【 နိုင်ငံတကာဆောင်းပါး 】 “မြန်မာပြဿနာအတွက် ကမ္ဘောဒီးယား၏ ဒီပလိုမေစီ”

【 နိုင်ငံတကာဆောင်းပါး 】 “မြန်မာပြဿနာအတွက် ကမ္ဘောဒီးယား၏ ဒီပလိုမေစီ”

စစ်ကောင်စီ၏ ဖိတ်ကြားချက်အရ မြန်မာအကျပ်အတည်းဖြေရှင်းရန် ကြိုးစားနေသော ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်သည် မြန်မာနိုင်ငံသို့ လာမည့်လအစောပိုင်းတွင် သွားရောက်မည်ဖြစ်သည်။

ဟွန်ဆန်သည် ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းခဲ့သော စစ်ကောင်စီအကြီးအကဲနှင့် တွေ့ဆုံမည်ဟု သတင်းများက ဖော်ပြသည်။

ဟွန်ဆန်၏ လုပ်ရပ်ကြောင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) တွင် ကမ္ဘောဒီးယားနိုင်ငံက ဥက္ကဋ္ဌတာဝန်ယူသည့် ၂၀၂၂ ခုနှစ်အတွင်း မြန်မာစစ်ကောင်စီကို အစည်းအဝေးတက်ခွင့်ပေးမည့်သဘော သက်ရောက်နေသည်။မြန်မာစစ်ကောင်စီသည် အောက်တိုဘာလနှောင်းပိုင်းမှစတင်ပြီး အာဆီယံနှင့် ၎င်းနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ခွင့်မရဖြစ်နေသည်။

မြန်မာသို့သွားရောက်မည့် အစီအစဉ်ကို ကြေညာရာတွင် ဟွန်ဆန် က အဖွဲ့အတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် သွေးစည်းချစ်ကြည်မှုကို ပြန်လည်တည်ဆောက်မည်ဟု ကတိပြုသည်။

ထိုကဲ့သို့သောနည်းလမ်းသည် အသစ်အဆန်းမဟုတ်ပေ။လက်တွေ့တွင် ထိုလုပ်ရပ်သည် အာဆီယံက နှစ်ပေါင်းများစွာကျင့်သုံးခဲ့သည့် အပြုသဘော ထိတွေ့ဆက်ဆံရေး တစ်စိတ်တပိုင်းသာဖြစ်သည်။ထိုမူတွင် ဒေသတွင်းပြဿနာများကိုဖြေရှင်းရန် နိုင်ငံရေးအရ ဆွေးနွေးခြင်းကို ကြိုဆိုသည်။ထိုသို့လုပ်ခြင်းကြောင့် လွန်ခဲ့သောဆယ်စုနှစ်က မြန်မာနိုင်ငံကို ဒေသဆိုင်ရာအဖွဲ့အစည်းအတွင်း ပြန်လည်ပေါင်းစည်းစေပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် လမ်းဖွင့်ပေးခဲ့သည်။သို့သော် ကမ္ဘောဒီးယားခေါင်းဆောင်၏ ထိုခရီးစဉ်သည် နိုင်ငံရေးရလဒ်တစ်ခု ထုတ်ပေးနိုင်/မပေးနိုင်မှာ မရေမရာဖြစ်နေပြီး သဘောထားကွဲလွဲမှုများကို ဖြစ်ပေါ်နေစေပြီးဖြစ်သည်။

ဟွန်ဆန်၏ လက်တွေ့ကျသော အယူအဆနှင့် ကမ္ဘောဒီးယား ပြည်တွင်းစစ်ကို ကိုင်တွယ်ခဲ့သည့် အတွေ့အကြုံကြောင့် လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ကိုင်တွယ်ရာတွင် အကျိုးရှိမည်ဟု အချို့သောလေ့လာသူများ ယူဆကြသည်။အချို့ကလည်း ဟွန်ဆန်၏ လုပ်ရပ်ကို ဝေဖန်ကြပြီး ကမ္ဘောဒီးယားသည် စစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုခြင်းဖြင့် အခြေအနေကို ပိုမိုဆိုးရွားစေမည်ဟု ပြောသည်။

ပွင့်လင်းစွာပြောရပါက ထိုလုပ်ရပ်သည် အပြုသဘောဆောင်သော ခြေလှမ်းဖြစ်သည်ဟု စာရေးသူမြင်သည်။အဓိကအားဖြင့် ကမ္ဘောဒီးယားက လုပ်ဆောင်ရန် ကြိုးစားနေသည်မှာ အာဆီယံနှင့် မြန်မာခေါင်းဆောင်များအကြား တိုက်ရိုက်ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် သင့်တော်သည့်ပတ်ဝန်းကျင်ကို ဖန်တီးပေးရန်သာဖြစ် သည်။စစ်ကောင်စီ၏ တရားဝင်မှုကို ထည့်မတွက်ပါက  ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ နိုင်ငံ၏အများစုနှင့် လုံခြုံရေးတပ်များကို ထိန်းချုပ်ထားသည့် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံရေး နောက်ဆုံးတံခါးကို ပိတ်ထားခြင်းသည် မြန်မာနိုင်ငံမှ ဆိုးရွားလှသော လူသားချင်းစာနာမှု အခြေအနေများကိုသာ ပိုမိုရှည်ကြာစေမည်ကို လက်ခံရမည်ဖြစ်သည်။

အာဆီယံ ဥက္ကဋ္ဌသစ်အဖြစ် ဟွန်ဆန်၏ ခရီးစဉ်သည် ဧပြီလက အာဆီယံ သဘောတူခဲ့သည့် ဘုံသဘောတူညီချက် ၅ ချက်အနက် တစ်ခုဖြစ်သော အပြုသဘောဆောင်သော ဆွေးနွေးပွဲ သို့မဟုတ် ညှိနှိုင်းမှုများ နောက်ဆုံးတွင်ပေါ်ပေါက်လာရန် အာဆီယံအတွက် ဆက်သွယ်ရေးလမ်းကြောင်းရှိစေမည်ဖြစ်သည်။စေ့စပ်ညှိနှိုင်းရန် အခွင့်အရေးပေးသော အာဆီယံမူဘောင်အတွင်း ဆွေးနွေးပွဲများမှ မြန်မာကိုဖယ်ထုတ်ထားလေလေ မြန်မာမှ လူသားချင်းစာနာမှုအခြေအနေ ပိုမိုဆိုးရွားလေလေပင်ဖြစ်သည်။

အထိခိုက်ဆုံးခံစားရမည့်သူများမှာ ထိခိုက်လွယ်အုပ်စုများ အထူးသဖြင့် ကိုဗစ်နိုင်တင်းကြောင့်ဖြစ်သည့် လူမှုစီးပွားကပ်ဆိုးကြောင့် အသက်မွေးဝမ်းကြောင်းများ ထိခိုက်ပြီးဖြစ်နေသည့် အရပ်သားများသာဖြစ်သည်။

အထီးကျန်ထားခြင်းသည် မိမိတို့ဖြစ်စေချင်သလို မဖြစ်ကြောင်းနှင့် နိုင်ငံတကာအကျပ်အတည်းများကို ဖြေရှင်းရာတွင် အရေးယူပိတ်ဆို့မှုများသည် ရလဒ်မဖြစ်စေကြာင်း မိမိတို့သိပြီးဖြစ်သည်။ပစ်မှတ်ထားခံရသော အစိုးရများသည် ဖိအားနှင့် ပြစ်ဒဏ်ကို ခံနိုင်ရန် နည်းလမ်းရှာနိုင်ကြပြီး နိုင်ငံသားများသာ ခံစားရသည်။ထို့ကြောင့် မည်သို့ဆက်လက်လုပ်ဆောင်မည်နည်း။
မည်သည့် နိုင်ငံတကာအကျပ်အတည်းအတွက်မျှ ပဉ္ဒလက်ဆန်သော အဖြေမရှိပေ။ထိုအချက်သည် အာဏာသိမ်းပြီး လူ ၁,၃၀၀ ကျော် သတ်ထားသော မြန်မာအတွက် အထူးသဖြင့် မှန်ကန်နေသည်။

မြန်မာ့နိုင်ငံရေးအကျပ်တည်းသည် မည်သည့်နိုင်ငံ သို့မဟုတ် ဒေသဆိုင်ရာအဖွဲ့အစည်းအတွက်မဆို ထိထိရောက်ရောက်ဖြေရှင်းရန် လွန်စွာခက်ခဲပြီး စိန်ခေါ်မှုဖြစ်ကြောင်း မိမိတို့အားလုံး သဘောတူသည်။သို့သော် အာဆီယံကဲ့သို့သော ဒေသဆိုင်ရာအဖွဲ့အစည်းသည် အဖြေတစ်ခုခုရှာဖွေရာတွင် မြန်မာနှင့် မြန်မာပြည်သူများကို ကူညီရန် ဆက်လက်အားထုတ်ရေးအတွက် အသင့်တော်ဆုံးအဖွဲ့အစည်းဖြစ်သည်။

အာဆီယံသည် စစ်ကောင်စီအပေါ် အကန့်အသတ်ဖြင့်သာ သြဇာရှိသောကြောင့် ၎င်း၏ အဓိကကျသော နိုင်ငံတကာမိတ်ဖက်များထံမှာ ရေရှည်စဉ်ဆက်မပြတ်သော ကူညီထောက်ပံ့မှုလိုသည်။အကျပ်အတည်းဖြေရှင်းရေးသည် ပဋိပက္ခဖြစ်နေသောဘက်များအပေါ် မူတည်ပြီး အချိန်ကြာနိုင်သော်လည်း စစ်ကောင်စီ၏ အကြမ်းဖက်မှုများ ရပ်တန့်ရေးနှင့် မလိုအပ်ဘဲ အပြစ်မဲ့သူများ မသေဆုံးရေးအတွက် အာဆီယံ၏ အစီအမံများကို ကျားကန်ပေးရန်အတွက် ပြင်ပနိုင်ငံများ ပိုမိုအားထုတ်ပြီး တစ်သံတည်းထွက်ရန် လိုသည်။

ထို့အပြင် အာဆီယံ ဥက္ကဋ္ဌသစ်ဖြစ်လာမည့် ကမ္ဘောဒီးယားကဲ့သို့သော နိုင်ငံတစ်နိုင်ငံချင်းအနေဖြင့် မြန်မာပြည်သူများထံသို့ နိုင်ငံတကာအထောက်အပံ့များ ရောက်ရှိရေးအတွက် တံခါးပွင့်နေအောင်လုပ်ရာတွင် အရေးပါသောအခန်းမှ ပါဝင်နေသည်။

ထိုအခြေအနေအရ အဓိကနှင့် အလယ်အလတ် အင်အားကြီးများဖြစ်သော အမေရိကန်ပြည်ထောင်စု၊ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ သြစတြေးလျ၊ တောင်ကိုရီးယားနှင့် ဥရောပသမဂ္ဂတို့ထံမှ ညီညွတ်သော ရေရှည်အကူအညီ လိုသည်။မြန်မာ၏ လူသားချင်းစာနာမှုနှင့် လူမှုစီးပွားအကျပ်အတည်းများကို ကိုင်တွယ်ရန် လက်ငင်းအဖြေကို ဖော်ထုတ်ရာတွင် အာဆီယံကို ကူညီရန်အတွက် ထိုနိုင်ငံများသည် များစွာပိုမိုကူညီနိုင်ကြသည်။

ပြင်ပနိုင်ငံများ၏ ထောက်ခံမှုနှင့်ပတ်သက်ပြီး ဟွန်ဆန် က မကြာသေးမီက ဂျပန်ဝန်ကြီးချုပ် ကီရှီဒါ ဖူမီယိုနှင့် စကားပြောစဉ် မြန်မာအကျပ်အတည်းနှင့် မြန်မာသို့ သွားရောက်နိုင်ခြေကို ဆွေးနွေးခဲ့ကြောင်း ဝန်ခံသည်။သို့သော် အခြားအင်အားကြီးနိုင်ငံများသည်လည်း ပိုမိုလက်တွေ့ကျပြီး ထိရောက်သည့် အဖြေရရေးအတွက် ကမ္ဘောဒီးယား ဦးဆောင်မှုကို ထောက်ခံသင့်သည်။

ကမ္ဘောဒီးယားက ဥက္ကဋ္ဌတာဝန်ယူစဉ် လုပ်ဆောင်မည့် မည်သည့်အစီအစဉ်မဆိုသည် အာဆီယံပဋိညာဉ်နှင့် ဟွန်ဆန် က ယခုအပတ်အတွင်း အလေးထားပြောခဲ့သည့် အဖွဲ့၏ ဝင်ရောက်မစွက်ဖက်ရေးမူကို ကျော်လွန်မည်မဟုတ်သော်လည်း လက်ခံရန်ခက်ခဲသည့် ပကတိအခြေအနေများကို မင်းအောင်လှိုင်အား ပွင့်ပွင့်လင်းလင်းပြောရန် ဟွန်ဆန်၏ ပုဂ္ဂိုလ်ရေးအဆက်အသွယ်ကိုသုံးရန် ခွင့်ပြုသင့်သည်။

ထိုပကတိအခြေအနေများတွင် မင်းအောင်လှိုင်နှင့် သူ၏ စစ်အုပ်စု အာဏာချုပ်ကိုင်ထားလေလေ ၎င်းတို့ ယခုနှင့် ယခင်က ချိုးဖောက်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် အရေးယူခံရနိုင်ခြေများလေလေဖြစ်ကြောင်းနှင့် လက်ရှိအကျပ်အတည်းမှထွက်ပြီး နောက်ထပ်သွေးထွက်သံယိုမှုများကိုတားဆီးရန် တစ်ခုတည်းသောနည်းလမ်းမှာ ဒီမိုကရေစီရွေးကောက်ပွဲဖြင့် အရပ်သားခေါင်းဆောင်များကို အာဏာလွှဲခြင်းကြောင်းတို့ ပါဝင်သည်။

ထိုသို့လုပ်နိုင်ပါက အာဆီယံသည် အတိုင်းအတာတခုအထိ မြန်မာ့နိုင်ငံရေးလမ်းကြောင်းအပေါ် သြဇာသက်ရောက်နိုင်မည်ဖြစ်သည်။ သို့သော် မိမိအတွင်း သဘောထားကွဲလွဲမှုများသည့် စစ်ကောင်စီအတွက် အကျိုးရှိစေပြီး အာဏာကို ပိုမိုခိုင်မာစေကာ ငြိမ်းချမ်းစွာအဖြေရှာရေးကို ပိုမိုခက်ခဲစေမည်ဖြစ်သည်။

Linko
Ref : The Diplomat: What Can Myanmar Learn From Cambodia's Peace Process? – The Diplomat