【 နိုင်ငံတကာဆောင်းပါး 】 “ဘိုင်ဒန်၏ သက်တမ်းတစ်နှစ်တာအတွင်း အာရှဆိုင်ရာ မူဝါဒ”

【 နိုင်ငံတကာဆောင်းပါး 】 “ဘိုင်ဒန်၏ သက်တမ်းတစ်နှစ်တာအတွင်း အာရှဆိုင်ရာ မူဝါဒ”

ပြီးခဲ့သောနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့က သမ္မတရာထူးယူခဲ့သော အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် ရာထူးစတင်မယူစဉ်ကပင် အိမ်ဖြူတော်၌ အာရှဆိုင်ရာ အကြံပေးတစ်ဦး ခန့်ထားမည့်အကြောင်း ကြေညာခဲ့ပြီး အာရှဒေသအတွင်းရှိ အဓိကခေါင်းဆောင်များနှင့် အဆက်အသွယ်ပြုလုပ်ခဲ့ကာ အမေရိကန်၏ အဓိကပြိုင်ဖက်ဖြစ်သော တရုတ်ကြောင့် ဖြစ်ပေါ်လာသည့် စိန်ခေါ်မှုများကို ဖြေရှင်းသွားမည်ဟု ကတိပြုခဲ့သည်။

သမ္မတရာထူးယူပြီး တစ်နှစ်အချိန်အတွင်း ဘိုင်ဒန်အုပ်ချုပ်ရေး၏ အာရှနှင့် အင်ဒို-ပစိဖိတ်ဆိုင်ရာ မူဝါဒများကို မည်သို့သုံးသပ်နိုင်ပါသလဲ။

သမ္မတ ဘိုင်ဒန်နှင့် နိုင်ငံခြားရေးမူဝါဒအသင်းတို့သည် ပြည်တွင်း၌ အသစ်ပြန်လည်ဖြည့်တင်းရေး၊ အမေရိကန်မဟာမိတ်များနှင့် နိုင်ငံတကာအပေါ် ဩဇာလွှမ်းမိုးမှုတို့အား ပြန်လည်တည်ဆောက်ရေးတို့ကို ဦးစားပေး အနေဖြင့် သတ်မှတ်ပြီး ကြီးမားသော သံတမန်ရေးရာ လုပ်ဆောင်ချက်များနှင့် နိုင်ငံတကာအရေးကိစ္စတို့တွင် သတိကြီးစွာဖြင့် ချည်းကပ်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း တွေ့ရသည်။

ထိုကဲ့သို့ ချည်းကပ်ခြင်းသည် ကိုဗစ်-၁၉ ကပ်ရောဂါမှစတင်ပြီး ပြည်တွင်းပြဿနာများကို အရေးပေါ်ဦးစားပေးအဖြစ် ပြုလုပ်လိုက်သောကြောင့် အတိုင်းအတာတစ်ခုအထိ အကျိုးအမြတ်ရနိုင်သည်။

စစ်အေးတိုက်ပွဲကာလအတွင်း ကွန်မြူနစ်များနှင့် ဆက်ဆံပုံကို သင်ယူခဲ့ရသော ဘိုင်ဒန်သည် အမေရိကန်နှင့် အနောက်နိုင်ငံများသည် ပြိုလဲလာနေသည်ဟု တရုတ်အစိုးရက ယုံကြည်နေကြောင်းကို သတိထားမိခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် အနိုင်ရဖွယ် အခွင့်အရေးရှိနေပြီး စီးပွားရေးကို အားကောင်းအောင် တွန်းတင်နိုင်သည်ဟု ယုံကြည်နေခြင်းဖြစ်သည်။ထို့ကြောင့် အမေရိကန်အနေဖြင့် ပြည်တွင်း၌ အသစ်ပြန်လည်ဖြည့်တင်းခြင်းကို မလုပ်ပါက တရုတ်သည် ပိုမိုဩဇာကြီးလာပြီး မပူးပေါင်းနိုင်ဖြစ်မည်ကို ဘိုင်ဒန် အုပ်ချုပ်ရေးအဖွဲ့က တွက်ချက်ခဲ့ခြင်းဖြစ်သည်။

သမ္မတ ဘိုင်ဒန်သည် ပုံမှန်စိန်ခေါ်မှုများထက် သာလွန်သော အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်။ပြည်တွင်းနှင့် ပြည်ပတို့တွင် အုပ်ချုပ်ရေးအသစ်သည် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်နှင့် ပထဝီနိုင်ငံရေးတို့တွင် အန္တရာယ်များသော ပြဿနာများနှင့် ရင်ဆိုင်ခဲ့ရသည်။အာရှတွင်လည်း ထို့နည်းတူပင်ဖြစ်သည်။ကနဦးအစီအစဉ်များနှင့် အကူအညီများကြောင့် အမေရိကန်သည် ယုံကြည်ချက်ရခဲ့ပြီး အုပ်ချုပ် ရေးအတွက် အချိန်ဆွဲပေးနိုင်ခဲ့သော်လည်း ပြဿနာများက ပြန်လည်ပေါ်ပေါက်လာခဲ့သည်။

ကနဦးတွင် ပြုလုပ်ခဲ့သော ဖြေရှင်းချက်များမှာ တစ်ရက်တည်းတွင် ပဲရစ် ရာသီဥတုသဘောတူညီချက်နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့တွင် ပြန်လည်ဝင်ရောက်ခြင်း၊ ဝါရှင်တန်တွင် ဂျပန်နှင့် တောင်ကိုရီးယားတို့မှ ခေါင်းဆောင်များကို လျင်မြန်စွာလက်ခံတွေ့ဆုံခြင်း၊ အာရှဒေသသို့ ဝန်ကြီးများနှင့် ဒု-သမ္မတတို့အား အလည်အပတ် စေလွှတ်ခြင်းနှင့် လေးနိုင်ငံ QUAD အဖွဲ့ကို ပြန်လည်အားဖြည့်ရန် ဂျပန်၊ အိန္ဒိယ၊ ဩစတြေးလျတို့နှင့် အွန် လိုင်းမှတစ်ဆင့်အပြင် လူကိုယ်တိုင်တွေ့ဆုံခြင်းများ ပြုလုပ်ခြင်းတို့ဖြစ်သည်။  

QUAD အဖွဲ့ကို ပြန်လည်အင်အားကောင်းစေခြင်းသည် တစ်နှစ်တာအတွင်း ဘိုင်ဒန် အုပ်ချုပ်ရေးက အင်ဒို-ပစိဖိတ်နှင့်ပတ်သက်ပြီး အကောင်အထည်ဖော်နိုင်ခဲ့သည့် အထင်ရှားဆုံးအချက်ဖြစ်သည်။လေးနိုင်ငံအဖွဲ့ နှင့် အွန်လိုင်းမှတစ်ဆင့်နှင့် လူကိုယ်တိုင်တွေ့ဆုံခဲ့သည့် အစည်းအဝေးများတွင် တရုတ်ဆန့်ကျင်ရေးနည်းလမ်း များကို ပိုမိုသိမ်မွေ့ပြီး အကျိုးသက်ရောက်မှုများသည့် ပုံစံမျိုးရရှိအောင် ဆွေးနွေးခဲ့ကြသည်။

၂၀၂၁ ခုနှစ်တွင် QUAD အဖွဲ့သည် လိမ္မာပါးနပ်စွာဖြင့် တရုတ်ကို တိုက်ရိုက်အာရုံမစိုက်ဘဲ လက်တွေ့ ဦးစားပေးဖြစ်နေသော ကာကွယ်ဆေးဖြန့်ဖြူးခြင်းကဲ့သို့ ကိစ္စရပ်များတွင် ပိုမိုအာရုံစိုက်လာသည်။ထိုကဲ့သို့လုပ်ဆောင်ခြင်းသည် တရုတ်ကို ယှဉ်ပြိုင်ရာ၌ စိန်ခေါ်လိုက်ခြင်းဖြစ်ပြီး ဒေသတွင်းနိုင်ငံများသည် ကာကွယ်ဆေးထက် အဖိုးတန်သောအရာများရရှိခဲ့သည်။

QUAD အဖွဲ့သည် ရည်မှန်းချက်ကြီးစွာ ကတိပေးထားချက်များကို ပြည့်မီစေရန် အခြားနည်းလမ်းများဖြင့်ပါ အားတိုက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဘိုင်ဒန် အုပ်ချုပ်ရေး၏ ကနဦးချည်းကပ်မှုသည် ပါးနပ်ပြီး အကျိုးသက်ရောက်မှုရှိသည်။

အာရှအရှေ့မြောက်ပိုင်းတွင် ဘိုင်ဒန် အုပ်ချုပ်ရေးသည် ဂျပန်ဝန်ကြီးချုပ်နှစ်ဦးနှင့် ကောင်းမွန်သောဆက်ဆံရေးရှိခဲ့ပြီး လက်ရှိတွင် ဂျပန်သည် မဟာမိတ်နှင့် ဒေသတွင်းလုံခြုံရေးများကို အင်အားမြှင့်တင်လိုနေသည်။ကိုရီးယားကျွန်းဆွယ်တွင် အမေရိကန်တပ်ဖွဲ့များ အခြေစိုက်ခြင်းနှင့်ပတ်သက်ပြီး တောင်ကိုရီးယားနှင့် ခိုက်ရန် ဖြစ်ပွားခဲ့သော သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ လုပ်ရပ်ကို သမ္မတ ဘိုင်ဒန် က အလျင်အမြန်ပြန်လည်ဖြေရှင်းခဲ့ပြီး ဆိုးလ်၏ မေးခွန်းထုတ်ဖွယ်အစီအစဉ်များကိုလည်း ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်။

မြောက်ကိုရီးယားနှင့်ပတ်သက်လာလျှင် ပြီးခဲ့သော ဆယ်စုနှစ်လေးခုအတွင်း အမေရိကန်အုပ်ချုပ်ရေးအဖွဲ့များသည် မြောက်ကိုရီးယား၏ ကြီးထွားလာသော အစုလိုက်အပြုံလိုက် ပျက်စီးစေသည့် လက်နက်များကို တိုက်ဖျက်ရန် သိသိသာသာကြိုးစားခဲ့မှုမရှိပေ။ဘိုင်ဒန် အုပ်ချုပ်ရေးက မြောက်ကိုရီးယားဆိုင်ရာ မူဝါဒ၏ အမှားများကိုသင်ယူပြီး ထိုအမှားများကို ရှောင်ရှားရန် အကောင်းဆုံးကြိုးစားခဲ့သည်။သံတမန်ရေးရာအတွက် တံခါးဖွင့်ထားခဲ့ပြီး မြောက်ကိုရီးယားကို တစ်ဖက်သတ်လိုက်လျောမှုဖြင့် ထောင်ချောက်ဆင်ခြင်းအားလည်း ရှောင်ရှားခဲ့သည်။ထို့အပြင် အန္တရာယ်များသည့် ရန်လိုမှုများ၊ ဒေါသများကို မဖြစ်စေဘဲ ကာကွယ်ရေးနှင့် တိုက်ဖျက်ရေးတို့ကိုလည်း လျင်မြန်စွာ အဆင့်မြှင့်တင်နိုင်ခဲ့သည်။  

၂၀၂၁ ခုနှစ်အတွင်း အရှေ့တောင်အာရှသည် ဘိုင်ဒန် အုပ်ချုပ်ရေးအတွက် ပိုမိုခက်ခဲသော နယ်ပယ်တစ်ခုဖြစ်ခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီး မိတ်ဖက်နိုင်ငံများ၏ ဒီမိုကရေစီအုပ်ချုပ်ရေးများကို ထိခိုက်ခဲ့ကာ တရုတ်နှင့် သင့်မြတ်ရေး အတူတကွလုပ်ဆောင်မည့် နည်းလမ်းသည်လည်း ပိုမိုရှုပ်ထွေးလာခဲ့သည်။

ဘိုင်ဒန် အုပ်ချုပ်ရေးက တောင်တရုတ်ပင်လယ်အတွင်း အဏ္ဏဝါအခွင့်အရေးများ ကာကွယ်ခြင်းအတွက် အမေရိကန်၏ အခန်းကဏ္ဍကို ထိန်းသိမ်းမြှင့်တင်ခဲ့သော်လည်း တရုတ်နှင့် အခြားနိုင်ငံများကြား နယ်မြေပိုင်ဆိုင်ကြောင်း အငြင်းပွားမှုများကို ဖြေရှင်းရန် သံတမန်ရေးရာ နည်းလမ်းကို မဖော်ဆောင်နိုင်ခဲ့ပေ။

အုပ်ချုပ်ရေးမှ အကြီးတန်းအရာရှိအချို့သည် ဒေသအတွင်းသို့ သွားရောက်လည်ပတ်ခဲ့ပြီး အာဆီယံထိပ်သီးအစည်းအဝေးကို အွန်လိုင်းမှတစ်ဆင့် သမ္မတ ဂျိုးဘိုင်ဒန် တက်ရောက်ခဲ့သော်လည်း ကိုဗစ်-၁၉ ကြောင့် ဒေသအတွင်းလိုလားသည့် ခိုင်မာသော အမေရိကန်နှင့် ညှိနှိုင်းမှုအား အကောင်အထည်ဖော်ရာတွင် အကန့်အသတ်ဖြစ်ခဲ့သည်။

သမ္မတ ဘိုင်ဒန် က မြန်မာနိုင်ငံကို ချန်လှပ်ထားပြီး ကျန်အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များအား ယခုနှစ်အစောပိုင်းအတွင်း လက်ခံတွေ့ဆုံမည့် အစီအစဉ်ကို အကောင်အထည်ဖော်နိုင်ပါက ကြီးမားသောအောင်မြင်မှုဖြစ်မည်ဖြစ်သော်လည်း ခိုင်မာသောနည်းလမ်းများဖြင့် ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည်။

ဩစတြေးလျနှင့် ဆက်ဆံရေးသည်လည်း တိုးတက်လာခဲ့သည်။ AUKUS သဘောတူညီချက်ကြောင့် ပြင်သစ်နှင့် သဘောတူညီထားသော ဒေါ်လာဘီလီယံချီ တန်ဖိုးရှိသည့် ရေငုပ်သင်္ဘောဆိုင်ရာစာချုပ်ကို ဖျက်သိမ်းပြီး ပဲရစ်ကို ဒေါသထွက်စေခဲ့သော်လည်း အဓိကဥရောပမိတ်ဖက်ဖြစ်သော ဗြိတိန်နှင့်အတူ နောက်ဆုံးပေါ်နည်းပညာများ ဩစတြေးလျသို့ ပေးဆောင်ခြင်းသည် အရေးပါပြီး မဟာဗျူဟာကျသော လှုပ်ရှားမှုဖြစ်သည်။

QUAD အဖွဲ့လိုပင် AUKUS သည် ရည်မှန်းချက်ကြီးပြီး ပါးနပ်တီထွင်မှုရှိပုံကို ထင်ဟပ်ပြသနေသည်။ထို့အပြင် ဩစတြေးလျက ကိုဗစ်-၁၉ ဆိုင်ရာ မူလအရင်းအမြစ်များကို နိုင်ငံတကာမှ စုံစမ်းစစ်ဆေးရန် တိုက်တွန်းခြင်းအပါအဝင် အခြားသော အကြောင်းပြချက်များကြောင့် တရုတ်သည် ဩစတြေးလျသွင်းကုန်များကို ကန့်သတ် လိုက်သည့်အတွက် အမေရိကန်-ဩစတြေးလျ ဆက်ဆံရေးသည် ပိုမိုခိုင်မာလာခဲ့သည်။

အမေရိကန်၏ ပြည်တွင်းကို အစီအစဉ်တကျဖြစ်အောင် ပြန်လည်ပြုပြင်ပြီး စိတ်တူကိုယ်တူ မိတ်ဖက်များ၊ ဒီမိုကရေစီနိုင်ငံများနှင့် ဆက်ဆံရေးအပေါ် အာရုံစိုက်ခြင်းသည် တရုတ်နှင့်ဆက်ဆံရာတွင် ဦးစားပေးဖြစ်သည်ဟူသော သမ္မတ ဘိုင်ဒန်၏ ယူဆချက်သည် မှန်ကန်ခဲ့သည်။ပြဿနာမှာ ထိုနည်းလမ်းနှစ်ခုစလုံးသည် အောင်မြင်ရန်ခက်ခဲပြီး အချိန်ယူခြင်းဖြစ်သည်။ထိုအချိန်တွင် တရုတ်ကလည်း ရပ်ကြည့်မနေဘဲ ကုန်သွယ်ရေးသဘောတူညီချက်များ၊ ခါးပတ်နှင့် လမ်း အစီအစဉ်တို့မှတစ်ဆင့် မြေပြင်တွင် ထိန်းချုပ်နိုင်ရန်နှင့် ပြည်တွင်းကုမ္ပဏီများအား ထောက်ပံ့ကြေးများ များပြားစွာပေးဆောင်ခြင်းဖြင့် နည်းပညာပိုင်းတွင်လည်း အမေရိကန်ကို ကျော်တက်ရန် ကြိုးစားနေခဲ့သည်။

အမေရိကန်ပြည်တွင်းတွင် ကပ်ရောဂါကို ကနဦးကထိန်းချုပ်နိုင်ခဲ့သော်လည်း ဒယ်လ်တာနှင့် အိုမီခရွန် မျိုးကွဲများကြောင့် အခြေအနေက ပြန်လည်ဆိုးဝါးလာခဲ့သည်။

အစောပိုင်းတွင် အောင်မြင်မှုရခဲ့သော ပြည်တွင်း၌ အသစ်ပြန်လည်ဖြည့်တင်းရေး အစီအစဉ်သည် လွှတ်တော်အတွင်း အငြင်းပွားမှုများကြောင့် ထိခိုက်လာရသည်။

အရေးပါသော ဝန်ကြီးဌာနခွဲများမှ အရာရှိများနှင့် သံတမန်များ ရွေးချယ်အတည်ပြုခြင်းလမ်းကြောင်းသည် နှေးကွေးသောကြောင့် နိုင်ငံခြားရေးမူဝါဒတွင် အဟန့်အတားဖြစ်ခဲ့သည်။ထို့အပြင် တရုတ်နှင့် ဆက်ဆံရာတွင်လည်း ပေကျင်းကို မကောင်းဆိုးဝါးအင်ပါယာအဖြစ် ရှုမြင်လာသောကြောင့် လမ်းကြောင်းလွဲချော်ခဲ့သည်။တရုတ်အပေါ် နိုင်ငံရေးအရ ဖိအားပေးသောကြောင့် မိတ်ဆွေဖွဲ့နိုင်ခြင်းမရှိဘဲ တင်းမာမှုများသာ ဖြစ်စေခဲ့သည်။  

ထို့ကြောင့် ဘိုင်ဒန် အုပ်ချုပ်ရေးအနေဖြင့် အဆောတလျင် သဘောတူညီချက် မပြုလုပ်ရန်နှင့် တရုတ်ကို ဆက်ဆံရေးဆိုင်ရာ အခြေအနေများ မသတ်မှတ်စေနိုင်ရန် ရွေးချယ်ခဲ့သည်ဟု ဆိုနိုင်သည်။

ထိုင်ဝမ်နှင့် လူ့အခွင့်အရေးကိစ္စများကဲ့သို့ အဓိကပြဿနာများတွင် တရုတ်ကို လိုက်လျောရန်နှင့် ထို့အတွက် တရုတ်က ကမ္ဘာ့ပြဿနာများတွင် ပူးပေါင်းဆောင်ရွက်မည်ဟု ပေကျင်း၏စီစဉ်မှုကို ငြင်းပယ်ခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်နှင့် အမျိုးသားလုံခြုံရေး ဂျိတ်ခ် ဆူလီဗန်တို့၏ သံတမန်ရေးရာ ဆွေးနွေးပွဲအစီအစဉ်များတွင် ငြင်းခုန်မှုများဖြစ်ခဲ့သော်လည်း ဘိုင်ဒန် အုပ်ချုပ်ရေးက တရုတ်ခေါင်းဆောင် ရှီကျင့်ဖျိန်နှင့် ဆက်ဆံရေး အဆင့်မြှင့်တင်ရန် တည်ဆောက်ခဲ့သည်။သို့သော် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ခေါင်းဆောင်နှစ်ဦးကြား အွန်လိုင်းမှတွေ့ဆုံခဲ့သည့်တိုင် ဆက်ဆံရေးများသည် တိုးတက်မှုမရှိသေးဘဲ နယ်ပယ်ပေါင်းစုံတွင် ထိပ်တိုက်တွေ့နေသော အခြေအနေဖြစ်သည်။

ဘိုင်ဒန် အုပ်ချုပ်ရေး၏ တစ်နှစ်အတွင်း အာရှနှင့် အင်ဒို-ပစိဖိတ်ဆိုင်ရာ မူဝါဒကို ခြုံငုံကြည့်လျှင် လုံလောက်သော စီးပွားရေးနှင့် ကုန်သွယ်ရေး အစီအစဉ်မရှိခြင်းသည် အဓိကအားနည်းချက်ဖြစ်သည်။အာရှတွင် စီးပွားရေးနယ်ပယ်သည် အဓိကကျသော ပြိုင်ဆိုင်မှု ကဏ္ဍဖြစ်သည်။ယခုလအစောပိုင်းအတွင်း စတင်အကျိုး သက်ရောက်သော ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု RCEP နှင့် လွန်ခဲ့သောသုံးနှစ်က စတင်ခဲ့သည့် ပစိဖိတ်ဖြတ်ကျော် ဘက်စုံတိုးတက်ရေး သဘောတူညီချက် CPTPP တို့ကိုကြည့်လျှင် ဒေသအတွင်းတွင် ကုန်သွယ်ရေးသဘောတူညီချက်များသည် ဖွံ့ဖြိုးတိုးတက်မှုနှင့် မဟာဗျူဟာကျ အစီအစဉ်များအတွက် အလွန်အရေးကြီးကြောင်း တွေ့နိုင်သည်။

ဒေသတွင်းနိုင်ငံများသည် အမေရိကန်နှင့် ကုန်သွယ်ရေးအရ သဘောတူညီလိုသည်မှာ တီထွင်ဆန်းသစ်မှုရှိသော အမေရိကန်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ရယူနိုင်ပြီး တရုတ်နှင့် ဆက်ဆံရာတွင် ဟန်ချက်ထိန်းနိုင်ရန်ဖြစ်သည်။

သို့သော် ဝါရှင်တန်အနေဖြင့် ကုန်သွယ်ရေးသဘောတူညီချက်များကို လျင်မြန်စွာအကောင်အထည်ဖော်လိုခြင်း မရှိသေးဘဲ ပြည်တွင်းနိုင်ငံရေးပြဿနာများနှင့်သာ ဖုံးအုပ်ထားလျက်ရှိသည်။

ထိုအချိန်တွင် ထိုလိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် တရုတ်က ဒေသတွင်း ထောက်ပံ့ရေးကွင်းဆက်များကို အားကောင်းစေခြင်း၊ နိုင်ငံတကာစံနှုန်းများရရှိစေခြင်းနှင့် အမေရိကန်က ပုံဖော်ခဲ့ပြီး သမ္မတဟောင်း ဒေါ်နယ်ထရမ့် လက်ထက်တွင် စွန့်ပစ်ခဲ့သော စံနှုန်းမြင့် သဘောတူညီချက်ဖြစ်သည့် CPTPP တွင် ပါဝင်ရန် တရားဝင်လျှောက်ထားခြင်းတို့ကဲ့သို့ အရေးပါသော လုပ်ဆောင်ချက်များကို အကောင်အထည်ဖော်ခဲ့သည်။

အမေရိကန်ကုမ္ပဏီများနှင့် ဝန်ထမ်းများ ဒေသအတွင်းရရှိထားသော စီးပွားရေးအရ အောင်မြင်မှုများကို ဆက်လက်မြှင့်တင်ပြီး ကာကွယ်လိုလျှင် အာရှ၌ စီးပွားရေးဆိုင်ရာပြိုင်ပွဲကို စတင်ရန်လိုအပ်ကြောင်း ဘိုင်ဒန် အုပ်ချုပ်ရေးက အသိအမှတ်ပြုပြီးဖြစ်သည်။ထို့ကြောင့် ယခုအခါတွင် ထောက်ပံ့ရေးကွင်းဆက်များ၏ ခံနိုင်ရည်ရှိမှု၊ ကာဗွန်လျှော့ချသော ဒစ်ဂျစ်တယ် နည်းပညာများနှင့် အလုပ်သမားအခွင့်အရေးများကို ဦးစားပေးသည့် အင်ဒို-ပစိဖိတ် စီးပွားရေးမူဘောင်အသစ်တစ်ခုကို ဖော်ဆောင်ရန် ကြိုးစားနေခြင်းဖြစ်သည်။

ဒေသအတွင်းတွင် မူဘောင်ကို အလေးအနက်ထားပြီး အောင်မြင်မှုရယူလိုပါက ခိုင်မာပြီး အကျိုးသက်ရောက်မှုများသော နည်းလမ်းများကို အရေးပေါ်ထည့်သွင်းရမည်ဖြစ်သည်။သို့သော် မူဘောင်သည် ဒေသအတွင်း အမေရိကန်၏ စီးပွားရေးအရ ညှိနှိုင်းဆောင်ရွက်မှုကို မည်မျှပင် အားကောင်းစေကာမူ ယုံကြည်မှုနှင့် အားထားရမှုကို တဖြေးဖြေးလက်ခံရရှိနေသော CPTPP နှင့် ယှဉ်ပြိုင်နိုင်ဦးမည် မဟုတ်ပေ။

ဝါရှင်တန်သည် ထိုသဘောတူညီချက်သို့ ပြန်လည်ဝင်ရောက်ရန် ပုံမပေါ်သော်လည်း အကျိုးအမြတ်ရရှိစေရန်နှင့် ယနေ့ခေတ်၏ စီးပွားရေးနှင့် နည်းပညာ လက်တွေ့ဖြစ်ရပ်များနှင့် ကိုက်ညီရန် လုပ်ဆောင်သင့်သော ပြန်လည်ပြင်ဆင်မှုများကို လုပ်ဆောင်ခြင်းသည်သာ ပါးနပ်သော ဆောင်ရွက်မှုဖြစ်မည်။

CPTPP သည် ဒေသတွင်း လွှမ်းမိုးမှုကြီးမားလာပြီး ပေကျင်းက ဝင်ရောက်ရန် ဆုံးဖြတ်လိုက်ခြင်းသည် ဘိုင်ဒန် အုပ်ချုပ်ရေးအတွက် ဒုတိယမြောက်နှစ်တွင် အသေအချာပြန်လည်စဉ်းစားရန် သတိပေးနေခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ်အတွင်း အမေရိကန်၏ အာရှဆိုင်ရာ မူဝါဒကို သုံးသပ်ကြည့်လျှင် ဘိုင်ဒန်အုပ်ချုပ်ရေးသည် မဟာမိတ်များနှင့် မိတ်ဖက်များ ပြန်လည်တည်ဆောက်ပြီး ပြည်တွင်းတွင်လည်း ယှဉ်ပြိုင်နိုင်စွမ်းကို အားဖြည့် နိုင်ခဲ့သည်။လူချင်းတွေ့ဆုံခြင်းများ၊ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံခြင်းများမှတစ်ဆင့် သံတမန်ရေးရာ ညှိနှိုင်းမှု များကို အကောင်အထည်ဖော်ကာ ဒီမိုကရေစီတန်ဖိုးများနှင့် လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးများကို အဆင့်မြှင့် တင်ပြီး စိန်ခေါ်မှုများကိုဖြေရှင်းရန် ယန္တရားအသစ်တစ်ရပ် တည်ဆောက်နိုင်ခဲ့သည်။

ကျန်ရှိနေသော ကြီးမားသည့် စိန်ခေါ်မှုမှာ ၂၀၂၂ ခုနှစ်အတွင်း အင်ဒို-ပစိဖိတ်ဒေသကို ပိုမိုတည်ငြိမ်ရေး၊ ကြွယ်ဝချမ်းသာရေး၊ ဒီမိုကရေစီလွှမ်းခြုံရေး၊ ဆက်သွယ်စည်းလုံးရေး၊ ကျန်းမာစေရေးနှင့် မမျှော်လင့်ထားသော ပြဿနာများအတွက် အဆင်သင့်ဖြစ်စေနိုင်ရေးတို့တွင် အကူအညီဖြစ်နိုင်မည့် သိသာသောရလဒ်များ ဖော်ဆောင်စေရန် ကြိုးစားသွားရမည်ဖြစ်သည်။

ဆွေဇင်
Ref : The Diplomat:Biden’s Asia Policy, 1 Year In
ဇန်နဝါရီ - ၂၈