင်းသည်လည်း အထောက်အပံ့ဖြစ်နိုင်သည်။အဆိုးဆုံးနှင့် အကောင်းဆုံးအတွက် တရုတ်နှင့် ရန်ဘက်ဟူသော အယူအဆတွင် ပိတ်မိနေစဉ်တွင် ယှဉ်ပြိုင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို တစ်ချိန်တည်းတွင် ဆောင်ရွက်နိုင်သော နည်းဗျူဟာလိုအပ်သည်။

ပြည်တွင်းတွင် အမေရိကန်အနေဖြင့် သုတေသနနှင့် ဖွံ့ဖြိုးမှုများအတွက် ထောက်ပံ့မှုများမြှင့်တင်ပြီး နည်းပညာအဆင့်မြှင့်တင်ခြင်းများ ပြုလုပ်ရမည်။စစ်ရေးကဏ္ဍတွင် သမားရိုးကျတပ်ဖွဲ့များကို နည်းပညာအသစ်များနှင့် ပြန်လည်ဖွဲ့စည်းပြီး မဟာမိတ်များကို ပိုမိုခိုင်မာအောင် လုပ်ဆောင်ရမည်။

စီးပွားရေးကဏ္ဍတွင် အမေရိကန်က ပစိဖိတ်ဖြတ်ကျော်မိတ်ဖက်အဖွဲ့မှ နှုတ်ထွက်ခြင်းသည် ကုန်သွယ်ရေး၏ အရေးပါသောကဏ္ဍတွင် ကျယ်ပြန့်သော ကွက်လပ်ဖြစ်စေသည်။နိုင်ငံဖြတ်ကျော်ပြဿနာများတွင် ကျန်းမာရေးနှင့် ရာသီဥတုအရေးတို့ ဖြေရှင်းရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ပဲရစ်သဘောတူညီချက်တို့ကဲ့သို့ အဖွဲ့ အစည်းများနှင့် စာချုပ်များကို ဖွံ့ဖြိုးတိုးတက်ပြီး အားကောင်းရန် ပြုလုပ်ရမည်။  

အဆိုးမြင်သူများက တရုတ်၏ လူဦးရေပမာဏနှင့် စီးပွားရေးတိုးတက်မှုနှုန်းတို့ကိုကြည့်ကာ သူတို့အနိုင်ရမည်ဟု ထင်ကြသည်။သို့သော် အမေရိကန်အနေဖြင့် မဟာမိတ်များကို တန်ဖိုးရှိစွာဆက်ဆံပြီး အမေရိကန်၊ ဥရောပနှင့် ဂျပန် ဒီမိုကရေစီမိတ်ဖက်များ၏ စစ်ရေးနှင့် စီးပွားရေးအင်အားတို့ကို ပူးပေါင်းလျှင် ယခုရာစုနှစ် တရုတ်က သွားနိုင်သည်ထက် များစွာ ပိုပြီးခရီးရောက်မည်ဖြစ်သည်။

စစ်အေးတိုက်ပွဲနှင့် နှိုင်းယှဉ်ပြောဆိုခြင်းသည် ကောင်းကျိုးထက် ဆိုးကျိုးသာရှိသည်ဟူသော သမ္မတ ဘိုင်ဒန်၏ ပြောဆိုချက်သည် မှန်ကန်သည်။သို့သော် တရုတ်ဆိုင်ရာမူဝါဒသည် လမ်းကြောင်းသုံးခုပါ ပြိုင်ပွဲနှင့် ကိုက်ညီမှုရှိရန်လည်း လိုအပ်သည်။

Linko
နိုဝင်ဘာ - ၅