【 နိုင်ငံတကာဆောင်းပါး 】 “မိုဒီ၏ ဟန်ချက်ညှိရန်လိုသော နိုင်ငံခြားရေးမူဝါဒ”

【 နိုင်ငံတကာဆောင်းပါး 】 “မိုဒီ၏ ဟန်ချက်ညှိရန်လိုသော နိုင်ငံခြားရေးမူဝါဒ”

၂၀၁၄ ခုနှစ်တွင် အိန္ဒိယဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ချိန်မှစပြီး နရန်ဒရာ မိုဒီသည် အားကောင်းသော နိုင်ငံခြားရေးမူဝါဒဖြင့် အိန္ဒိယကို မဟာဗျူဟာကျသော အခန်းကဏ္ဍသို့ ဆွဲခေါ်ခဲ့သည်။

နယူးဒေလီ၏ မဟာမိတ်များအပေါ် စည်းကမ်းတင်းကြပ်သည့် ဗျူဟာဟောင်းမှ ရုန်းထွက်ပြီး အင်အားကြီးမားသောနိုင်ငံများ၊ အင်အားအလယ်အလတ်ရှိသောနိုင်ငံများနှင့် ဆက်ဆံရေးကိုမြှင့်တင်ခဲ့သည်။

မိုဒီ လက်ထက်တွင် အိန္ဒိယသည် အမေရိကန်နှင့် ဆက်ဆံရေးကောင်းမွန်လာပြီး အင်အားကောင်းလာသော တရုတ်နှင့် ဟန်ချက်ညှိရန်အတွက် အမေရိကန်၏ အင်ဒို-ပစိဖိတ်နည်းဗျူဟာတွင်လည်း ပါဝင်လာခဲ့ကာ နိုင်ငံကို ချယ်လှယ်ချုပ်ကိုင်ခံရခြင်း ကင်းဝေးအောင် ထိန်းသိမ်းခဲ့သည်။

မိုဒီသည် နိုင်ငံ၏ ပြိုင်ဘက်များဖြစ်သော တရုတ်နှင့် ပါကစ္စတန်တို့ကို အောင်မြင်စွာရင်ဆိုင်နိုင်ခဲ့သည်။ ၂၀၂၀ ခုနှစ်တွင် မိုဒီသည် တရုတ်နှင့် ပွတ်တိုက်မှုများ ဖြစ်ပွားနေသော နယ်စပ်ဒေသတွင် အိန္ဒိယစစ်တပ်ကိုအခြေချရန် ညွှန်ကြားခဲ့ပြီး ဆုံးရှုံးခဲ့သော နယ်မြေအချို့ကို ပြန်လည်ရယူနိုင်ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ပါကစ္စတန်အခြေစိုက် အကြမ်းဖက်အဖွဲ့၏တိုက်ခိုက်မှု၊ တင်းမာမှုကို ကာကွယ်ပြီး ထိရောက်သောပုံစံဖြင့် လက်တုံ့ပြန်နိုင်ခဲ့ သည်။ထိုအချိန်ကစပြီး ပါကစ္စတန်အခြေစိုက်အဖွဲ့များပါဝင်သည့် ကြီးမားသော အကြမ်းဖက်တိုက်ခိုက်မှုမျိုး မရှိခဲ့တော့ခြင်းဖြစ်သည်။

သို့သော် ထိုကဲ့သို့အောင်မြင်မှုများကို အခြေခံပြီး ထပ်မံတည်ဆောက်ရန်မှာ ခက်ခဲသောအခြေအနေဖြစ်သည်။ပါကစ္စတန်နှင့် တရုတ်တို့သည် ပူးပေါင်းဆောင်ရွက်ရေးကို အားကောင်းစေခဲ့သည်။အာဖဂန်နစ္စတန်တွင် အမေရိကန်က ချန်ထားခဲ့သော လုံခြုံရေးကွက်လပ်ကြောင့် စိန်ခေါ်မှုအသစ်များ ပေါ်ထွက်လာခဲ့သည်။ထို့အပြင် အင်ဒို-ရုရှား ဆက်ဆံရေးနှင့် အိမ်နီးချင်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုများကြောင့် မြန်မာကို ပေကျင်းနှင့် ပိုမိုနီးကပ်လာစေခဲ့သည်။ပါကစ္စတန်သည် ယခုလအတွင်းတွင် ပထမဆုံးသော အမျိုးသားလုံခြုံရေးမူဝါဒကို ထုတ်ပြန်ခဲ့ပြီး အိန္ဒိယနှင့် ဆက်ဆံရေးတိုးမြှင့်လိုကြောင်း အချက်ပြခဲ့သည်။သို့သော် ပါကစ္စတန်က မိုဒီ၏ ဟိန္ဒိူအမျိုးသားရေးဝါဒီကြောင့် ပါကစ္စတန်ကို ပစ်မှတ်ထားသော စစ်ရေးစွန့်စားမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ကြောင်းလည်း ဖော်ပြထားသည်။အစ္စလာမ်ဘတ်သည် လက်ရှိတွင် အိန္ဒိယက ထိန်းချုပ်ထားသော ကာ့ရှ်မားဒေသများကို ပြန်လည်ရယူရေးလည်း အာရုံစိုက်လျက်ရှိသည်။

ပြီးခဲ့သောနှစ် အစောပိုင်းမှစတင်ပြီး အိန္ဒိယနှင့် ပါကစ္စတန်တို့သည် အိန္ဒိယနှင့် ပါကစ္စတန်တို့ ထိန်းချုပ်ထားသော ကာ့ရှ်မားဒေသကို ပိုင်းခြားထားသည့် ထိန်းချုပ်ရေးစည်းမျဉ်းတစ်လျှောက် ပြိုကွဲလွယ်သော အပစ်အခတ်ရပ်စဲရေးကို ထိန်းသိမ်းနိုင်ခဲ့သည်။သို့သော် အိမ်နီးချင်းနိုင်ငံ အာဖဂန်နစ္စတန်တွင် တာလီဘန်အဖွဲ့ အာဏာရယူလိုက်သောကြောင့် စိုးရိမ်ပူပန်မှုအသစ်များ ဖြစ်ပေါ်လာရသည်။ပါကစ္စတန်အခြေစိုက် အကြမ်းဖက်အဖွဲ့များသည် ယခုအခါ အာဖဂန်နှင့် ရင်းနှီးသောဆက်ဆံရေးရှိသွားပြီဖြစ်ကာ အိန္ဒိယကို တိုက်ခိုက်ရာတွင် အာဖဂန်သည် ထိုအကြမ်းဖက်အဖွဲ့များ ခိုလှုံရာနေရာဖြစ်လာနိုင်သည်။

အစ္စလာမ်ဘတ်က ထိုအကြမ်းဖက်အဖွဲ့များကို လူသိရှင်ကြား ရှုတ်ချထားသော်လည်း ဆယ်စုနှစ်ပေါင်းများစွာ တိတ်တဆိတ်ခွင့်ပြု၊ ထောက်ပံ့ပေးထားခြင်းဖြစ်သည်။

နယူးဒေလီအနေဖြင့် အာဖဂန်နစ္စတန်မှ လုံခြုံရေးအရ ခြိမ်းခြောက်မှုများ ကြုံတွေ့လာနိုင်ပြီး ပါကစ္စတန်က ထိုခြိမ်းခြောက်မှုများကို အားပေးခြင်း သို့မဟုတ် ထိန်းချုပ်ရန်မကြိုးစားဘဲ မသိချင်ယောင်ဆောင်ခြင်းများ ပြုလုပ်နိုင်သည်။

သို့သော် မိုဒီအတွက် နယ်ပယ်ပေါင်းစုံတွင် ခေါင်းကိုက်စရာဖြစ်စေသည်မှာ တရုတ်ဖြစ်သည်။ ၁၉၆၇ ခု နှစ်မှစပြီး နှစ်နိုင်ငံအကြား အဆိုးဝါးဆုံးတိုက်ခိုက်မှုသည် ၂၀၂၀ ခုနှစ်တွင်ဖြစ်ပွားခဲ့ပြီး ထို့နောက်တွင် တရုတ်က အငြင်းပွားနေသော နယ်စပ်တစ်လျှောက်တွင် လမ်း၊ တံတား၊ လေယာဉ်ကွင်းများ တည်ဆောက်ခြင်းနှင့် လိုအပ်လာလျှင် စစ်သားများ ထပ်မံပို့ဆောင်နိုင်ရန် သယ်ယူရေးနည်းလမ်းများ အကောင်အထည်ဖော်ခြင်းတို့ ပြုလုပ်ခဲ့သည်။အိန္ဒိယသည်လည်း ထိုနည်းတူပင် တုံ့ပြန်ခဲ့သည်။

ဇူလိုင်လ ၂၀၂၁ ခုနှစ်တွင် တရုတ်သမ္မတ ရှီကျင်ဖျိန်သည် တိဘက်ဒေသသို့ အလည်အပတ်သွားရောက်ခဲ့ပြီး နှစ်ပေါင်း ၃၀ အတွင်း ထိုဒေသသို့ သွားရောက်သော ပထမဆုံးတရုတ်ခေါင်းဆောင်ဖြစ်လာခဲ့သည်။ထိုခရီးစဉ်သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပေါ် တရုတ်၏ ထိန်းချုပ်လိုမှုကို ပြသနေသကဲ့သို့ပင် မဟာဗျူဟာကျသော နယ်စပ်ဒေသအဖြစ် အင်အားမြှင့်တင်ရေးကို လိုလားကြောင်းလည်း အချက်ပြလျက်ရှိသည်။အောက်တိုဘာလတွင် ပေကျင်းသည် နယ်စပ်ဥပဒေတစ်ခုကို ပြဌာန်းခဲ့ပြီး တရုတ်ပြည်သူများအား နိုင်ငံနယ်စပ်ကိုကာကွယ်ရန် တိုက်တွန်းထားပြီး ကင်းလှည့်တပ်ဖွဲ့များအား လိုအပ်လာပါက အင်အားသုံးရန် ခွင့်ပြုခဲ့သည်။ထို့အပြင် ထိုဥပဒေအရ တရုတ်နယ်စပ်များအနီးတွင် အမြဲတမ်းအဆောက်အအုံများ တည်ဆောက်ရန်လည်း ကန့်ကွက်ထားခြင်းဖြစ်သည်။တရုတ်ပြည်သူများကို အငြင်းပွားနေသော နယ်စပ်များအနီးတွင် အခြေချရန် တိုက်တွန်းထားသည်။ထိုအချက်သည် အိန္ဒိယအတွက်သာမကဘဲ အိမ်နီးချင်းများအတွက်ပါ ပြဿနာဖြစ်လာသည်။နှစ်ပေါင်းများစွာ အိန္ဒိယနှင့် ရင်းနှီးခဲ့သော ဘူတန်နိုင်ငံသည် တရုတ်၏ နယ်စပ်ဖြတ်ကျော်အခြေချရေး မဟာဗျူဟာ၏ နစ်နာသူဖြစ်လာခဲ့ပြီး နယ်မြေအစိတ်အပိုင်းအချို့ကို ဆုံးရှုံးခဲ့ရသည်။

ထိုကဲ့သို့ တရုတ်၏ သိမ်းသွင်းခြင်းများကို တရားဝင်ပြဌာန်းခြင်းသည် အခြေအနေကို ပိုဆိုးစေသည်။အောက်တိုဘာလတွင် ဘူတန်နှင့် တရုတ်တို့သည် နယ်စပ်ဆိုင်ရာ သဘောတူညီချက်တစ်ခု လက်မှတ်ရေးထိုးခဲ့ပြီး တရုတ်၏ ကျူးကျော်ခြင်းများကို တရားဝင်ဖြစ်စေခဲ့ကာ ဘူတန်သည် အိန္ဒိယရှိနေသည့်တိုင် အားမကောင်းနိုင်သောအချက်ကို ပြသလျက်ရှိသည်။

သို့သော် နယ်စပ်ပဋိပက္ခသည် အပေါ်ယံအလွှာပင်ဖြစ်သည်။တရုတ်သည် အနည်းနှင့် အများ အိန္ဒိယ၏ မဟာဗျူဟာလမ်းကြောင်းပေါ်တွင်ရှိနေကြသော သေးငယ်သည့် အရှေ့တောင်အာရှနိုင်ငံများဖြစ်သော ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ မော်လ်ဒိုက်၊ နီပေါနှင့် သီရိလင်္ကာတို့အပေါ်တွင် အိန္ဒိယနှင့်အပြိုင် သြဇာလွှမ်းမိုးမှုရှိရန် ကြိုးစားလျက်ရှိသည်။ဘူတန်မှလွဲပြီး ကျန်နိုင်ငံများသည် တရုတ်၏ ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံခြင်းနှင့် အခြေခံအဆောက်အအုံ စီမံကိန်းဖြစ်သော ခါးပတ်နှင့် လမ်း အစီအစဉ်တွင် ပါဝင်လျက်ရှိသည်။ပေကျင်းအနေဖြင့် ခါးပတ်နှင့် လမ်းကို အသုံးချပြီး ထိုနိုင်ငံများတွင် သံတမန်ရေးရာ၊ စီးပွားရေးရာနှင့် စစ်ရေးအရ ဝင်ရောက်ခွင့်များ ရရှိသွားမည်ကို နယူးဒေလီက စိုးရိမ်နေခြင်းဖြစ်သည်။နယူးဒေလီသည် ခါးပတ်နှင့် လမ်း အစီအစဉ်တွင် ပါဝင်ရန် ငြင်းဆန်ခဲ့ခြင်းမှာ ပေကျင်းအတွက် မကျေနပ်ဖွယ်ဖြစ်ခဲ့သည်။သို့သော် နယူးဒေလီကဲ့သို့ မဆုံးဖြတ်သော အိမ်နီးချင်းနိုင်ငံများကြောင့် အိန္ဒိယသည် ပထဝီမဟာဗျူဟာကျ ဝန်းရံမှုအတွက် စိုးရိမ်ရဖွယ်ဖြစ်လာခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ၂၀၂၂ ခုနှစ်အတွင်း အီရီထရီးယား၊ ကင်ညာ၊ ကိုမိုရို့စ်၊ မော်လ်ဒိုက်နှင့် သီရိလင်္ကာတို့သို့ အလည်အပတ်သွားရောက်ရန် အစီအစဉ်ဆွဲပြီးဖြစ်သည်။မော်လ်ဒိုက်တွင် တရုတ်သည် လေဆိပ်ပြန်လည်ပြင်ဆင်ရေးနှင့် ခါးပတ်နှင့် လမ်း အစီအစဉ်ပါ တရုတ်-မော်လ်ဒိုက် ချစ်ကြည်ရေးတံတားကို ထိန်းသိမ်းခြင်းတို့အား ပြုလုပ်ပေးမည်ဟု ကတိပြုခဲ့သည်။တရုတ်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည့် သိရီလင်္ကာဝန်ကြီးချုပ် မဟင်ဒါ ရာဂျာပါခ်ဆာသည် ခါးပတ်နှင့် လမ်း အစီအစဉ်နှင့်ပတ်သက်သော အကြွေးပေးချေမှုများကို ပြန်လည်သတ်မှတ်ပေးရန် တောင်းဆိုခဲ့ပြီး တရုတ်နှင့် အနာဂတ်ဆက်ဆံရေး ကောင်းမွန်စေရန် ကတိပြုခဲ့သည်။

အိန္ဒိယ၏ အင်ဒို-ပစိဖိတ် မဟာဗျူဟာတွင် အန္ဒိယသမုဒ္ဓရာ အနောက်ခြမ်းနှင့်ကပ်လျက် အာဖရိကဒေသတို့ပါ ပါဝင်သောကြောင့် မိုဒီသည် အရှေ့အာဖရိကနှင့် ကိုမိုရို့စ်တို့သို့ ဝမ်ယိ အလည်အပတ် သွားရောက်ခြင်းကို နီးကပ်စွာစောင့်ကြည့်နေနိုင်သည်။အထူးသဖြင့် ပထမဆုံးသော တရုတ်ဝန်ကြီးချုပ်၏ အလည်အပတ်ရောက်ရှိခြင်းအဖြစ် ကိုမိုရို့စ်သို့ ဝမ်ယိ သွားရောက်ခြင်းသည် အိန္ဒိယသမုဒ္ဓရာတစ်လျှောက်လုံးတွင် အိန္ဒိယ၏လွှမ်းမိုးမှုအား  စိန်ခေါ်လိုသော ပေကျင်း၏ ရည်ရွယ်ချက်ကို အချက်ပြနေခြင်းဖြစ်သည်။

အခြားသောတစ်ဖက်တွင် တရုတ်သည် ပါကစ္စတန်နှင့် ဆက်ဆံရေးကို တိုးမြှင့်လျက်ရှိသည်။လမ်းများနှင့် စွမ်းအင်ပိုက်လိုင်းများ ပါဝင်သော ခါးပတ်နှင့် လမ်း အစီအစဉ်ကို အစပျိုးခြင်းအဖြစ် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန်ကို တည်ဆောက်လျက်ရှိသည်။တရုတ်သည် ပါကစ္စတန်အတွက် အရေးပါသော မိတ်ဖက်ဖြစ်သည့် အီရန်ကိုလည်း အစီအစဉ်တွင်ပါဝင်လာရန် မကြာခဏဖိတ်ခေါ်လျက်ရှိသည်။ပါကစ္စတန်က တရုတ်နှင့် တာလီဘန် ဆက်ဆံရေးတိုးမြှင့်ရန်လည်း ကြားဝင်ဆောင်ရွက်လျက်ရှိသည်။

တရုတ်နှင့် ပါကစ္စတန်တို့၏ သံတမန်ဆက်ဆံရေးသည် လက်တွေ့တွင် အကောင်အထည်ပေါ်လာပြီး တရုတ်သည် အာဖဂန်နစ္စတန်၏ သဘာဝအရင်းအမြစ်များကို ရယူခွင့်ရခဲ့သည်။ယခုအခါတွင် အီရန်သည်လည်း တာလီဘန်တို့နှင့် ဆက်ဆံနေပြီဖြစ်သည်။နယူးဒေလီက တာလီဘန်ကိုလက်ခံရန် တုံ့ဆိုင်းနေခြင်းကြောင့် ပြိုင်ဘက်များက အားသာချက်တစ်ခုရလာခြင်းဖြစ်သည်။

တရုတ်သည် အာရှအလယ်ပိုင်းဆိုင်ရာ အိန္ဒိယ၏ ပထဝီဗျူဟာကျ လွှမ်းမိုးမှုကိုလည်း ရှုပ်ထွေးစေလျက်ရှိသည်။ပြီးခဲ့သောအပတ်တွင် မိုဒီ က အာရှအလယ်ပိုင်းနိုင်ငံငါးခုမှ ခေါင်းဆောင်များနှင့် အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံခဲ့သည်။သို့သော် ရှီကျင့်ဖျိန် က ခြေတစ်လှမ်းဦးခဲ့ပြီး ထိုမတိုင်မီ နှစ်ရက်ကတည်းက တွေ့ဆုံပြီးဖြစ်သည်။တရုတ်သည် အာရှအလယ်ပိုင်းတွင် ခါးပတ်နှင့် လမ်း စီမံကိန်းများစွာရှိပြီး အိန္ဒိယ၏ စီမံကိန်းများမှာ မရှိသလောက် နည်းပါးနေခြင်းဖြစ်သည်။ထို့အပြင် ထိုဒေသများ၌ ပေကျင်း၏ လုံခြုံရေးအရ တည်ရှိမှုသည်လည်း မြင့်တက်လာလျက်ရှိသည်။တရုတ်သည် အိန္ဒိယ၏ ကာလကြာရှည်မိတ်ဖက်ဖြစ်သော တာဂျစ်ကစ္စတန်တွင် တရားဝင် မဖော်ပြသေးသော အမြဲတမ်းအခြေစိုက်စခန်းတစ်ခုကို အနည်းဆုံး ၂၀၁၆ ခုနှစ်မှစတင်ပြီး တည်ဆောက်ခဲ့သည်။

ရုရှားနှင့် တရုတ်တို့က ထိန်းချုပ်ထားသော စီးပွားရေးနှင့် လုံခြုံရေးအဖွဲ့ဖြစ်သော ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်‌ရေးအဖွဲ့သို့ ဝင်ရောက်ပြီး ဒေသတွင်း လွှမ်းမိုးမှုရယူလိုသော အိန္ဒိယ၏ ကြိုးစားမှုမှာလည်း တိုးတက်မှု ရပ်တန့် လျက်ရှိသည်။ရုရှားသည် ၂၀၁၇ ခုနှစ်တွင် အိန္ဒိယကို အမြဲတမ်းအဖွဲ့ဝင်ဖြစ်လာစေရန် ထောက်ခံပေးခဲ့စဉ်က တရုတ်က ပါကစ္စတန်ကို ထောက်ခံပေးခြင်းဖြင့် အဖွဲ့အတွင်း အိန္ဒိယပိုင်ဆိုင်နိုင်မည့် လွှမ်းမိုးမှုကို ကန့်သတ်ခဲ့သည်။

နယူးဒေလီအနေဖြင့် မော်စကို၏ အခန်းကဏ္ဍကိုလည်း သတိပြုသင့်သည်။တရုတ်-ရုရှား ဆက်ဆံရေးများသည် ယခင်ကထက် ပိုမိုအားကောင်းလာပြီး နယူးဒေလီအနေဖြင့် စစ်အေးတိုက်ပွဲကာလကဲ့သို့ပင် မော်စကိုကို ယုံကြည်နိုင်မည်လားဟူသော သံသယများဖြစ်ပေါ်လာခဲ့သည်။ရုရှားသမ္မတ ဗလာဒီမာ ပူတင် က ဒီဇင်ဘာလတွင် နယူးဒေလီသို့ သွားရောက်ခဲ့ခြင်းကြောင့် ထင်သာသော မူဝါဒရလဒ် အနည်းငယ်ပေါ်ထွက်လာခဲ့သည်။သို့သော် တွေ့ဆုံခြင်း၏ ခေါင်းကြီးပိုင်းကို မော်စကိုက မြေပြင်မှ လေသို့ ပစ်လွှတ်သော ဒုံးကျည်စနစ် S-400 ပေးဆောင်ခြင်းအဖြစ်သာ ဖော်ပြခဲ့သည်။အိန္ဒိယစစ်တပ်သည် ရုရှားနှင့် ဆိုဗီယက်လက်နက်များဖြင့် တပ်ဆင်အားဖြည့်ထားခြင်းဖြစ်ပြီး နယူးဒေလီက ထိုအခြေအနေကို ဆက်လက်ထိန်းသိမ်းလိုသည်။သို့သော် အိန္ဒိယအနေဖြင့် တရုတ်ကို ဆန့်ကျင်ရာတွင် ရုရှားက ကူညီမည်ဟု ထင်ယောင်ထင်မှား မဖြစ်သင့်ပေ။ပြီးခဲ့သောလတွင် ရုရှား၊ တရုတ်နှင့် အီရန်တို့သည် အန္ဒိယ၏အနောက်ဘက် အန္ဒိယသမုဒ္ဓရာတွင် ပူးတွဲရေကြောင်းစစ်ရေးလေ့ကျင့်ခြင်း ပြုလုပ်ခဲ့ကြသည်။ထိုအချိန်တွင် ၂၀၁၅ ခုနှစ်မှစတင်ပြီး ရုရှားနှင့် ပါကစ္စတန်တို့သည် ဆက်ဆံရေးကို တိုးမြှင့်ခဲ့ပြီး အစ္စလာမ်ဘတ်သို့ ရုရှားသမ္မတတစ်ဦးက ပထမဆုံးအကြိမ်အဖြစ် အလည်အပတ်သွားရောက်ခဲ့သည်။ရုရှားသည် ယူကရိန်းကို ကျူးကျော်လာပါက အိန္ဒိယအနေဖြင့် ရုရှားနှင့် အနောက်မဟာမိတ်များအကြား ဘေးကြပ်နံကြပ်ဖြစ်မည်ဖြစ်သည်။

အိန္ဒိယ၏ အရှေ့မြောက်အပိုင်းသည်လည်း ရှုပ်ထွေးလျက်ရှိသည်။မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၂၀၂၁ ခုနှစ်၌ စစ်တပ်က အာဏာသိမ်းခဲ့ခြင်းကြောင့် အိန္ဒိယနယ်စပ်တစ်လျှောက် ပြဿနာများဖြစ်ပေါ်လာခဲ့သည်။အိန္ဒိယက မြန်မာစစ်တပ်ကို လျစ်လျူရှုပြီး အရပ်သားအစိုးရကို အာဏာလွှဲပြောင်းရန် တိုက်တွန်းပါက မြန်မာနိုင်ငံအနေဖြင့် တရုတ်ဘက်သို့ ယိမ်းသွားနိုင်သည်။ဥပမာအားဖြင့် ဒီဇင်ဘာလတွင် တရုတ်သည် မြန်မာသို့ ရေငုပ်သင်္ဘောတစ်စင်း ပို့ဆောင်ခဲ့သည်။ထိုလတွင်ပင် မြန်မာစစ်တပ်က တရုတ်နှင့် အထူးဆက်ဆံရေးရှိကြောင်းနှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်အပါအဝင် ခါးပတ်နှင့် လမ်း အစီအစဉ်များသည် ဦးစားပေးဖြစ်ကြောင်း ပြောခဲ့သည်။သို့သော် ပေကျင်းနှင့် ယှဉ်ပြိုင်လို၍ အာဏာသိမ်းအစိုးရနှင့် ပူးပေါင်းလိုက်ပါက မြန်မာပြည်သူများနှင့် ကောင်းမွန်သောဆက်ဆံရေးရှိသည့် တိုင်းရင်းသားအဖွဲ့များရှိရာ အိန္ဒိယ၏ အရှေ့မြောက်ပိုင်းဒေသများအတွက် စွန့်စားမှုဖြစ်လာနိုင်သည်။ပြဿနာကို ပို၍ရှုပ်ထွေးစေသည်မှာ အာဏာသိမ်းစစ်တပ်နှင့် ဆက်ဆံရေးတိုးမြှင့်လိုက်ပါက မြန်မာစစ်တပ်၏ သုတ်သင်မှုကြောင့် ထွက်ပြေးလာရသော မူစလင်ရိုဟင်ဂျာပေါင်း ၁ သန်းကျော်ကို လက်ခံထားသည့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နှင့် ဆက်ဆံရေးပျက်ပြားမည်ဖြစ်သည်။လက်ရှိတွင် နယူးဒေလီက မြန်မာစစ်တပ်နှင့် အကန့်အသတ်ဖြင့် ဆက်ဆံနေသော်လည်း ထိုမဟာဗျူဟာသည် ရေရှည်မတည်တံ့ခြင်းဖြစ်သည်။

အိန္ဒိယ၏ မဟာဗျူဟာကျ ပထဝီအနေအထားသည် ပို၍ ပြဿနာများဖြင့်ရှုပ်ထွေးနေသော အနေအထားဖြစ်လာသည်။မိုဒီအနေဖြင့် လွတ်လမ်းရှိပါသလား။ဝန်ကြီးချုပ်အနေဖြင့် စိတ်တူကိုယ်တူ ဒီမိုကရေစီနိုင်ငံများ ဖြစ်သော သြစတေးလျ၊ ဗြိတိန်၊ ပြင်သစ်၊ ဂျပန်နှင့် အမေရိကန်တို့ကဲ့သို့ မဟာမိတ်များဖြင့် ဆက်ဆံရေးကိုမြှင့်တင်ပြီး တရုတ်ကို တန်ပြန်နိုင်ဖွယ်ရှိသည်။သြစတေးလျ၊ ဂျပန်နှင့် အမေရိကန်တို့နှင့်အတူ လေးနိုင်ငံ QUAD အဖွဲ့တွင် အိန္ဒိယပါဝင်ခြင်းသည်လည်း ထိုဦးတည်ချက်သို့ ရွှေ့လျှားရန်အတွက် အရေးပါသောကဏ္ဍဖြစ်လာသည်။ထိုနိုင်ငံများနှင့် ဆက်ဆံရေးအားကောင်းပါက အိန္ဒိယ၏ အိမ်နီးချင်းနိုင်ငံများအပေါ် လွှမ်းမိုးမှုလည်း အားကောင်းလာပြီး အရှေ့အာဖရိကနှင့် အာရှအလယ်ပိုင်းတို့တွင် တရုတ်နှင့် ရင်ဘောင်တန်း ရပ်တည်နိုင်မည်ဖြစ်သည်။ဘိုင်ဒန်အုပ်ချုပ်ရေး၏ အခြေခံအဆောက်အအုံနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းဖြစ်သော ပိုမိုကောင်းမွန်စွာ ပြန်လည်ဆောက်တည်ခြင်းအစီအစဉ်၌ ပါဝင်ခြင်းသည်လည်း တရုတ်၏ ခါးပတ်နှင့် လမ်း အစီအစဉ်ကို ဆန့်ကျင်လာနိုင်ခြင်းဖြစ်သည်။
 
သို့သော် နိုင်ငံတကာ မဟာဗျူဟာကျ ပူးပေါင်းခြင်းများရှိနေသည့်တိုင် အိန္ဒိယအနေဖြင့် ပါကစ္စတန်၊ ရုရှား၊ အီရန်၊ တာလီဘန်နှင့် မြန်မာစစ်တပ်တို့နှင့်ပတ်သက်ပြီး ခက်ခဲသော ဆုံးဖြတ်ချက်များ ချရမည်ဖြစ်သည်။ကာ့ရှ်မားဒေသနှင့်ပတ်သက်ပြီး အစ္စလာမ်ဘတ်နှင့် သဘောတူညီချက် တစ်စုံတစ်ခုရရှိရန် လိုအပ်သည်။အိန္ဒိယနှင့် ရုရှားတို့ကြား မူဝါဒအရ မကိုက်ညီသော်လည်း စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုရှိနေနိုင်သည်။အီရန်နှင့် ဆက်ဆံရေးမှာ အပြုသဘောဘက်ရောက်နေသော်လည်း တာလီဘန်အား အီရန်ထောက်ပံ့မှုနှင့် ပေကျင်းနှင့် နီးကပ်သော ဆက်ဆံရေးများကြောင့် တီဟီရန်ကို စောင့်ကြည့်ရန် လိုအပ်နေသည်။

နယူးဒေလီအနေဖြင့် ပါကစ္စတန်နှင့် တရုတ်တို့သို့ လွှမ်းမိုးမှုအပါမခံလိုသောကြောင့် တာလီဘန်အုပ်ချုပ်ရေးကို လက်ခံလာနိုင်ဖွယ်ရှိသည်။မြန်မာနိုင်ငံနှင့်ပတ်သက်လာလျှင် အိန္ဒိယသည် မြန်မာကို တရုတ်လက်ထဲထည့်ပေးလိုက်ရလျှင်တောင် မြန်မာစစ်တပ်နှင့် ပူးပေါင်းခြင်းထက် အရှေ့မြောက်ပိုင်းဒေသများ တည်ငြိမ်ရေးကို ဦးစားပေးနိုင်ဖွယ်ရှိသည်။

အိန္ဒိယသည် ခက်ခဲသောနေရာတွင် ရပ်တည်နေရခြင်းဖြစ်ပြီး ပြဿနာများအတွက် တိုက်ရိုက်အဖြေမရှိခြင်းဖြစ်သည်။သို့သော် မိုဒီ လက်ထက်တွင် အိန္ဒိယသည် သိသာသော အကျိုးသက်ရောက်မှုများဖြင့် နိုင်ငံခြားရေးမူဝါဒကို စီမံနိုင်ခဲ့သည်။မိတ်ဖက်အသစ်များ ပူးပေါင်းခြင်း၊ ခက်ခဲသောဆုံးဖြတ်ချက်များ ချမှတ်ခြင်းတို့ လုပ်ဆောင်ခဲ့ပြီး ရှေ့လျှောက်တွင်လည်း ထိုနည်းလမ်းဖြင့် ဆက်လက်သွားဟန်ရှိသည်။

Linko
Ref : Foreign Policy: Modi's Foreign-Policy Juggling Act
ဖေဖော်ဝါရီ - ၁၁