【 နိုင်ငံတကာဆောင်းပါး 】Belt and Road နှင့် လက်တင်အမေရိက

【 နိုင်ငံတကာဆောင်းပါး 】Belt and Road နှင့် လက်တင်အမေရိက

ကိုဗစ်နှင့် ယူကရိန်းစစ်ပွဲအကျပ်အတည်းကြောင့် ကမ္ဘာ့စီးပွားရေးနာလံထမှုနှေးကွေးလာမှုနှင့်အတူ ကမ္ဘာ့နိုင်ငံများအဖို့ နိုင်ငံစီးပွားရေးတည်ငြိမ်စေရန်နှင့် ပြန်လည်ကောင်းမွန်လာရန်မှာ အရေးတကြီးလိုအပ်လာခဲ့သည်။ ထို့အတွက် နိုင်ငံ၏အခြေခံအဆောက်အအုံနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုမှာ အရေးပါသည့် အခန်းကဏ္ဍသို့ ရောက်လာခဲ့သည်။ ထိုအခက်အခဲကို ကြုံတွေ့နေရသည့် ကမ္ဘာ့ဖွံ့ဖြိုးဆဲနိုင်ငံများအဖို့  တရုတ်နိုင်ငံက အဆိုပြုသည့် Belt and Road Initiative မှာ မျှော်လင့်စရာနှင့် ရွေးချယ်စရာ နည်းလမ်းတစ်ခုအဖြစ် ရောက်ရှိလာခဲ့သည်။

Belt and Road Initiative (BRI) သည် တရုတ်နိုင်ငံမှ ၂၀၁၃ ခုနှစ်တွင် စတင်ခဲ့သော ကြီးမားသော အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေး ပရောဂျက်ဖြစ်ပြီး အစပိုင်းတွင် BRI သည် အာရှနှင့် ဥရောပကို အာဖရိကနှင့် အရှေ့အလယ်ပိုင်းတို့မှတစ်ဆင့် ပေါင်းကူးရန် ကြိုးပမ်းမှုဖြစ်သည်။ ထို့ကြောင့် လက်တင်အမေရိကအား ၎င်း၏အစောဆုံးအဆင့်များတွင် BRI ၏ အစိတ်အပိုင်းတစ်ခုအဖြစ် မသတ်မှတ်ထားပေ။ကနဦး အစပျိုးမှုသည် အာရှ၊ ဥရောပနှင့် အာဖရိကတို့ကို အာရုံ စိုက်ခဲ့သော်လည်း နောက်ပိုင်းတွင် လက်တင်အမေရိက နှင့် တရုတ်နိုင်ငံ၏ ထိတွေ့ဆက်ဆံမှုသည် ကြီးထွားလာခဲ့ရာ  BRI သည် မကြာသေးမီနှစ်များအတွင်း တရုတ်နှင့် လက်တင်အမေရိကနိုင်ငံများကြား စီးပွားရေးဆိုင်ရာဆက်ဆံမှုများ အားကောင်းလာစေရန် ပလပ်ဖောင်းတစ်ခုဖြစ်လာခဲ့သည်။

စီးပွားရေးဖွံ့ဖြိုးမှုအားနည်းပြီး နိုင်ငံရေးမတည်ငြိမ်သည့် လက်တင်အမေရိကနိုင်ငံများအဖို့ ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ရန်၊ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရန်မှာ မရှိမဖြစ်အရေးကြီးသည့် အခြေအနေ ဖြစ်နေသည်။ ထိုအခြေအနေတွင် အခြေခံအဆောက်အအုံနှင့် ဒေသတွင်း စီးပွားရေးအခွင့်အလမ်းများတွင် ရင်းနှီးမြှုပ်နှံသည့် BRI မှာ လက်တင်အမေရိကနိုင်ငံများအတွက် ရွေးချယ်စရာ ဖြစ်လာခဲ့သည်။ ထို့ကြောင့်  BRI သဘောတူညီချက်ထဲ ပါဝင်လာသည့် နိုင်ငံများ များပြားလာခဲ့သလို တရုတ်နှင့် လက်တင်အမေရိကကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်လာစေရန် ပံ့ပိုးပေးခဲ့သည်။ ပြီးခဲ့သည့် ၂၀၂၂ နှစ် ဖေဖော်ဝါရီ ၆ ရက်က  အာဂျင်တီးနားသည် Belt and Road Initiative (BRI) တွင် တရားဝင်အဖွဲ့ဝင်ဖြစ်လာရန် ဆုံးဖြတ်ခဲ့ရာ BRI တွင်ပါဝင်သည့် လက်တင်အမေရိကနိုင်ငံမှာ ၂၁ နိုင်ငံထိရှိလာခဲ့သည်။

လက်တင်အမေရိကနိုင်ငံအများအပြားသည် BRIသဘောတူညီချက်များ လက်မှတ်ရေးထိုး (သို့မဟုတ်) ပါဝင်ရန် စိတ်ဝင်စားကြောင်း ဖော်ပြခဲ့ကြသည်။ ထိုထဲတွင် အာဂျင်တီးနား၊ ဘရာဇီး၊ ချီလီ၊ ပီရူးနှင့် ပနားမား တို့အားလုံးသည် တရုတ်နှင့် မတူညီသော ထိတွေ့ဆက်ဆံမှုအဆင့်များကို ပြသခဲ့ကြသည်။နောက်ဆုံးထုတ် စာရင်းအရ တရုတ်နှင့် လက်တင်အမေရိကတို့ Belt and Road အတူ တည်ဆောက်ရေးဆိုင်ရာ မိတ်ဆွေအသိုင်းအဝိုင်းသည် လက်တင်အမေရိကနှင့် ကာရေဘီယံဒေသတွင် နိုင်ငံပေါင်း ၂၄နိုင်ငံရှိရာ  ၂၁နိုင်ငံ အထိ ရှိလာခဲ့သည်။

ထို့အပြင် လက်တင်အမေရိကနိုင်ငံများ၏ ဝေးလံခေါင်သီသည့် ဒေသများတွင် Belt and Road၏ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းအစီအစဉ်အချို့ တည်ရှိနေသောကြောင့် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများသည် ကုန်ထုတ်လုပ်မှု၊ နည်းပညာနှင့် ဝန်ဆောင်မှုများကဲ့သို့သော ကဏ္ဍများအတွင်းသို့ စီးဝင်လာပြီး ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေခဲ့သည်။ ယင်းလုပ်ငန်းအစီအစဉ်များကြောင့် ဒေသခံဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင် နေရာချထားရေးကို တိုက်ရိုက်တိုးမြှင့်စေခဲ့ပြီး ဒေသခံ ပြည်သူများ၏ စားဝတ်နေရေးကို ကောင်းမွန်လာစေခြင်းကြောင့် လက်တင်အမေရိကနိုင်ငံများတွင် BRI စီမံကိန်းများကို ဖွံ့ ဖြိုးတိုးတက်ရေးပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် ပံ့ပိုးပေးနေသည့် ကောင်းမွန်သောနည်းလမ်းအဖြစ် ရှုမြင်ကြသည်။

လက်တင် အမေရိကတွင် တရုတ်ကုမ္ပဏီများသည် ဆိပ်ကမ်းများ၊ ရထားလမ်းများ၊ စွမ်းအင်နှင့် ဆက်သွယ်ရေးကွန်ရက်များအပါအဝင် အခြေခံအဆောက်အအုံဆိုင်ရာ ပရောဂျက်များတွင် ရင်းနှီးမြှုပ်နှံထားသည်။ ဥပမာအားဖြင့်  ဘရာဇီး၊ ပနားမားနှင့် အီကွေဒေါတို့ကဲ့သို့ နိုင်ငံများတွင် ကုန်သွယ်မှု ချိတ်ဆက်မှု တိုးတက်စေရန်နှင့် လက်တင်အမေရိက ကုန်ပစ္စည်းများကို တရုတ်ဈေးကွက်သို့ တင်ပို့ရာတွင် လွယ်ကူချောမွေ့စေရန် ရည်ရွယ်ကာ ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေးတွင် ရင်းနှီးမြှုပ်နှံထားသလို လက်တင်ဒေသတွင်း နိုင်ငံများအတွက် အရေးပါသော စိုက်ပျိုးရေး၊ သတ္တုတူးဖော်ရေးနှင့် စွမ်းအင်ကဏ္ဍများတွင်လည်း ရင်းနှီးမြှုပ်နှံထားသည်။

လက်တင်အမေရိကနိုင်ငံများနှင့် တရုတ်ကုန်သွယ်မှုမှာ ၂၀၂၂ခုနှစ်တွင် ကန်ဒေါ်လာ ၄၈၅.၇၉ ဘီလီယံရှိခဲ့သဖြင့်  လက်တင်အမေရိကန်၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်အဖြစ် ၁၀နှစ် ဆက်တိုက်ရပ်တည်နိုင်ခဲ့သည်။

လက်တင်အမေရိကတွင် BRI ၏ သြဇာလွှမ်းမိုးမှု ကြီးထွားလာနေချိန်တွင် အမေရိကန် ဦးဆောင်သော တန်ပြန်ထိုးနှက်မှု ပဏာမခြေလှမ်းအဖြစ် ၂၀၂၂ခုနှစ်တွင် "Americas Partnership for Economic Prosperity(APEP)" ဟုခေါ်သော အစီအစဉ်သစ်တစ်ရပ်ကို ချပြခဲ့ပြီး ၂၀၂၃ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင် ထိုအစီအစဉ်ကို စတင်ခဲ့သည်။ ထိုအစီအစဉ်တွင် နိုင်ငံ ၁၁နိုင်ငံ (ဘာဘေးဒိုးစ်၊ ကနေဒါ၊ ချီလီ၊ ကိုလံဘီယာ၊ ကော်စတာရီကာ၊ ဒိုမီနီကန်သမ္မတနိုင်ငံ၊ အီကွေဒေါ၊ မက္ကဆီကို၊ ပနားမား၊ ပီရူးနှင့် ဥရုဂွေး)တို့ ပါဝင်ခဲ့ပြီး တရုတ်အဆိုပြုသည့် BRIကို ပြိုင်ရန် အာရှတွင် အင်ဒို-ပစိဖိတ် စီးပွားရေးဘောင် (IPEF)ကဲ့သို့ ဒေသတွင်း စီးပွားရေးအဖွဲ့တစ်ခုမျိုးဖြစ်သည်။

IPEF နှင့် အလွန်ဆင်တူသည် အမေရိကန်ဦးဆောင်သည့်  APEP မှာ လက်တင်အမေရိကတွင် အရှိန်ရနေပြီဖြစ်သည့် တရုတ်ဦးဆောင်သည့် BRI နှင့် ပြိုင်ဆိုင်မှုတွင် လက်ရှိ၌ တစ်လှမ်းနောက်ကျနေပြီး ဘရာဇီး၊ အာဂျင်တီးနားကဲ့သို့ နိုင်ငံများက တရုတ်နိုင်ငံနှင့် နီးကပ်သော ဆက်ဆံရေးရှိနေရာ ရေရှည်တွင် ပိုမိုကျယ်ပြန့်လာဖွယ်မမြင်ချေ။

မကြာသေးမီနှစ်များအတွင်း BRI သည် ဒေသတွင်းချိတ်ဆက်မှုနှင့် ပေါင်းစည်းမှုကို မြှင့်တင်ရန်နှင့် ပါ၀င်သည့်နိုင်ငံများတွင် စီးပွားရေးတိုးတက်မှုကို အထောက်အ ကူပြုရန် ရည်ရွယ်၍ သိသာထင်ရှားသော အာရုံစိုက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ခဲ့သည်။ BRI သည် ရေတိုတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရနိုင်သော်လည်း တရုတ်နိုင်ငံရဲ့ စီးပွားရေး ပြန်လည်ဦးမော့လာမှု အရှိန်အဟုန်၊ BRI ပရောဂျက်တွေရဲ့ ရေရှည်တည်တံ့နိုင်မှုအဆင့်နဲ့ ပထဝီဝင်နိုင်ငံရေး အခြေအနေတွေအပါအဝင် အချက်များစွာကြောင့် ပိုမိုကျယ်ပြန့်လာမည်ဟု ခန့်မှန်းထားကြလေသည်။

ယခုနှစ်သည် Belt and Road အတူ တည်ဆောက်ရေး အဆိုပြုချက်ကို တင်ပြခဲ့သည့် ၁၀နှစ် ပြည့်မြောက်နှစ်ဖြစ်ရာ  လက်တင်အမေရိကနိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးအတွက် ‌BRI က ပိုမိုများပြားသော အခွင့်အလမ်းများကို ထောက်ပံ့ပေးမည်ဟု မျှော်လင့်ထားကြလေသည်။

လင်းသစ်အောင်