【 နိုင်ငံတကာဆောင်းပါး 】 “ရာသီဥတုနှင့် အရင်းရှင်စနစ်”

【 နိုင်ငံတကာဆောင်းပါး 】 “ရာသီဥတုနှင့် အရင်းရှင်စနစ်”

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစိုးရများအဖွဲ့ - Intergovernmental Panel on Climate Change ၏ နောက်ဆုံးအစီရင်ခံစာတွင် မည်သည့်သံသယဖြစ်စရာမျှမပါပေ။လာမည့်ဆယ်စုနှစ်များတွင် ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှတ်မှုကို အကြီးအကျယ်လျှော့ချစေကာမူ ကမ္ဘာကြီးပူနွေးမှုသည် အနည်းဆုံး ၂၀၅၀ ခုနှစ်အထိ ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်သည်။ထိုသို့လျှော့ချရာတွင် နှေးကွေးနေပါက ယခုနှစ်နွေရာသီတွင် တွေ့ကြုံရသည့် အပူလှိုင်းများ၊ မိုးခေါင်ရေရှားမှုများ၊ မိုးသည်းထန်မှုများနှင့် ရေလွှမ်းမိုးမှုများကို ပိုမိုမကြာခဏရင်ဆိုင်ရမည်ဖြစ်သည်။ ရုတ်တရုက် ပြန်လည်ပြုပြင်မရတော့သည့် သမုဒ္ဒရာရေစီးကြောင်းပြောင်းလဲမှုများ မဖြစ်နိုင်ဟု ယူဆနိုင်ခြင်းမရှိပေ။

ကံကောင်းသည်မှာ ပြည်သူလူထုသည် ထိုပြဿနာအရေးပါမှုကို ပိုမိုယုံကြည်လာကြခြင်းဖြစ်သည်။နိုင်ငံပေါင်း ၅၀ မှ ပြည်သူများ၏ ၃ ပုံ ၂ ပုံနီးပါးက ရာသီဥတုပြောင်းလဲမှုသည် အရေးပေါ်အခြေအနေကျရောက်သည်ဟု ယုံကြည်ကြကြောင်း ကုလသမဂ္ဂ၏ မကြာသေးမီက စစ်တမ်းတစ်ခုအရ သိရသည်။ထိုအခါ မေးစရာရှိလာသော မေးခွန်းမှာ ရာသီဥတုဆိုင်ရာ မည်သည့်လုပ်ဆောင်မှုကို ထည့်သွင်းသင့်သနည်းဆိုသည့် မေးခွန်းဖြစ်သည်။ထိုလုပ်ရပ်သည် ဝင်ငွေများ၊ အလုပ်အကိုင်များနှင့် လူနေမှုပုံစံများအပေါ် မည်သို့သက်ရောက်မည်နည်း။ပြည်သူများမှာ အနာဂတ်နှင့်ပတ်သက်သည့် လွန်စွာကွဲပြားခြားနားသည့် အမြင်များကိုသာ သိရှိရသောကြောင့် နိုင်ငံသားများသည် ထိုကိစ္စကို အနည်းငယ်သာသိကြသည်။

သစ်လွင်ပြီး စိမ်းလမ်းစိုပြေသည့် တီထွင်ဆန်းသစ်မှုများသည် ထိုပြဿနာကိုဖြေရှင်းရာတွင် လွန်စွာခရီးရောက်မည်ဟု နည်းပညာအကောင်းမြင်သူများက တစ်ဖက်တွင် ယုံကြည်ကြသည်။အနာဂတ်နှင့်ပတ်သက်သည့် ၎င်းတို့၏အမြင်မှာ ရိုးရှင်းလှသည်။လောင်စာစီကားများအစား လျှပ်စစ်ကားများကိုမောင်းကြမည်။လေယာဉ်မစီးဘဲ မြန်နှုန်းမြှင့်ရထားများကိုစီးကြမည်။ကာဗွန်ထုတ်လုပ်မှု မျှခြေရှိသော အဆောက်အအုံများတွင် နေထိုင်ကြမည်။ချမ်းသာကြွယ်ဝသူများသည် အခြားတိုက်ကြီးများသို့ အားလပ်ရက်ခရီးထွက်ခြင်းကို ရှောင်ရှားကြမည်ဖြစ်သော်လည်း လူတိုင်းလူတိုင်း၏ လူနေမှုပုံစံကို ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်သည်။

တစ်ဖက်တွင်လည်း တိုးတက်မှုကို သံသယရှိသူများက ကာဗွန်မျှခြေအခြေအနေသို့ အကူးအပြောင်းကာလသည် စားသုံးသူမောင်းနှင်သော စီးပွားရေးချဲ့ထွင်မှု ဆယ်စုနှစ်များကို အဆုံးသတ်စေမည့် အခြေခံအပြောင်းအလဲဖြစ်သည်ဟု ပုံဖေါ်ကြသည်။မိမိတို့သည် ဖွံ့ဖြိုးတိုးတက်မှုအလွန်ကာလ သို့မဟုတ် တိုးတက်မှုပြန်လည်ဆုတ်ယုတ်သည့်ကာလသို့ ရောက်ရှိသွားမည်ဟုပင် ပြောသည်။အရည်အသွေးကို အရေအတွက်နှင့် ရုပ်ဝတ္တုစားသုံးမှုအတွက် လူမှုဆက်ဆံရေးက အစားထိုးသွားမည်ဖြစ်သည်။

နှစ်ဖက်စလုံးသည် ဓာတ်ငွေ့များထုတ်လွှတ်မှု ဖြတ်တောက်ရေးကို ရည်မှန်းကြသည်။သို့သော် နည်းပညာအကောင်းမြင်သူများက အစိမ်းရောင် အရင်းရှင်စနစ်သည် စီးပွားရေးပြုပြင်ပြောင်းလဲမှုကို မောင်းနှင်မည်ဟု ယုံကြည်သော်လည်း သံသယဝါဒီများက တိုးတက်မှုသည် အဖျက်သဘောဆောင်သည့် စွဲလန်းမှုကိုဖြစ်စေပြီး ဖြုန်းတီးသည့် ပုဂ္ဂလိကအပြုအမူများကို ထိန်းချုပ်ခြင်းဖြင့်သာ ကုသနိုင်သည်ဟု ဆိုသည်။ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ခြင်းသည် ၎င်းတို့အမြင်တွင် အရင်းစနစ်ကို တိုက်ခိုက်ခြင်းဖြစ်နေသည်။

ဘောဂဗေဒ ပညာရှင်များက နည်းပညာအကောင်းမြင်သမားများဘက်က ရပ်တည်လေ့ရှိသည်။ ၂၀၀၉ ခု နှစ်က MIT မှ ဒါရွန် အက်ကမ်မိုဂလူ၊ Collège de France မှ ဖိလစ် အက်ဟီယွန်နှင့် ၎င်းတို့နှင့်ပူးတွဲရေးသားသည့် စာရေးသူများက နည်းပညာတိုးတက်မှုသည် ကာဗွန်ထုတ်လွှတ်မှုများသည့် အညိုရောင်နည်းပညာများဘက်သို့ အကြီးအကျယ်ယိမ်းနေကြောင်း ရေးသားခဲ့သည်။အစိုးရ၏ အထောက်အကူများ၊ လုပ်ထုံးလုပ်နည်းများနှင့် ကာဗွန်ဈေးနှုန်း သတ်မှတ်မှုများသည် ပိုမိုသန့်ရှင်းသော နည်းပညာများဆီသို့ တီထွင်ဆန်းသစ်မှုများသို့ ဦးတည်ပြီး အစိမ်းရောင်တိုးတက်မှုကို ပိုမိုထိရောက်စေမည်ဟု ဆိုသည်။ထိုကြိုတင်ဟောကိန်းများကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ကုန်ကျစရိတ်များ ပြိုဆင်းခြင်းက သက်သေပြပြီးဖြစ်သည်။ဖွံ့ဖြိုးသောနိုင်ငံအများအပြားအတွက် အစိမ်းရောင်စွမ်းအင်သည် ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာထက် ပိုမိုဈေးသက်သာသော စွမ်းအင်ရင်းမြစ် အလျှင်အမြန်ဖြစ်လာမည်ဟု စွမ်းအင်အသွင်ကူးပြောင်းရေးကော်မရှင် - Energy Transitions Commission ဥက္ကဋ္ဌ အဒဲယား တန်နား က မှတ်ချက်ချသည်။လျှပ်စစ်ဘက်ထရီများအတွက်လည်း အလားတူပင်ဖြစ်သည်။

အကြောင်းအရင်းမှာ ပိုမိုများပြားလာသည့် လုပ်ငန်းအများအပြားသည် ပိုမိုသန့်ရှင်းသောအနာဂတ်၏ အစိတ်အပိုင်းအဖြစ် ရင်းနှီးမြှုပ်နှံလာပြီး အရင်းရှင်စနစ်သည် အစိမ်းရောင်ဘက်သို့ ပြောင်းလဲနေခြင်းဖြစ်သည်။ယခုအခါ Tesla သည် General Motors ထက် ၂၀၂၀ ခုနှစ်တွင် ရောင်းချရသည့် ကားစင်းရေ ၁၄ ဆ နည်းနေသော်လည်း တန်ဖိုး ၇ ဆ ပိုမိုများပြားနေသည်။
သို့သော် အညိုရောင် အရင်းရှင်စနစ်သည် ရစ်ဝဲနေပြီး ရှင်သန်ရန် ရုန်းကန်နေသည်။ ၁၉ ရာစုက မြေယာအကျိုးစီးပွားနှင့် ကုန်ထုတ်လုပ်ငန်းအကျိုးစီးပွားတို့ တစ်ခုနှင့်တစ်ခု တိုက်ခိုက်ကြသောကြောင့် ယနေ့တိုက်ပွဲသည် ရာသီဥတုဆိုင်ရာ တက်ကြွလှုပ်ရှားသူများနှင့် အရင်းရှင်များအကြား တိုက်ပွဲမဟုတ်ဘဲ အရင်းရှင်စနစ် နှစ်သွယ်အကြား တိုက်ပွဲဖြစ်နေသည်။

ထိုအချက်သည် သတင်းကောင်းဖြစ်သည်။သို့သော် ထိုသတိပေးချက်များသည် အစီအစဉ်ဖြင့်ဖြစ်သည်။ပထမအချက်မှာ နည်းပညာက စားသုံးသူများကိုကယ်ဆယ်လျှင် ပြည်သူများက လူနေမှုပုံစံကို ပြောင်းလဲရမည်ဖြစ်သည်။စွမ်းအင်အသုံးများသော မြို့စွန်လူနေရပ်ကွက်များသည် ကာဗွန်မျှခြေစစ်ဆေးမှုကိုအောင်မြင်ရန် အလားအလာမရှိသောကြောင့် ၎င်းတို့သည် တောင်မရောက် မြောက်မရောက် ပိုင်ဆိုင်မှုများကိုသာ ပိုင်ဆိုင်ကြမည်ဖြစ်သည်။ထိုအခါ ၎င်းတို့၏အိမ်များကိုသာ အဓိကပိုင်ဆိုင်မှုအဖြစ် ပိုင်ဆိုင်ကြသော မိသားစုများ ဒုက္ခရောက်မည်ဖြစ်သည်။အလားတူစွာပင် အသားအဓိကထားသော အစားအစာ စားသုံးသည့်အလေ့အထသို့ ပြုပြင်ပြောင်းလဲမှုသည် ထောင်စုနှစ်ရှည်ကြာသည့် စိုက်ပျိုးရေးနှင့် အစားအစာစနစ်ကို ဖြတ်တောက်မည်ဖြစ်သည်။

ထို့ကြောင့် ဖွံ့ဖြိုးတိုးတက်မှုကို သံသယရှိသူများက နည်းပညာသည် ပဉ္စလက်ကျည်ဆံမဟုတ်ဟု ပြောသောအခါ အဓိပ္ပါယ်ရှိသည်။ဖွံ့ဖြိုးတိုးတက်မှု ဆုတ်ယုတ်ခြင်းသည် ရာသီဥတုပြောင်းလဲမှုပြဿနာကို ဖြေရှင်းပေးနိုင်သည်ဟု စဉ်းစားခြင်းသည် အဓိပ္ပါယ်ကင်းမဲ့သော်လည်း အပြုအမူပြောင်းလဲရန် လိုအပ်သည်ဟု ပြည်သူလူထုကို သတိပေးခြင်းသည် အဓိပ္ပါယ်ရှိသည်။

ဒုတိယသတိပေးချက်မှာ အစိမ်းရောင်နည်းပညာများသည် သမားရိုးကျများထက် အကုန်အကျသက်သာကြောင်း ပြသစေကာမူ ထိုအကူးအပြောင်းသည် ကုန်ကျစရိတ်များမည်ဆိုသည့် သတိပေးချက်ဖြစ်သည်။အချိန်ဆွဲနေသည်မှာ ကြာပြီဖြစ်သောကြောင့် မိမိတို့သည် ယခုအခါတွင် ရုတ်တရက် လျှင်မြန်သောအပြောင်းအလဲနှင့် ရင်ဆိုင်ရသည်။
ရိုးရှင်းစွာဆိုရပါက လက်ရှိအရင်းအနှီးများ၏ ကြီးမားသောအစိတ်အပိုင်းများဖြစ်သည့် အဆောက်အအုံ၊ စက်နှင့် ယာဉ်များကို စွန့်ပစ်ရတော့မည်ဖြစ်ပြီး စီးပွားရေးသက်တမ်းမကုန်ဆုံးမီ အစားထိုးရမည်ဖြစ်သည်။မည်သည့်နည်းဖြင့်မဆို အလားတူထုတ်လုပ်နိုင်မှုကိုထိန်းသိမ်းရန် ပိုမိုကြီးမားသော အရင်းအနှီးလိုသည်။

အရင်းအနှီးများ အသုံးမဝင်တော့ခြင်း၏ အဓိကသက်ရောက်မှုသည် ထုတ်ကုန်ကို (အနည်းဆုံး ယာယီအားဖြင့်) လျှော့ချမည်ဖြစ်သောကြောင့် ထိုဖြစ်ရပ်ကို စီးပွားရေးပညာရှင်များက အဖျက်သဘောဆောင်သော သွင်းအားစုတုန်ခါမှုဟု ခေါ်သည်။ထိုစကားလုံးကို ၁၉၇၀ ခုနှစ်များက လောင်စာဆီဈေးနှုန်း ရုတ်တရက်မြင့်မားလာခြင်းကို ဖေါ်ပြရန် တီထွင်ခဲ့သည်။
ထိုသို့သော ခန့်မှန်းတွက်ချက်မှုသည် လာမည့်ဆယ်စုနှစ်များတွင် မိမိတို့ကိုစောင့်ဆိုင်းနေသည့် တုန်ခါမှုသည် အကြမ်းတွက်ချက်မှုအရ အလားတူပြင်းထန်မည်ဖြစ်ကြောင်း ဖေါ်ပြနေသည်။

ထုတ်လုပ်မှုကျဆင်းခြင်းနှင့် ပိုမိုများပြားသည့် ရင်းနှီးမြှုပ်နှံမှုလိုအပ်သည့် အလားအလာကို ပေါင်းစပ်လိုက်သောအခါ စားသုံးသူများ၏ သက်သာချောင်ချိမှုကို ထိခိုက်စေမည်ဖြစ်ကြောင်း တွက်ချက်မှုအမျိုးမျိုးက ပြသနေသည်။ပိုမိုတိကျစွာဆိုရပါက နိုင်ငံတစ်နိုင်ငံသည် ၎င်း၏လုံခြုံရေးအတွက် စစ်ရေးတည်ဆောက်ရသကဲ့သို့  စားသုံးသူများ၏ သက်သာချောင်ချိမှုသည် ကာလတိုတွင် လျှော့ပါးသွားပြီး ရေရှည်တွင် တိုးတက်လာမည်ဖြစ်သည်။အလားတူစွာပင် သမားရိုးကျ ကာဗွန်ထုတ်လွှတ်သောကဏ္ဍမှ အလုပ်အကိုင်များလည်း ဆုံးရှုံးမည်ဖြစ် သော်လည်း ကာဗွန်ထုတ်လွှတ်မှု မျှခြေရှိသော လုပ်ငန်းများတွင် အလုပ်အကိုင်များ ပေါ်ပေါက်လာမည်ဖြစ်သည်။ထိုအခါအတွင်လည်း သံရည်ကျိုစက်လုပ်သားများကို အဆောက်အအုံ လျှပ်ကာကျွမ်းကျင်သူများအဖြစ် ချက်ခြင်းပြောင်းလဲရန် မလွယ်ကူသောကြောင့် များပြားလှသည့် အသွင်ကူးပြောင်းမှုစရိတ်များ ကျခံရမည်ဖြစ်သည်။

ရှေ့တွင် မည်သို့ဖြစ်လာမည်နှင့်ပတ်သက်ပြီး နိုင်ငံရေးခေါင်းဆောင်များအနေဖြင့် ရိုးသားသင့်သည်။သမ္မတ ဂျိုးဘိုင်ဒင် က လစာကောင်းသည့် လူလတ်တန်းစားသမဂ္ဂ အလုပ်အကိုင်သန်းပေါင်းများစွာ ဖန်တီးမည်ဟု ပြောသောအခါ ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန် ဒါ လီယန် က ဥရောပစိမ်းလန်းစိုပြေရေးစာချုပ်သည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သေနင်္ဂဗျူဟာသစ်ဖြစ်သည်ဟု ပြောသကဲ့သို့ပင် လိမ်လည်လှည့်ဖျားသည်။နှစ်ဦးစလုံးသည် တောက်ပသောအနာဂတ်နှင့်ပတ်သက်ပြီး ပြောကြားရာတွင် မှန်ကန်သော်လည်း အချို့အလုပ်အကိုင်များ ပျောက်ကွယ်ကုန်ပြီး ချမ်းသာကြွယ်ဝမှုအချို့ ဆုံးရှုံးမည်ဆိုသည့်အချက်ကို မပြောသောကြောင့် မှားသည်။

နိုင်ငံသားများသည် ရာသီဥတုပြောင်းလဲမှုကို အလျင်အမြန်အရေးယူဆောင်ရွက်ရမည်ကို သိကြသည်သော်လည်း သက်ရောက်မှုများကို ရေရေရာရာ မသိကြသေးပေ။၎င်းတို့အတွက် လိုအပ်နေသည်မှာ ရှင်းလင်းတိကျမှုဖြစ်ပြီး သာယာသောညဆိုသည့် ကတိမဟုတ်ပေ။ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးကို လက်ခံရန် ပြည်သူများအတွက် အကောင်းဆုံးနည်းလမ်းသည် ရှေ့လျှောက်ကြုံတွေ့ရမည့် စိန်ခေါ်မှုများကို လျှော့လျှော့ပေါ့ပေါ့ ပြောရန်မဟုတ်ဘဲ အတိအကျဖေါ်ပြပြီး မည်သို့သို့ကိုင်တွယ်မည်ကို ရှင်းပြခြင်းသာဖြစ်သည်။

(အယ်ဒီတာ မှတ်ချက် - ယန်ပစ်ဆာနီ ဖယ်ရီသည် ဘရပ်ဆဲလ်အခြေစိုက် သုတေသနလုပ်ငန်း Bruegel နှင့် Peterson Institute for International Economics တို့မှ ဝါရင့်သုတေသီနှင့် European University Institute မှ Tommaso Padoa-Schioppa ဥက္ကဌဖြစ်သည်။ယခုဆောင်းပါးသည် သူ၏အမြင်ဖြစ်ပြီး CGTN ၏ အမြင်ကို ထင်ဟပ်သည်ဟု မယူဆနိုင်ပါ။)

Linko
Ref : CGTN:Climate vs. Capitalism ?