【 နိုင်ငံတကာဆောင်းပါး 】 “နာရီပေါင်းများစွာ စောင့်နေခဲ့သော်လည်း”

【 နိုင်ငံတကာဆောင်းပါး 】 “နာရီပေါင်းများစွာ စောင့်နေခဲ့သော်လည်း”

လွန်စွာငွေလိုအပ်နေသော ဘဏ်ဝန်ဆောင်မှုအသုံးပြုသူများသည် နံနက် ၃ နာရီခွဲတွင် ငွေထုတ်ရန် စတင်တန်းစီကြသည်။အရုဏ်တက်သောအခါ ထိုလူတန်းကြီးတွင် လူ ၃၀၀ ကျော်ရှိပြီဖြစ်သည်။မွန်းတည့်ချိန်ရောက်သောအခါ အပူချိန်မှာ ၃၈ ဒီဂရီ ဆဲလ်စီးယပ် ရှိနေပြီဖြစ်ပြီး အများအပြားမှာ ထိုနေ့သည် ၎င်းတို့သည် ၎င်းတို့ပိုင်ဘဏ်စာရင်းများမှ ငွေထုတ်ခွင့်ရလေနိုးနှင့် စောင့်ဆိုင်းနေဆဲဖြစ်သည်။

လွန်ခဲ့သောလ ၆ လက စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသည် ငွေသားပြတ်လပ်မှုရှိသောကြောင့် ချိနဲ့နေသည်။

ဘဏ်မှငွေများကို အလုအယက်ထုတ်ယူမည်ကိုကာကွယ်ရန် ငွေထုတ်စက် အနည်းငယ်တွင်သာ ငွေထည့်ပေးပြီး ဘဏ်မှငွေထုတ်ယူခွင့်ကိုလည်း အမေရိကန်ဒေါ်လာ ၁၂၀ ခန့်သာ အများဆုံးထုတ်ခွင့်ပြုတော့သည်။

စီးပွားရေးရိုက်ခတ်မှုသည် ကြီးမားသောအကျိုးဆက်များရှိသည်။ငွေသားပြတ်တောက်နေသောကြောင့် ငွေစုဆောင်းထားသူများသည် ၎င်းတို့စုဆောင်းငွေများကို ပြန်မထုတ်နိုင်တော့ဘဲ စီးပွားရေးလုပ်ငန်းများကို မပေးချေနိုင်တော့၊ ထိုအခါ စီးပွားရေးလုပ်ငန်းများကလည်း ၎င်းတို့၏အလုပ်သမားများနှင့် မြီရှင်များကို ငွေမပေးနိုင်တော့ပေ။ချေးငွေနှင့် အကြွေးများကိုလည်း ကောက်ခံနိုင်ခြင်းမရှိတော့ပေ။ကျပ်ငွေတန်ဖိုးသည် ဒေါ်လာနှင့်ယှဉ်လျှင် ၂၀ ရာခိုင်နှုန်း ပြိုဆင်းသွားသည်။

ယခုအခါ တစ်နေ့လျှင် မြန်မာတစ်နိုင်ငံလုံးရှိ ငွေထုတ်စက် ၁၀၀ ခန့်တွင်သာ ငွေထုတ်ပေးနေသည်။ငွေသားများကို စုဆောင်းခြင်းသည် ကျယ်ပြန့်လာနေပြီး စီးပွားရေးလုပ်ငန်းအများအပြားက ငွေသားသာလက်ခံပြီး ဘဏ်မှ ဒစ်ဂျစ်တယ်နည်းဖြင့် ငွေလွှဲသည်ကို လက်မခံတော့ပေ။

အွန်လိုင်းမှလွှဲပေးသောငွေများကို ၇ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိယူပြီး ငွေသားလဲပေးသည့် ငွေသားပွဲစားသစ်တစ်မျိုး ပေါ်ပေါက်လာသည်။လက်တွေ့တွင် မြန်မာနိုင်ငံတွင် ငွေတန်ဖိုး ၂ မျိုးဖြစ်နေသည်။ပိုမိုတန်ဖိုးကြီးမားသော ငွေသားနှင့် ပိုမိုတန်ဖိုးနည်းသော အွန်လိုင်းငွေကြေးတို့ဖြစ်သည်။

မြန်မာနိုင်ငံသည် ပြီးပြည့်စုံသည့် ဘဏ္ဍာရေးအကျပ်အတည်းအတွင်း ကျရောက်တော့မည်ဟု ကျွမ်းကျင်သူများက သတိပေးနေပြီဖြစ်သည်။

"အခုတော့ အရာရာရပ်တန့်သွားပြီး။ဒါဟာ အင်မတန်နက်ရှိုင်းတဲ့ စီးပွားရေးအကျပ်အတည်းပဲ။ယုံကြည်မှုပြဿနာပေါ့။စစ်ကောင်စီအပေါ် ယုံကြည်မှု၊ ဘဏ်တွေနဲ့ စီးပွားရေးအပေါ်ယုံကြည်မှုပေါ့" ဟု နိုင်ငံတကာအကျပ်အတည်းလေ့လာရေးအုပ်စုမှ မြန်မာနိုင်ငံဆိုင်ရာ အကြံပေး ရစ်ချတ်ဟော်ဆေး ပြောသည်။

ဗိုလ်ချုပ်များက တိုင်းပြည်စီးပွားရေးကို နှစ်ပေါင်း ၅၀ ချုပ်ကိုင်ထားပြီးနောက် လွန်ခဲ့သောဆယ်စုနှစ် ဖြည်လျှော့လိုက်သောအခါ မြန်မာ့စီးပွားရေးသည် စတင်ကျယ်ပြန့်လာသည်။ဖေဖေါ်ဝါရီလတွင် စစ်တပ်က အာဏာပြန်သိမ်းလိုက်သောအခါ ထိုတိုးတက်မှုများ ချက်ခြင်းဆုံးရှုံးသွားတော့သည်။

စစ်အာဏာသိမ်းမှုနှင့် လူအနည်းဆုံး ၉၄၅ ဦးကို သတ်ဖြတ်မှုကြောင့် အစိုးရနှင့် ပုဂ္ဂလိကဘဏ်များအပေါ် ယုံကြည်မှုပျောက်ကွယ်သွားသည်။ထိုသတ်ဖြတ်ခံရသူအများစုကို ဆန္ဒပြပွဲများအတွင်း စစ်သားများက ပစ်သတ်လိုက်ခြင်းဖြစ်သည်။

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုနှင့် အထွေထွေသပိတ်ကြောင့် စီးပွားရေးရပ်တန့်သွားသည်။အာဏာသိမ်းသည့် ပထမလအတွင်း တိုင်းပြည်ရှိဘဏ်ခွဲများအားလုံးနီးပါး ပိတ်သွားသည်။အွန်လိုင်းငွေပေးချေမှုကို ကန့်သတ်ခြင်းကဲ့သို့သော စစ်ကောင်စီ၏ မှားယွင်းသည့်ခြေလှမ်းများကြောင့် အကျပ်အတည်း ပိုမိုဆိုးရွားသွားစေသည်။

မတ်လလယ်တွင် စစ်ကောင်စီသည် လူမှုအာဏာဖီဆန်ရေးလှုပ်ရှားမှုကို အင်အာချိနဲ့သွားစေရန် မိုဘိုင်းအင်တာနက်များပိတ်လိုက်သည်။သို့သော် ထိုသို့လုပ်ခြင်းကြောင့် မိုဘိုင်းငွေလွှဲပြောင်းခြင်းမလုပ်နိုင်တော့။ထိုသို့ ငွေလွှဲပြောင်းမှုသည် လူအများသုံးနေသည့် ငွေသားမလိုပဲပေးချေသည့် နည်းလမ်းဖြစ်သည်။

"ဘဏ်တွေပိတ်လိုက်တော့ လူတွေက ငွေထုတ်မရမှာကို စိုးရိမ်သွားတာ" ဟု တာဝန်သိသော စီးပွားရေးလုပ်ငန်းများဆိုင်ရာ မြန်မာဌာနမှ ဒါရိုက်တာနှင့် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီ ဘိုးမင်း ပြောသည်။

"နောက်တော့ စစ်ကောင်စီက မိုဘိုင်းအင်တာနက်ကိုပိတ်လိုက်တော့ အခြေအနေပိုဆိုးသွားတယ်။လူတွေက ငွေသားပိုမိုလိုလာတာပေါ့" ဟု သူပြောသည်။

မန္တလေးမှ ကမ္ဘောဇဘဏ်ငွေစာရင်းကိုင်သူများသည် အာရုဏ်မတက်မီ တန်းစီရင်း ကံကောင်းမည်ဟု ခန့် မှန်းနေကြသည်။ထိုနေ့နံနက်တွင် ဝန်ထမ်းများ အလုပ်နောက်ကျရောက်လာပြီး စက်များအတွင်းသို့ ငွေများဖြည့်ကြသည်။တန်းစီနေသူများထဲမှ ၃၈ ဦး ငွေရသည်။ ၃၉ ယောက်မြောက်တန်းစီသူ မမေသွေးချယ်အလှည့်တွင် စက်အတွင်းငွေကုန်သွားသည်။

"မြန်မာနိုင်ငံသားဖြစ်ရတာ ကျိန်စာမိတာပဲလို့ ခံစားရတယ်" ဟု သူပြောသည်။

"အများအားဖြင့် အေတီအမ်စက်မှာ အချိန်ကုန်တာပဲ။ဒါပေမယ့် ဘာမှရွေးစရာမရှိတော့ဘူး" ဟု သူပြောသည်။

ကျေးလက်ဒေသများတွင် ငွေသားမှာ ပိုမိုရှားပါးပြီး နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမြင့်မားနေပြီး ကျန်းမာရေးစနစ်ပြိုလဲနေသောကြောင့် အချို့လယ်သမားများသည် ကုန်ပစ္စည်းချင်းဖလှယ်သောစနစ်ကို ကျင့်သုံးကြရပြီး ၎င်းတို့စိုက်ပျိုးသော သီးနှံများကို အခြားအမျိုးအစား အစားအသောက်များ၊ ဆေးဝါးဝန်ဆောင်မှုများနှင့် လဲလှယ်ကြရသည်။

မြို့ပြတွင်နေထိုင်သူများသည် ဆိုင်ကယ်နှင့် ကင်မရာကဲ့သို့သောပစ္စည်းများကို အွန်လိုင်းတွင် အောက်ဆီဂျင်အတွက် လဲလှယ်ကြသည်။စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်း က ဘဏ္ဍာရေးအကျပ်အတည်းသည် ကပ်ရောဂါကြောင့် နယ်စပ်ပိတ်ထားရခြင်းကြောင့်လည်း တစိတ်တပိုင်းဖြစ်ကြောင်း အပြစ်တင်သည်။သို့သော် ငွေကြေးပြတ်တောက်မှုအကျပ်အတည်းကို ယခုလအတွင်းဖြေရှင်းမည်ဖြစ်ကြောင်း သူကပြောလိုက်သည်။

စစ်ကောင်စီက အရပ်သားများကို အကြမ်းဖက်ဖြိုခွဲသောကြောင့် မြန်မာနိုင်ငံငွေစက္ကူရိုက်နှိပ်ရန် ကုန်ကြမ်းပေးသော ကုမ္ပဏီဖြစ်သည့် Giesecke+Devrient က ကုန်ကြမ်းပို့ဆောင်မှုကို မတ်လတွင် ရပ်ဆိုင်းလိုက်သည်။သို့သော် အနည်းငယ်ကွဲပြားခြားနားသည့် အသစ်စက်စက်ရိုက်နှိပ်ထားသော ငွေစက္ကူများ (တရုတ်နိုင်ငံမှဟု ယူဆရသည့်) သည် ဇွန်လတွင် စတင်လှည့်ပတ်လာသည်။

ဗဟိုဘဏ်သည် ငွေစက္ကူသစ်များ စတင်ရိုက်နှိပ်နေကြောင်း မြန်မာနိုင်ငံမှအရာရှိများက အတည်ပြုပြောကြားသော်လည်း တိုင်းပြည်ဘဏ္ဍာရေးအခြေအနေသည် ဆက်လက်ဆိုးရွားမည်မဟုတ်ဟု မျှော်လင့်ကြောင်းလည်းပြောသည်။

"ဗဟိုဘဏ်က ငွေစက္ကူသစ်တွေရိုက်ထုတ်နေတာ ဟုတ်ပါတယ်" ဟု ဒုဥက္ကဋ္ဌ ဦးဝင်းသော် ပြောသည်။

"ဒါပေမယ့် စည်းကမ်းမဲ့ထုတ်နေတာမဟုတ်ဘူး။ငွေကြေးဖေါင်းပွမှုကိုတားဆီးဖို့ ငွေကြေးမူဝါဒနဲ့ ဘဏ္ဍာရေးမူဝါဒနဲ့အညီ တွက်ချက်ထားပါတယ်" ဟု သူပြောသည်။

"မြန်မာငွေတန်ဖိုးက ကျဆင်းနေတယ်။ဒါပေမယ့် အောက်ဆုံးတော့မရောက်သေးဘူး" ဟု ရန်ကုန်ရှိ စီးပွားရေးမူဝါဒသုတေသနဌာနမှ သုတေသီဟောင်း  ဦးဟိန်းမောင် ပြောသည်။

"ဒီအကျပ်အတည်းကို နိုင်ငံရေးအပြောင်းအလဲနဲ့ပဲ ဖြေရှင်းလို့ရတယ်" ဟု သူပြောသည်။

စစ်ကောင်စီအနေဖြင့် ငွေစက္ကူများရိုက်ထုတ်ပြီး စီးပွားရေးအကျပ်အတည်းမှ မလွတ်မြောက်နိုင်ကြောင်းလည်း သူကပြောသည်။ဘဏ္ဍာရေးအကျပ်အတည်းသည် လာမည့်လများတွင် ပိုမိုဆိုးရွားလာနိုင်ကြောင်း သူကပြောသည်။

ငွေထုတ်ယူမှုကန့်သတ်ခြင်း၏ ရည်မှန်းချက်တစ်ခုမှာ ဒီမိုကရေစီလိုလားသောလှုပ်ရှားမှုသို့ ငွေသားများရောက်ရှိနိုင်သည့်ပမာဏကို လျှော့ချရန်ဖြစ်သည်။

ဘဏ်များသည်လည်း ငွေထုတ်စက်များကဲ့သို့ပင် ငွေထုတ်ယူသူအရေအတွက်ကို အကြီးအကျယ်ကန့်သတ်ထားပြီး အမေရိကန်ဒေါ်လာ ၃၀၀ ခန့်သာ အများဆုံးထုတ်ပေးတော့သည်။အမေရိကန် ကုမ္ပဏီ  Western Union သည်လည်း ငွေကောက်ခံရာတွင် အခက်အခဲများတွေ့ရတော့သည်။

Western Union သည် ၎င်း၏ငွေပေးငွေယူများကို ကိုင်တွယ်ရန် မြန်မာဘဏ်များကို အားကိုးရသည်။သို့သော် ထိုဘဏ်များက အာဏာသိမ်းပြီးနောက် ငွေလွှဲပြောင်းမှုအများအပြားကို တင်းကျပ်ထားသည်။နေ့စဉ် ဒါဇင်အနည်းငယ်သော ပြည်သူများသာ ငွေထုတ်ယူနိုင်ကြပြီး အမေရိကန်ဒေါ်လာ ၄၂၅ ဒေါ်လာအောက် လွှဲငွေများကိုသာ ထုတ်ယူနိုင်ကြသည်။ထိုထက်များသော ငွေလွှဲပြောင်းမှုများကို ထိန်းသိမ်းထားလိုက်သည်။

အဆက်အသွယ်ကောင်းသော ပွဲစားများသာ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်နည်းသစ်နှင့် အလွယ်တကူ လိုက်လံပြောင်းလဲနိုင်ကြသည်။အချို့ပွဲစားများက ဘဏ်မန်နေဂျာကို ၃ ရာခိုင်နှုန်း လာဘ်ထိုးပြီး ငွေသားရသည်ဟု တိုးတိုးတိတ်တိတ်ပြောကြသည်။အဆင့်မြင့်စစ်အရာရှိများသည်လည်း ငွေသားများကိုထုတ်ယူခဲ့ကြပြီးဖြစ်ကာ အချို့သော ငွေကြေးပွဲစားများ၏အကူအညီနှင့်ဖြစ်သည်ဟု ယုံကြည်ရသည်။

"တချို့ဘဏ်ဝန်ထမ်းတွေက မရိုးသားကြဘူး" ဟု ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဝင်းသော် ပြောသည်။

"ငွေသားရဖို့ ရာခိုင်နှုန်းယူတဲ့ ဘဏ်ဝန်ထမ်းတွေကို ကျနော်တို့အရေးယူမယ်" ဟု သူပြောသည်။

လူဦးရေ ၅ သန်းရှိသော ရန်ကုန်တွင် ငွေထုတ်စက် ၂ ဒါဇင်ကိုသာ နေစဉ်ငွေဖြည့်ပေးကြောင်း ဗဟိုဘဏ်၏အဆိုအရ သိရသည်။လူဦးရေ ၁.၅ သန်းရှိသော မန္တလေးတွင် ငွေထုတ်စက် ၁ ဒါဇင်ခန့်ကိုသာ နေ့စဉ် ငွေဖြည့်ပေးသည်။မည်သည့်ငွေထုတ်စက်တွင် ငွေဖြည့်ပေးမည်ကို ဘဏ်ဝန်ဆောင်မှုအသုံးပြုသူများ မသိကြပေ။

အလျင်အမြန်ကူးစက်နေသည့် ကိုဗစ်-၁၉ အန္တရာယ်ရှိနေသော်လည်း လူတန်းကြီးများသည် နံနက်ခင်းစောစောကတည်းကပင် ငွေထုတ်စက်များတွင် တန်းစီနေကြပြီဖြစ်သည်။မည်သည့်ငွေထုတ်စက်တွင် ငွေထည့်ပေးမည်ကို ကြေညာလိုက်သောအခါ လူထောင်ပေါင်းများစွာတို့သည် ငွေမထည့်ပေးသော စက်တွင်တန်းစီနေသည်မှာ နာရီပေါင်းအတန်ကြာပြီဖြစ်သည်။

အသက် ၂၈ နှစ်ရှိပြီဖြစ်သော စာရင်းကိုင် မမေသွေးချယ်သည် သူမ၏ငွေကိုထုတ်ရန် တစ်ခုတည်းသောဘဏ်ခွဲသို့ ၅ လနီးပါး နေ့တိုင်းနီးပါးသွားသော်လည်း ၄ ကြိမ်သာ ငွေထုတ်ခဲ့ရသည်။

ထိုကဲ့သို့သောအတွေ့အကြုံသည် ဘဏ်တွင်ငွေအပ်သူများအတွက် ဖြစ်ရိုးဖြစ်စဉ်ဖြစ်နေသည်။

ထိုသို့တန်းစီသူများ၏ရှေ့ဆုံးတွင် ငွေပွဲစားတစ်ယောက်သည် သူ့ကိုယ်သူ ကြီးကြပ်သူခန့်ပြီး အမိန့်များပေးကာ လူတိုင်း၏လက်တွင် ဖျက်မရသောမင်နှင့် နံပတ်တစ်ခုစီရေးပေးသည်။ထို့နောက် ငွေထုတ်မည့်သူမျာသည် ရှည်ကြာစွာစောင့်ရသည်။အချို့က ၎င်းတို့၏ဖိနပ်လေးများကိုခုထိုင်သည်၊ အချို့ကမြေကြီးပေါ်ထိုင်သည်။မစ်ကီမောက်စ် ညအိပ်ဝတ်စုံနှင့် အမျိုသမီးတစ်ဦးသည် ကြိုးနှင့်ဆွဲလာသော ပလပ်စတစ်ကုလားထိုင်ကလေးတစ်လုံးယူလာပြီးထိုင်ကာ နေရာရှေ့တိုးတိုင်း ထိုကုလားထိုင်ကလေးကို သယ်သွားသည်။

"တခါတခါ ကျမတို့မှာ ဆန်နဲ့ စားစရာဝယ်ဖို့ ငွေမရှိဘူး။တခါတခါ အရမ်းစိတ်ဓာတ်ကျပြီး ကိုယ့်ကိုကိုယ်သတ်သေဖို့တောင် စဉ်းစားမိတယ်။စစ်အာဏာသိမ်းမှုကြောင့် ကျမတို့အိပ်မက်တွေ ဆုံးရှုံးသွားပြီ" ဟု သူမကပြောသည်။

Linko
Ref : The New York Times-People in Myanmar wait hours to withdraw cash, but most ATMs are empty
သြဂုတ် - ၁၃