【 နိုင်ငံတကာဆောင်းပါး 】 “တရုတ်၏ ကြီးထွားလာမှုကို ကြောက်ရွံ့နေမှု”

【 နိုင်ငံတကာဆောင်းပါး 】   “တရုတ်၏ ကြီးထွားလာမှုကို ကြောက်ရွံ့နေမှု”

ဘိုင်ဒန်အုပ်ချုပ်ရေးသည် တရုတ်နှင့် တင်းမာသော ယှဉ်ပြိုင်မှုကို ပုံဖော်ထားသည်။ သို့သော် ထိုကဲ့သို့ ယှဉ်ပြိုင်မှု ပြင်းထန်နေခြင်းမှာ တရုတ်၏ ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်များ၊ ကြီးမားသော အရင်းအမြစ်များ၊ နည်းစနစ်များနှင့် ကွန်မြူနစ်စနစ်များကြောင့်သာမက အမေရိကန်အနေဖြင့် ကိုယ်ကိုယ်တိုင် အားနည်းလာသောကြောင့် ဖြစ်သည်။ အမေရိကန်၏ စီးပွားရေး၊ နည်းပညာနှင့် စစ်ရေးအရ အားသာချက်များသည် အန္တရာယ် ဖြစ်လာပြီး နိုင်ငံရေးစနစ်သည်လည်း ယိုယွင်းလာကာ လူမှုရေးအရလည်း ထိခိုက်မှုများရှိလာသည်။ အမေရိကန်သည် ပြည်တွင်းတွင် ဖြစ်သော ပြဿနာအားလုံးကို တရုတ်အပေါ် အပြစ်ဖို့လျက်ရှိသည်။

တရုတ်အတွက် အားသာချက်များ ရယူနိုင်ရန်ကူညီနေသူမှာ အမေရိကန် ကိုယ်တိုင်ပင်ဖြစ်သည်။ တရုတ် က ဈေးသက်သာသော လုပ်အားခနှင့် လုပ်ငန်းလည်ပတ်ခကို ကမ်းလှမ်းသောကြောင့် အားပြိုင်လာချင်သော အမေရိကန်ကုမ္ပဏီများက ဝန်ထမ်းများကို လျှော့ချပစ်ပြီး အလုပ်လက်မဲ့နှုန်း တိုးစေသည်မှာ တရုတ်၏ အပြစ် ဖြစ်ပါသလား။ တရုတ်၏ ခါးပတ်နှင့်လမ်း အစီအစဉ်သည် စီးပွားရေး သံတမန်ဆက်ဆံရေးကို အားကောင်းစေသည်ဟု ဆိုသော်လည်း အမေရိကန်သည် ထိုနိုင်ငံများလိုအပ်နေသော အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုများနှင့် ငွေကြေးအကူအညီများကို တစ်ခုမျှ မပေးဆောင်ခဲ့ခြင်းဖြစ်သည်။ 

တရုတ်မှ ကိုဗစ်-၁၉ ပိုး စတင်ပျံ့နှံ့သည်မှန်သော်လည်း အမေရိကန်အတွင်း ကပ်ရောဂါကြောင့် ဆိုးကျိုး သက်ရောက်မှုအများစုမှာ အမေရိကန်၏ အမှားများကြောင့်သာ ဖြစ်သည်။ တရုတ်တွင် စတင်ဖြစ်ပေါ်ခဲ့သော ဗိုင်းရပ်စ်ပိုးကို တရုတ်ခေါင်းဆောင်များက အမေရိကန်သို့ ရောက်ရှိစေလိုသည့် ရည်ရွယ်ချက် မရှိခဲ့သည့်အပြင် ထိုဗိုင်းရပ်စ်ကို ကိုင်တွယ်ရန်အတွက် ဝါရှင်တန်တွင် ပြင်ဆင်ချိန် လုံလုံလောက်လောက် ရှိခဲ့သည်။

အမေရိကန်တွင် တရုတ်၏ လုပ်ငန်းလည်ပတ်မှုများ လွှမ်းမိုးလာမည်ကိုလည်း စိုးရိမ်သောကြောင့် ဒီမိုကရေစီနိုင်ငံက အကျင့်ပျက်လုပ်ငန်းများအဖြစ် စာရင်းသွင်းလျက်ရှိသည်။ တရုတ်သည် အမေရိကန်တွင် ဝါဒဖြန့်ခြင်းများ ပြုလုပ်နေသည်ဟု ဆိုသော်လည်း ယုံကြည်လက်ခံရန်မှာ အမေရိကန်ပြည်သူများ၏ စဉ်းစား နိုင်စွမ်းနှင့် အတွေးအခေါ်ပေါ်တွင်သာ မူတည်သည်။

တရုတ်က စစ်ရေး၊ နည်းပညာ၊ အာကာသနှင့် ဆိုက်ဘာ ကဏ္ဍတို့တွင် အားကောင်းလာခြင်းသည် အမေရိကန်၏ အမျိုးသားရေး လုံခြုံရေးကို ခြိမ်းခြောက်နေသည်ဟုလည်း ဆိုပြန်သည်။ တရုတ်သည် ရန်လိုသော အပြုအမူများ ပြုလုပ်ခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ လက်ဝါးကြီးအုပ်မှုကို ရည်ရွယ်ခြင်းများ မရှိသော်လည်း အမေရိကန်သည် ဩဇာလွှမ်းမိုးမှုမှ ရရှိနေသော အကျိုးအမြတ်များ ဆုံးရှုံးသွားမည်ကို စိုးရိမ်နေခြင်းသာ ဖြစ်သည်။

အမေရိကန်-တရုတ် ယှဉ်ပြိုင်မှုသည် ပြင်းထန်ပြီး စနစ်ကျသော ပုံစံဖြစ်သည်။ တရုတ်သည် ဒီမိုက ရေစီအပြင် ရွေးချယ်စရာအဖြစ် ဆိုရှယ်လစ်စနစ်ကို ကမ်းလှမ်းပေးသည်။ တရုတ်သည် ကုန်သွယ်ရေးနှင့် နည်း ပညာတွင် အမေရိကန်ကို ကျော်တက်ရန် ကြိုးစားနေသည်။ သို့သော် ပေကျင်းသည် အမေရိကန်၏ ဩဇာအာဏာ၊ ကြွယ်ဝချမ်းသာမှုများနှင့် ဒီမိုကရေစီစနစ်၊ အရင်းရှင်စနစ်တို့ကို ဖျက်ဆီးရန် ရည်ရွယ်ချင်းမရှိဘဲ တရုတ်၏ အကျိုးစီးပွားကို ကာကွယ်ပြီး တရုတ်အစိုးရ၏ အုပ်ချုပ်မှုပုံစံကို ကမ္ဘာပေါ်တွင် လက်ခံစေလိုခြင်းသာ ဖြစ်သည်။ စီးပွားရေးနှင့် နိုင်ငံရေး ယိုင်နဲ့လာပြီး နိုင်ငံတကာပုံရိပ် ကျဆင်းလာသော အမေရိကန်အတွက်မူ ထိုအချက်က ခြိမ်းခြောက်မှု ဖြစ်လာသည်။

အမေရိကန်သည် ပြည်တွင်းတွင်လည်း ရှုပ်ထွေးနေပြီး ပြည်ပတွင်လည်း အခန်းကဏ္ဍ ကျဆင်းလာသောကြောင့် တရုတ်နှင့် ယှဉ်ပြိုင်မှုအား ပိုမိုအားစိုက်ထုတ်နေခြင်း ဖြစ်သည်။ ရာသီဥတုပြောင်းလဲခြင်းကဲ့သို့ ကိစ္စရပ်မှလွဲပြီး တရုတ်နှင့် မပူးပေါင်းလိုသော ဘိုင်ဒန်အုပ်ချုပ်ရေးသည် အားနည်းနေသော အဖြစ်ကို မြင်အောင်မပြလိုခြင်းဖြစ်သည်။ ပေကျင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် အကျိုးအမြတ် ရမည်မှန်သော်လည်း ထိုကဲ့သို့ ပြုလုပ်ရန် ပြည်တွင်းနိုင်ငံရေးအခြေအနေကို ဘိုင်ဒန်က မစွန့်စားလိုခြင်း ဖြစ်သည်။

တရုတ်သို့ ချည်းကပ်ရာတွင် ဘိုင်ဒန်အုပ်ချုပ်ရေးက ပုံဖော်နေသော အခြားတစ်ချက်မှာ အမေရိကန်က အားသာသော ကဏ္ဍမှ ပါဝင်နေခြင်းဟူသော အချက်ဖြစ်သည်။ ပြည်တွင်းရေး အရှုပ်အထွေးများနှင့် ပြည်ပပုံရိပ် ကျဆင်းနေသော အမေရိကန်သည် ယုံကြည်မှုနည်းပါးနေကြောင်းကို ပြသနေခြင်း ဖြစ်သည်။  အမေရိကန်က တရုတ်အတွက် စည်းမျဉ်းကန့်သတ်ချက်များ သတ်မှတ်ပေးလိုခြင်းဖြစ်ပြီး တရုတ်ဘက်က စည်းမျဉ်း သတ်မှတ် ချက်များအားလုံးကို သာတူညီမျှသော ကဏ္ဍမျိုးဖြင့်သာ ချမှတ်သင့်သည်ဟု ဆိုသည်။ အမေရိကန်က တရုတ်၏ အထပ်တွင် ရှိနေသည်ဟု ပြောဆိုနေရခြင်းမှာ အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာ အခန်းကဏ္ဍ အားနည်းလာသည်ကိုလည်း ပြသလျက်ရှိသည်။ ထို့ကြောင့် ဆက်ဆံရေးတွင် ဖြစ်လာသမျှ အထစ်အငေါ့အားလုံးကို တရုတ်သို့ အပြစ်ဖို့လျက်ရှိသည်။ တရုတ်ကမူ ပြဿနာကို စတင်ခဲ့သူမှာ အမေရိကန်ဖြစ်သည့်အတွက် အမေရိကန်ဘက်မှ စတင်အလျှော့ပေး ဖြေရှင်းရမည်ဟု ဆိုထားသည်။

ထိုကဲ့သို့ ပြဿနာရပ်များတွင် ထိုင်ဝမ်ပြဿနာသည်လည်း အပါအဝင်ဖြစ်သည်။ အမေရိကန်က ကတိကဝတ်ပြုထားခဲ့သော “တရုတ်တစ်ပြည်ထောင်” မူဝါဒကို လျစ်လျူရှုထားခြင်းကို ဖုံးကွယ်ကာ တရုတ်က ထိုင်ဝမ် အပေါ် စစ်ရေးအရ ခြိမ်းခြောက်နေသည်ဟုသာ ထပ်တလဲလဲ ပြောဆိုလျက်ရှိသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက အမေရိကန်အနေဖြင့် အပြောနှင့်အလုပ် တလွဲလုပ်မနေဘဲ စစ်မှန်သော “တရုတ်တစ်ပြည်ထောင်” ကတိကို တည်သင့်သည်ဟု ဆိုခဲ့သည်။ သို့သော် ထိုကတိကို တသွေမတိမ်း လိုက်နာပါက ထိုင်ဝမ်အရေးတွင် တရုတ်ကို ကိုင်တွယ်ပုံ ပျော့ပြောင်းသည်ဟု အမြင်မခံလိုသောကြောင့် တရုတ်က အန္တရာယ်ပေးခြိမ်းခြောက်နေသည်ဟု လှည့်စားလိုက်ခြင်း ဖြစ်သည်။

အမေရိကန်၏ ပြည်တွင်းရေး အားနည်းလာမှုသည်လည်း နှစ်နိုင်ငံယှဉ်ပြိုင်မှုတွင် သက်ဆိုင်နေသည်။ ဘိုင်ဒန်သည် ပြိုင်ဆိုင်မှုအား ဒီမိုကရေစီနှင့် အာဏာရှင်ကြား ပြိုင်ဆိုင်မှုဟု ခေါင်းစဉ်တပ်လေ့ရှိသည်။ ထို့ကြောင့် ဘိုင်ဒန်သည် “ဒီမိုကရေစီ ထိပ်သီးအစည်းအဝေး ၂၀၂၁” ကို ခေါ်ယူကျင်းပခဲ့ခြင်းဖြစ်သည်။ အမှန်တကယ်တွင် အမေရိကန်၏ ဒီမိုကရေစီသည် ပြည်တွင်းစိန်ခေါ်မှုများနှင့် ကြုံတွေ့နေရခြင်းသာ ဖြစ်သည်။ 

ထိုကဲ့သို့ တရုတ်ကို ရင်ဆိုင်ရာတွင် ဘိုင်ဒန်အုပ်ချုပ်ရေးက စိတ်တူကိုယ်တူနိုင်ငံများနှင့် ပူးပေါင်းခြင်း၏ အရေးပါပုံကို အလေးထားခြင်းဖြစ်သည်။ ထိုသို့ စိတ်တူကိုယ်တူဖြစ်ရန်အတွက် အမေရိကန်၏ မဟာမိတ်များသည် ပေကျင်းက နိုင်ငံတကာအပြုအမူတွင် ရန်လိုမှုရှိပြီး အာဏာရှင်စနစ်ကို တစ်ကမ္ဘာလုံးတွင် တရားဝင်ဖြစ်စေ ရေးအတွက် အားထုတ်နေသည်ဟု သဘောတူကြသည်။ သို့သော် တရုတ်က ကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုးမှုကို လိုချင်နေသည်ဟူသော အချက်ထပ် ပိုမို အာရုံစိုက်ကြသည်မှာ တရုတ်က ဘာကြောင့် အားသာနေရသလဲဟူသော အချက်များ ဖြစ်သည်။ ထို့အပြင် အမေရိကန်၏ အလွန်အကျူး ထိပ်တိုက်ရင်ဆိုင်ခြင်း နည်းလမ်းကို အချို့သော မဟာမိတ်နိုင်ငံများက မနှစ်မြို့ကြပေ။ အမေရိကန်အနေဖြင့် အမေရိကန်-တရုတ် ဆက်ဆံရေး သို့မဟုတ် တရုတ် နှင့် အခြားကမ္ဘာ့နိုင်ငံများ ဆက်ဆံရေးတွင် စည်းဘောင်များ သတ်မှတ်နိုင်သော ကဏ္ဍတွင် ရှိမနေကြောင်းကို သိမြင်လာကြသည်။

အမေရိကန်သည် ဖြစ်လာသမျှ ပြည်တွင်းပြဿနာများကို တရုတ်အပေါ် အပြစ်ဖို့နေသောကြောင့် ထိုပြဿနာများ၏ ပြည်တွင်းအရင်းအမြစ်ကို ဖြေရှင်းနိုင်ခြင်း မရှိတော့ပေ။ ထို့အပြင် ပုံကြီးချဲ့ထားသော ခြိမ်းခြောက်မှုများကြောင့် နှစ်နိုင်ငံဆက်ဆံရေးကို ပြင်ဆင်ရန် ခက်ခဲလာပြီး အမေရိကန်က တရုတ်ကို ထိန်းချုပ်ကာ ကွန်မြူနစ်အစိုးရကို ဖြုတ်ချချင်နေသည်မှာ ပိုမို ပေါ်လွင်လာသည်။

ဆက်ဆံရေးကို ပြန်လည်တည့်မတ်ရန်အတွက် ပေကျင်းနှင့် ဝါရှင်တန်တို့သည် တစ်ဦးနှင့်တစ်ဦး ပိုမို လက်တွေ့ကျသော ပုံစံဖြင့် ချည်းကပ်သင့်သည်။ တရုတ်အနေဖြင့် အမေရိကန်အပေါ်တွင် ပျော့ပျောင်း လွန်း သည်ဟူသော ပြည်တွင်းအမြင်ကို ရှောင်ရှားပြီး တရုတ်၏ အင်အားကို အလွန်အကျူးပြသချင်းကိုလည်း ရှောင် ရှားသင့်သည်။ အမေရိကန်ကမူ အင်အားဟန်ချက်တွင် တရုတ်ပါဝင်သော သမိုင်းကြောင်း ဖြစ်ပေါ်လာပြီကို အသိအမှတ်ပြုရမည်ဖြစ်ပြီး တရုတ်အပေါ် ယှဉ်ပြိုင်နေမှုများအား ကန့်သတ်ကာ ပြည်တွင်း နိုင်ငံရေးအခြေအနေ ယိုယွင်းလာခြင်းနှင့် နိုင်ငံတကာပုံရိပ်ကျလာခြင်းတို့ကို လက်ခံပြီး စီးပွားရေးနှင့် နိုင်ငံရေး အားနည်းချက်များတွင် ကိုယ်ကိုယ်တိုင်၏ တာဝန်ကို ရင်ဆိုင်ဖြေရှင်းရမည်ဖြစ်သည်။

အမေရိကန်က တရုတ်ကို လုံးလုံး အရှုံးပေးရမည်ဟု မဆိုဘဲ လက်ဝါးကြီးအုပ်မှုမှ ယှဉ်ပြိုင်ရေး အကျိုးအမြတ် ရရှိနေခြင်းကို လျှော့ချရန်နှင့် အာဏာရှင်စနစ်နှင့် ဒီမိုကရေစီဟူသော နှိုင်းယှဉ်ချက်ကို လျှော့ချရန် ဖြစ်သည်။ အရင်ဆုံး အမေရိကန်အနေဖြင့် ပြည်တွင်း ဒီမိုကရေစီ အုပ်ချုပ်ရေးကို ပြန်လည်ထိန်းသိမ်းသင့်သည်။ ပြိုင်ပွဲဆိုသည်မှာ အနိုင်ရသူတစ်ဦးတည်းက အကုန်ပိုင်ဆိုင်ရမည်ဟူသော ပုံသေကားချပ် မရှိခြင်း ဖြစ်သည်။ ပြည်တွင်းနိုင်ငံရေးပြဿနာကို အဖြေရှာနိုင်ပါက တရုတ်နှင့် ပတ်သက်သော စိန်ခေါ်မှုတွင် ပိုမိုလက်တွေ့ကျသော ချည်းကပ်မှုကို တည်ဆောက်နိုင်မည်ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းပြီး ဆွေးနွေးမှုများရှိသော ယှဉ်ပြိုင်မှုအဖြစ်သို့ ပြောင်းလဲနိုင်မည်ဖြစ်သည်။ 

နိုဝင်ဘာလတွင် ပြုလုပ်ခဲ့သော သမ္မတ ရှီနှင့်ဘိုင်ဒန်တို့၏ တွေ့ဆုံပွဲတွင် အရေးပါသော ခြေလှမ်းအနည်းငယ်ဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း ဦးတည်ချက်သို့ လှမ်းခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်များ အနေဖြင့် သံတမန်ရေးအရ ဆက်ဆံရေးကို ချဲ့ထွင်လိုကြောင်း ပြောခဲ့ကြသည်။ ဘိုင်ဒန်-ရှီ တွေ့ဆုံခြင်းသည် ပူးပေါင်းဆောင်ရွက်သော ယှဉ်ပြိုင်ခြင်းသို့ ပြောင်းလဲရန် အခွင့်အရေးတစ်ခုဖြစ်ပြီး လေးနက်သော ဆွေးနွေးညှိနှိုင်းခြင်းများ ပြုလုပ်နိုင်မည့် အစခြေလှမ်းတစ်ခုလည်း ဖြစ်သည်။

သို့သော် ဝါရှင်တန်အနေဖြင့် ထိုလမ်းကို လိုလိုလားလား လိုက်လိုခြင်း အားနည်းနေခြင်း ဖြစ်သည်။ ဘိုင်ဒန်အုပ်ချုပ်ရေးက ဘိုင်ဒန်-ရှီ အစည်းအဝေးမှ အောင်မြင်မှုရရန် အနည်းငယ်သာ မျှော်မှန်းထားပြီး အကျိုးအမြတ်မရှိသော ဆွေးနွေးပွဲများတွင် ပါဝင်မည်မဟုတ်ဟု ဆုံးဖြတ်ထားကြောင်းလည်း ဆိုသည်။ ထို့အပြင် ပေကျင်းသို့ ချည်းကပ်ရာတွင် “ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ညှိနှိုင်းဆွေးနွေးခြင်း” ဟူသော ခေါင်းစဉ်မတပ်ဘဲ “ယှဉ်ပြိုင်မှုကို စီမံခန့်ခွဲခြင်း” အဖြစ်သာ လက်ခံကျင့်သုံးနေခြင်း ဖြစ်သည်။ ခေါင်းဆောင်နှစ်ဦး၏ ထိပ်သီးအစည်းအဝေးပြီးသည့်နောက် အပြုသဘောဆောင်သော လမ်းကြောင်းကို လျှောက်လမ်းနိုင်ရန်အတွက် အမေရိကန်အနေဖြင့် နှစ်နိုင်ငံကြား တင်းမာမှုအတွက် တာဝန်ရှိမှုကို ရင်ဆိုင်ပြီး ပြည်တွင်းပြဿနာများကို ဖြေရှင်းကာ ပူးပေါင်းဆောင်ရွက်မှုအတွက် ငြင်းဆန်နေခြင်းအား ကျော်လွှားရမည်ဖြစ်သည်။

ဘိုင်ဒန်အုပ်ချုပ်ရေး၏ အမျိုးသားလုံခြုံရေးကောင်စီတွင် တရုတ်မူဝါဒကို ပုံဖော်သူနှစ်ဦးဖြစ်သည့် ကာ့ထ် ကမ့်ဘဲလ်နှင့် ရက်ရှ် ဒိုရှီတို့သည် ဒီဇင်ဘာလ ၂၀၂၀ ခုနှစ်၌ နိုင်ငံခြားရေးရာ ဂျာနယ်တစ်ခုတွင် အမေရိကန်အနေ ဖြင့် ယခင်အခန်းကဏ္ဍမှ အားလျော့လာသည်ဟူသော အချက်ကို မှားယွင်းကြောင်း သက်သေပြရန် လိုအပ်သည် ဟု ရေးသားခဲ့သည်။ အမှန်တကယ်တွင် အမေရိကန်သည် အားလျော့လာလျက်ရှိသည်။ သို့သော် ထိုအခြေအနေ ကို ပြန်လည် ပြောင်းလဲနိုင်သေးသည်။ ကမ့်ဘဲလ်နှင့် ဒိုရှီတို့က အမေရိကန်သည် မိမိကိုယ်တိုင် ပြုပြင်ပြင်ဆင် နိုင်သော စွမ်းရည်ရှိသည်ဟု ဆိုသည်။ ယခုအခါတွင် ထိုစွမ်းရည်သည် နှစ်ပေါင်း ၅၀ အတွင်း အပြင်းထန်ဆုံး စမ်းသပ်မှုနှင့် ရင်ဆိုင်နေရသည်။ အမေရိကန်အနေဖြင့် အားကောင်းနေဆဲဖြစ်သည်ကို သက်သေမပြနိုင်ဘဲ တရုတ်ကို အကျိုးရှိရှိ ယှဉ်ပြိုင်မှုတွင် စည်းလုံးညီညွတ်မှု ပြိုကွဲပါက အပြစ်တင်ရမည်မှာ အမေရိကန်ကိုယ်တိုင်သာ ဖြစ်သည်။ 

Ref: nationalinterest:Why Americans Fear China’s Rise

Linko