【 နိုင်ငံတကာဆောင်းပါး 】 “တရုတ်ကို တန်ပြန်ဖို့ မဟာမိတ်ဖွဲ့မှု ဥရောပကို လျစ်လျူရှုရာရောက်နေ”

【 နိုင်ငံတကာဆောင်းပါး 】 “တရုတ်ကို တန်ပြန်ဖို့ မဟာမိတ်ဖွဲ့မှု ဥရောပကို လျစ်လျူရှုရာရောက်နေ”

အင်ဒို-ပစိဖိတ်ဒေသတွင် တရုတ်ကိုတန်ပြန်ရေးအတွက် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် သြစတြေးလျှတို့အကြား  ကာကွယ်ရေးသဘောတူစာချုပ်ကို ရုတ်တရက်ကြေညာလိုက်ခြင်းကြောင့် ခံစားမှုမျိုးစုံကို ဖြစ်ပေါ်စေခဲ့သည်။ဥရောပတွင် ထိုသဘောတူစာချုပ်သည် ပြင်သစ်အစိုးရကို ဒေါသထွက်စေပြီး ဥရောပသမဂ္ဂအရာရှိများသည်လည်း ၎င်းတို့အဖွဲ့အနေဖြင့် တရုတ်ကို မည်သို့သဘောထားရမည်နှင့်ပတ်သက်ပြီး ရှုပ်ထွေးမှုများဖြစ်စေသည်။

ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သည့် ထိုသဘောတူညီချက်အရ အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်တို့သည် သြစတြေးလျှနိုင်ငံအနေဖြင့် နျူကလီးယားစွမ်းအင်သုံး ရေငုတ်သင်္ဘောများ ဝယ်ယူနိုင်ရေးအတွက် သေနင်္ဂဗျူဟာနှင့် နည်းပညာအဖွဲ့များ စေလွှတ်ကြမည်ဖြစ်သည်။ထို့ကြောင့် သြစတြေးလျှအစိုးရသည် ပြင်သစ်ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုမှ ဒေါ်လာဘီလီယံချီတန်သည့် နျူကလီးယားစွမ်းအင်မသုံးသော ရေငုတ်သင်္ဘောများဝယ်ယူရေး အစီအစဉ်လည်း ပျက်ဆီးသွားသည့်သဘော သက်ရောက်သွားသည်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ယန်အိဗ်လူသာဒရန် က ထိုကိစ္စသည် သြစတြေးလျှက ပြင်သစ်နောက်ကျောကို ဓါးဖြင့်ထိုးခြင်းဖြစ်ကြောင်း ပြောသည်။သူက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကိုလည်း တိုက်ခိုက်လိုက်ပြီး အခြားမဟာမိတ်များနှင့် တိုင်ပင်ခြင်းမရှိပဲ ထိုကိစ္စကို ရုတ်တရက်ကြေညာလိုက်ခြင်းသည် ထရမ့်လုပ်ခဲ့သည် လုပ်ရပ်များအတိုင်း ရက်စက်ကြမ်းကြုတ်သည့် တစ်ဖက်သတ်ဆုံးဖြတ်ချက်ဖြစ်ကြောင်း ပြောသည်။

ပြင်သစ်နိုင်ငံ ဂုဏ်သိက္ခာကျဆင်းရခြင်းကို ထည့်မတွက်ပဲ ပထဝီနိုင်ငံရေးစာချုပ်သစ်ကို အင်္ဂလိပ်စကားပြော ရေကြောင်းအင်အားကြီး ၃ နိုင်ငံ အောကစ် - AUKUS နိုင်ငံများအကြား ချုပ်ဆိုလိုက်သောကြောင့် ဥရောပသမဂ္ဂအတွက်လည်း သေနင်္ဂဗျူဟာအရ ရှုပ်ထွေးမှုဖြစ်စေခဲ့သည်။

ဥရောပသမဂ္ဂသည် အင်ဒို-ပိစိဖိတ်နှင့်ပတ်သက်သည့် ၎င်းတို့၏ သေနင်္ဂဗျူဟာကို ကြာသပတေးနေ့တွင် ကြေညာရန်ရှိသောကြောင့် AUKUS ကို ကြေညာသည့်အချိန်ကို ကောင်းစွာသုံးသပ်ခြင်းမရှိကြောင်း ဘရပ်ဆဲလ်မှ အရာရှိများက စီအင်အင်သို့ ပြောသည်။အကောင်းဆုံးဘက်မှ သုံးသပ်ရပါက ထိုကိစ္စသည် ရိုင်းပြသောကိစ္စဖြစ်ပြီး အဆိုးဆုံးဘက်မှ သုံးသပ်ရပါက ဘရပ်ဆဲလ်သည် တစ်ကမ္ဘာလုံးနှင့်ပတ်သက်သည့် ရည်မှန်းချက်များရှိသော်လည်း ဥရောပကို ပထဝီနိုင်ငံရေးအရ အရေးမပါဟု ယူဆခြင်းပင်ဖြစ်သည်။မည်သို့ပင်ဖြစ်စေ ဘရပ်ဆဲလ်သည် အနာတရရှိသွားပြီဖြစ်သည်။

“ဒါတွေက တရုတ်ကိုဆန့်ကျင်ဖို့ အရမ်းစစ်မက်လိုလားတဲ့ အင်္ဂလိပ်စကားပြောနိုင်ငံတွေ မဟာမိတ်ဖွဲ့တာပါ” ဟု ဥရောပသမဂ္ဂ အဆင့်မြင့်အရာရှိတစ်ဦး ပြောသည်။ထို့အပြင် ထိုနိုင်ငံများသည် အာဖဂန်ကျူးကျော်ရာတွင် ထိပ်ဆုံးမှပါဝင်သော နိုင်ငံများလည်းဖြစ်နေကြောင်း သူပြောသည်။

“အဖြေကတော့ ကျနော်တို့အားလုံး သိတဲ့အတိုင်းပဲ” ဟုလည်း သူပြောသည်။

ဥရောပသမဂ္ဂက တရုတ်နိုင်ငံကို ကိုင်တွယ်သည့် သေနင်္ဂဗျူဟာသည် အမေရိကန်နှင့် အဓိကကွဲပြားနေသော နည်းလမ်းတစ်ခုရှိသည်။ဥရောပသမဂ္ဂသည် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန်ကြိုးစားပြီး စီးပွားရေးနှင့် သေနင်္ဂဗျူဟာ လုပ်ဖေါ်ကိုင်ဖက်အဖြစ် သဘောထားသည်။

တရုတ်နိုင်ငံနှင့် ကုန်သွယ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ၎င်းတို့သည် လူ့အခွင့်အရေးနှင့် စွမ်းအင်မူဝါဒများ ပြုပြင်ပြောင်းလဲရန် တွန်းအားပေးနိုင်ရုံသာမက ဘေဂျင်းနှင့် ဝါရှင်တန်အကြား ကြားခံလည်းဖြစ်နိုင်ပြီး ဥရောပသမဂ္ဂသည် ရှင်းလင်းအရေးပါသော ပထဝီနိုင်ငံရေးအခန်းမှလည်း ပါဝင်နိုင်သည်။

အချို့၏အမြင်တွင် AUKUS သဘောတူညီချက်က ကမ္ဘာ့ဇာတ်ခုံတွင် ဘရပ်ဆဲလ်ကို အရေးပါသောပါဝင်သူဖြစ်သည်ဆိုသည့် ပြောဆိုချက်ကို ထိခိုက်စေသည်။

“အမေရိကန်ပြည်ထောင်စုဟာ ဥရောပသမဂ္ဂ အင်အားကြီးနိုင်ငံတွေကို မဆက်သွယ်ပဲ ဗြိတိန်၊ သြစတြေးလျှတို့နဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေး ဆက်ဆံရေးမှာ နိုင်ငံရေး ရင်းနှီးမြုပ်နှံမှု ပိုမိုလုပ်ဆောင်လိုတယ်ဆိုတဲ့အချက်က ထင်ရှားနေတယ်” ဟု Austrian Institute for European and Security Policy မှ ဒါရိုက်တာ ဗီ လင်နာ ချာကာရိုဗာ ပြောသည်။

ထိုဒေသ၏ အရေးပါမှုကို နားလည်ခြင်းတွင် အပြုသဘောဆောင်သော တိုးတက်မှုအများအပြားရှိသော်လည်း ဥရောပသမဂ္ဂသည် အင်္ဂလိပ်စကားပြောနိုင်ငံများက ၎င်းတို့ကိုအလေးထားရန်အတွက် အင်ဒို-ပစိဖိတ်ဒေသတွင် လုံခြုံရေးအခန်းကဏ္ဍရှိရန်လိုသည်မှာ ထင်ရှားသည်ဟုလည်း သူပြောသည်။

ထို့ကြောင့် ဥရောပသမဂ္ဂက ထိုကိစ္စကို မည်ကဲ့သို့ဆောင်ရွက်နိုင်သနည်း။

ထိုကိစ္စသည် ဒေါ်လာသန်းပေါင်းများစွာကုန်ကျသည့် ကိစ္စဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများအကြား အငြင်းပွားမှုများစွာ၏ ရင်းမြစ်လည်းဖြစ်နေသည်။ဥရောပကာကွယ်ရေးအပေါ် ဖွင့်ဆိုမှုနှင့် မည်သည့်ပုံစံရှိသင့်သည်နှင့်ပတ်သက်ပြီး ဘုံသဘောတူညီချက်မရှိကြပေ။အဖွဲ့တွင်းမှ တစ်ခုတည်းသော စစ်အင်အားကြီးနိုင်ငံဖြစ်သော ပြင်သစ်က အဖွဲ့ကို စစ်မှန်သည့် စွမ်းဆောင်ရည်ပေးမည့် ညှိနှိုင်းဆောင်ရွက်သည့် ကာကွယ်ရေးမူဝါဒကို တွန်းအားပေးနေသည်။

မကြာသေးမီက အာဖဂန်မှ ဖြစ်ပေါ်တိုးတက်မှုများနှင့် AUKUS သဘောတူညီချက်ကြောင့် ဥရောပသည် ၎င်း၏အကျိုးစီးပွားများကိုကာကွယ်ရန် စွမ်းဆောင်ရည်လိုပြီး အင်ဒို-ပစိဖိတ်ဒေသတွင် အခန်းကဏ္ဍတစ်ခုမှပါဝင်ရန်လိုသည်ဆိုသည့် ပြင်သစ်၏အမြင်ကို ပိုမိုခိုင်မာစေကြောင်း ထိုကိစ္စကိုသိသည့် ဥရောပသမဂ္ဂအရာရှိတစ်ဦး ပြောသည်။သို့သော် ပြင်သစ်သည် ထိုကိစ္စတွင် ဘေးရောက်နေသည်။

“ပြင်သစ်သမ္မတ မက်ခရွန်နဲ့ သူ့အစိုးရက အမြဲတမ်းတပ်တည်ထောင်ဖို့ပြောပေမယ့် အဲဒါက ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး။နိုင်ငံခေါင်းဆောင်တွေက စစ်ပွဲကို တပ်ဖွဲ့တွေပို့ရတယ်။ပြည်သူတွေက အလောင်းအိတ်တွေနဲ့ ပြန်ရောက်လာတဲ့အခါ ဥရောပသမဂ္ဂကို အပြစ်တင်လို့မရဘူး” ဟု ဥရောပသမဂ္ဂ သံတမန်တစ်ဦးပြောသည်။

အခြားသံတမန်များနှင့် အရာရှိများက အဖွဲ့ဝင်နိုင်ငံသည် ပိုမိုထိရောက်သည့်လက်နက်များ ဝယ်ယူရန် အတူတကွလုပ်ဆောင်မည့် အလားအလာရှိသည်ဟု ပြောသည်။နိုင်ငံများသည် ၎င်းတို့စစ်အင်အားအတွက် အချို့သောလက်နက်များဝယ်ယူမည့် သဘောဖြစ်သည်။
သို့သော် ၎င်းတို့သည် တပ်များဖြန့်ချသည့်ကိစ္စကိုမူ တားဆီးနေသေးသည်။

“သြစတီးယား၊ အိုင်ယာလန်၊ ဖင်လန်နဲ့ ဆွီဒင်လို ကြားနေနိုင်ငံတွေက ပဋိပက္ခဇုန်တွေမှာ တပ်တွေဖြန့်ချတာကို လက်ခံမှာမဟုတ်ဘူး။ဒါကြောင့် ဥရောပသမဂ္ဂဝင်တွေလုပ်နိုင်တာက တတိယကြားနိုင်ငံမှာ တပ်တွေလေ့ကျင့်ပေးတာနဲ့ နယ်စပ်တွေမှာ ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ဆောင်တာလောက်ပဲ ဖြစ်နိုင်တယ်” ဟု သံတမန်တစ်ဦးပြောသည်။

ထိုသို့လုပ်ဆောင်ခြင်းသည် ဥရောပအတွက် အကျိုးရှိသော်လည်း စစ်အင်အားသည် လွန်စွာအရေးပါနေသော ကမ္ဘာတွင် ကြီးမားသော စစ်အင်အားထူထောင်သည့်အဆင့်နှင့် လွန်စွာအလှမ်းကွာနေသေးသည်။

ဥရောပသေနင်္ဂဗျူဟာ ပေါ်ပေါက်လာသောအခါ ထိုသေနင်္ဂဗျူဟာ ပြင်သစ်ကအဆိုပြုထားသည့် သေးငယ်သည့် ပူးပေါင်းဆောင်ရွက်မှုများသာဖြစ်မည်ဟု Centre for European Policy studies မှ သုတေသန ဒါရိုက်တာ စတီဗင် ဘလော့မင်း ပြောသည်။

“နောက်ထပ်အင်အားကြီးနိုင်ငံဖြစ်တဲ့ ဂျာမဏီက အထူးသဖြင့် ကာကွယ်ရေးနဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်တဲ့နယ်ပယ်မှာ ပေါင်းစည်းရေးမူဝါဒမှာ တတ်နိုင်သမျှ အားလုံးပါဝင်ရမယ်၊ အဖွဲ့ဝင် ၂၇ နိုင်ငံလုံး ပါဝင်ရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြောကြားထားတယ်” ဟုလည်း ဘလော့မင်း ပြောသည်။

“ဒါကြောင့် AUKUS ကြေညာချက်က ပြင်သစ်အနေနဲ့ အင်္ဂလိပ်စကားပြောနိုင်ငံတွေနဲ့ ကာကွယ်ရေး ဆက်ဆံရေးကို ပြန်စဉ်းစားစေပြီး ဥရောပကာကွယ်ရေးမှာ ရည်မှန်းချက်မြှင့်တင်ဖို့ အဖွဲ့ဝင်နိုင်ငံတွေနဲ့ ပိုမိုကြိုးစားလုပ်ဆောင်စေတယ်” ဟုလည်း သူပြောသည်။

ဥရောပနိုင်ငံခြားရေးမူဝါဒသည် မည်သည်သို့ ဦးတည်နေသည်ကို စဉ်းစားနေသောသူများအတွက် ထိုသို့သော ပြန်လည်စဉ်းစားခြင်းသည် အရေးပါသောအချက်ဖြစ်လာသည်။

“အင်ဒို-ပစိဖိတ်ဒေသအပေါ်နဲ့ အထူးသဖြင့် တရုတ်အပေါ်သဘောထားမှာ သူတို့ရဲ့အရေးအပါဆုံး မဟာမိတ် အမေရိကန်နဲ့  ဘယ်လောက်သီးခြားလုပ်မယ်ဆိုတာကို အဓိက ဥရောပအင်အားကြီးနိုင်ငံတွေက ခက်ခဲတဲ့ဆုံးဖြတ်ချက်ချရမယ်” ဟု  ချာကာရိုဗာ ပြောသည်။

တရုတ်နှင့် အမေရိကန်တို့ သြဇာယှဉ်ပြိုင်မှု အရှိန်မြင့်လာသောအခါ ပြင်သစ်နှင့် ဂျာမဏီကဲ့သို့သော နိုင်ငံများက အင်္ဂလိပ်စကားပြောနိုင်ငံများနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်လိုလာပါက အမေရိကနှင့် တရုတ်အကြား နှစ်ဖက်လုံးနှင့် တလှည့်စီဆက်ဆံနေသည့် ဥရောပ၏မူဝါဒသည် ရေရှည်တွင် အလုပ်ဖြစ်မည်မဟုတ်ကြောင်းလည်း သူပြောသည်။

ဥရောပသမဂ္ဂသည် တရုတ်နှင့် အမေရိကန်အကြား ကြားနေသဘောမျိုးနေထိုင်ရန် ရှုပ်ထွေးလှသည့် စီမံကိန်းကို နှစ်ပေါင်းများစွာကြံစည်ခဲ့ပြီး ထိုသို့လုပ်ခြင်းဖြင့် သြဇာအများအပြားလည်း ချုပ်ကိုင်လာနိုင်သည်။သမားရိုးကျ စစ်အင်အားအာဏာအမာအပေါ်မှီခိုသော AUKUS စီမံကိန်းကို သဘောတူထားကြောင်း ဘရပ်ဆဲလ်ကို အသိမပေးဘဲထားပြီး ပြင်သစ်ကိုဒဏ်ခတ်ခြင်းဖြစ်သည်။

ယခုဖြစ်နေသောကိစ္စများသည် လာမည့်နှစ်အနည်းငယ်အတွက် ကြီးမားသော ၎င်းတို့၏ရည်မှန်းချက်များနှင့်မဆိုင်ကြောင်း ဥရောပသမဂ္ဂအရာရှိများက မည်မျှပင်ပြောစေကာမူ ဒီမိုကရေစီလောကရင်ဆိုင်နေရသည့် အကြီးမားဆုံးပြဿနာတွင် သမားရိုးကျ စစ်အင်အားအာဏာအမာကိုသုံးပြီး သမားရိုးကျ မဟာမိတ်များနှင့်ပူးပေါင်းရန် ဘိုင်ဒင်၏ ဆုံးဖြတ်ချက်က လာမည့်နှစ်များအတွင်း ပြင်းထန်သည့် ပထဝီနိုင်ငံရေးအာဏာရှိနေမည်ကို အထင်အရှားပြသနေသည်။

ဥရောပသမဂ္ဂသည် ကြီးမားသော စီးပွားရေးသြဇာဆုပ်ကိုင်ထားသော်လည်း လွန်ခဲ့သောရက်များအတွင် ဖြစ်ရပ်များက ဘရပ်ဆဲလ်အနေဖြင့် တရုတ်နှင့် အမေရိကန်ကြား မညှပ်ဘဲ နေလိုလျှင် အချို့နယ်ပယ်များတွင် များစွာလုပ်ဆောင်ရန် လိုအပ်နေသေးကြောင်း သတိပေးနေသည်။

Linko
Ref : CNN : America's deal with UK and Australia leaves France bruised and Europe in the cold on China
စက်တင်ဘာ - ၂၄