“ အလေးပြုကြမယ်”

   “ အလေးပြုကြမယ်”

အင်္ဂလိပ်က မြန်မာတွေကို လွတ်လပ်ရေး ဘယ်အချိန်ယူမလဲ မေး၏။ မြန်မာတွေလည်း အချင်းချင်းပြန်တိုင်ပင်ကြသည်။
ဗေဒင်ဆရာတွေကို မေးကြည့်သည်။ နောက်ဆုံးတော့ ဇန်နဝါရီ ၄ ရက် မနက် ၄ နာရီ မိနစ် ၂၀ တွင် လွတ်လပ်ရေး ယူလိုက်ကြလေသည်။
အရင်ခေတ်က လူကြီးတွေသည် စောစောထတာကြိုက်လို့ဖြစ်မည်။ အဲ့တုန်းကတော့ မနက်စောစောလေးထ။
အလံလေး အလေးပြု။ မုန့်လေးစား။ နဲ့ ပျော်စရာကောင်းလိမ့်မည်။ နောက်ပိုင်းကြာလာတော့ မြန်မာတွေလည်း ပျင်းလာသည်။
မနက်စောစော ထသူတွေ ရှားလာ၏။ မနက် ၄ နာရီ ၂၀ မိနစ်မှာ ထပြီး အလေးပြုသူတွေ မရှိကြတော့။ လွတ်လပ်ရေးနေ့ မနက် ၄ နာရီ ၂၀ မိနစ် ရောက်တိုင်း ဂုဏ်ပြုတပ်ဖွဲတွေကသာ အလံတင်ပြီး အလေးပြုကြ တော့သည်။
ပြည်သူတွေက မနက် ၆ နာရီကျော်မှ လာပြီး အလေးပြုကြသည်။ စိတ်ပျက်စရာ တော်တော်ကောင်း သည်။
တကယ်ဆိုလျှင် ပြည်သူတိုင်း လွတ်လပ်ရေးနေ့တွင် လွတ်လပ်ရေးရသည့်အချိန် မနက် ၄ နာရီ ၂၀ မိနစ်မှာ နိုင်ငံတော် အလံကို အလေးပြုသင့်သည်။ လူကြီးတွေက လွတ်လပ်ရေးရအောင်တောင် ကြိုးစား ပေးခဲ့ကြတာ။
စိုပြေတို့ ခေတ်ရောက်မှ အလံတောင် အလေးမပြုတော့ဘူးဆိုလျှင် ရှက်စရာကောင်းသည်။ အခုဆို ပိုရှက်စရာကောင်းသည်။
လွတ်လပ်ရေးနေ့မှမဟုတ်။ အခြားအချိန်တွေမှာလည်း နိုင်ငံတော်အလံကို အလေးပြုဖို့ ငြင်းဆန် လာကြပြီ။
ရုပ်ရှင်ရုံတွေမှာလည်း ခေတ်အဆက်ဆက် နိုင်ငံတော်အလံကို အလေးပြုခဲ့ကြသည်။ အခုတော့ ရုပ်ရှင်ရုံတွေမှာပါ နိုင်ငံတော်အလံကို အလေးမပြုကြတော့။
 ဒါကြောင့်လည်း အစိုးရက ရုပ်ရှင်ရုံတွေမှာ အလံကို အလေးမပြုလျှင် ထောင်သုံးနှစ်ချနိုင်သည်ဟု သတိပေးခြင်းဖြစ်သည်။
 ပြည်သူအချို့လည်း လန့်ကုန်သည်။ ရည်စားနဲ့ ရုပ်ရှင်သွားကြည့်။ အလုပ်ရှုပ်နေလို့ နိုင်ငံတော် အလံကို အလေးမပြုဖြစ်။ အဲ့အချိန် ရဲကဖမ်း။ ထောင်သုံးနှစ်ကျ။
ဘယ်လောက်ဝမ်းနည်းစရာကောင်းလိုက်သလဲ။ မကြာခင် အဲ့လို ဇာတ်လမ်းတွေ ကြားလာရနိုင်သည်။ တမိသားစုလုံး ရုပ်ရှင်သွားကြည့်။
အလံကို အလေးမပြုဖြစ်။ တအိမ်လုံး ထောင်ကျ။ ထောင်ထဲမှာ မိသားစုလိုက်သွားနေရ။ နောက်ဆို ထောင်ကို မိသားစုထောင်ပုံစံတွေပါ ဆောက်လာနိုင်သည်။
အချို့ကလည်း အခုကတည်းက ယုတ်မာဖို့ကြံစည်ကြသည်။ ကြည့်မရသူတွေကို အချိုသပ်ပြီး ရုပ်ရှင် ခေါ်ပြ။ ပြီးမှ အာရုံလွဲှပြီး အလံကို အလေးမပြုဖြစ်အောင်လုပ်။
ဒါမှမဟုတ် ထိုင်ခုံ့မထနိုင်အောင် အတင်းဖိ။ ပြီးရင် ရဲတိုင်။ အဲ့လူ ထောင်ကျ။ ဘာပဲဖြစ်ဖြစ် အခြေအနေတွေကတော့ သိပ်မကောင်း။
 လူတွေက နိုင်ငံတော်အလံကို မလေးမစားဖြစ်လာတာတော့ အမှန်။ ဘာလို့ မလေးစားတာလဲကတော့ အကြောင်းအမျိုးမျိုးရှိသည်။
စစ်အစိုးရလုပ်တဲ့ အလံမို့လို့။ အရင်ဆိုရှယ်လစ်အလံကိုပဲ သဘောကျလို့။ သူများတွေက အလေးမပြုနဲ့ ဆိုလို့။
ဒီလိုဖြစ်တာ တိုင်းပြည်အတွက် တော်တော်ဆိုးသည်။ လူတွေ မျိုးချစ်စိတ်လျှော့လာသည့် သဘော ဖြစ်မည်။
မျိုးချစ်စိတ်တွေလျှော့။ တိုင်းပြည်ကို မချစ်တော့လျှင် တိုင်းပြည်လည်း ကြာရှည်မတည်နိုင်။ မကြာခင် ပျက်တတ်သည်။
ဒီအတိုင်းထားလို့ မဖြစ်တော့။ လူတွေ နိုင်ငံတော် အလံကို လေးစားလာအောင် လုပ်ရမည်။ ထောင်ချ မည်ဆိုရုံနှင့် မရ။ ပြည်သူတွေကို အသိပညာပေးတာတွေ။ လေ့ကျင့်ပေးတာတွေလုပ်ရမည်။
ကျောင်းသားတွေကတော့ ကျောင်းမှာ အလေးပြုကြသည်။ ဒါကလည်း အရင်လို လေးလေး နက်နက်သိပ်မရှိတော့။ ပေါ့ပေါ့ပျက်ပျက်ဖြစ်လာပုံရသည်။
ဒီလိုနဲ့ လူတွေ အလံကို မလေးစားကြတာနေမှာ။ အခုဆို ပြည်သူတွေမှာ နိုင်ငံတော် အလံကိုတောင် သိပ်မမှတ်မိကြ။ အလံကို ပြောင်းပြန်တွေလုပ်လို့လုပ်။ ဒေါင်လိုက်တွေ ထားလို့ထား။ ဒီအတိုင်းဆိုကြာလျှင် ပြည်သူတွေ အလံကိုပါ မေ့သွားနိုင်သည်။
ပြည်သူတွေလည်း ကြိုက်သည့်အလံ။ မှတ်လည်း မှတ်မိလွယ်။ ဘယ်လိုထားထား ဇောက်ထိုး မဖြစ်သည့်အလံ။
အရောင်ကလည်း ပြည်သူတွေအကြိုက်။ စိုပြေကတော့ ပန်းရောင်ဗြောင်အလံပြောင်းဖို့ အကြံပြုချင်သည်။
အလံက ပန်းရောင်လေး။ ဘာကြယ်၊ ဘာအမှတ်အသားမှမပါ။ အဲ့တော့ လူတိုင်းလည်း မှတ်မိလွယ်။ အလံကလည်း ပန်းရောင်လေးဆို လှ။
မှတ်ပုံတင်နဲ့လည်း အရောင်တူတော့ ပိုလေးစားနိုင်သည်။ အလံရွေးပြီးပြီဆိုလျှင်တော့ အလံကို ချစ် လာဖို့။ လေးစားဖို့ လုပ်ရမည်။ ဒါကတော့ သိပ်မလွယ်။
ထိုင်းမှာတော့ မနက် ၆ နာရီ၊ ညနေ ၆ နာရီ နိုင်ငံတော်သီချင်းဖွင့်ပြီး အလေးပြုသည်ဟု ဆိုသည်။ ဟုတ်မဟုတ်မသိ။
 စိုပြေကတော့ အရင်ခေတ်က နည်းလမ်းဟောင်းကိုပဲ သုံးချင်သည်။ အရင်ခေတ်က လူကြီးတွေသည် အလံကို လေးစားသည်၊ ချစ်ခင်သည်။ ဘာလို့လည်း ဆန်းစစ်ကြည့်တော့....။ သူတို့ဟာ နိုင်ငံတော် အလံကို မနက်စောစောထပြီး အလေးပြုတာကိုး။
ဒါကြောင့် နိုင်ငံတော် အလံကို မနက်စောစောထပြီး အလေးပြုကြမည်။ ဘယ်အချိန်အလေး ပြုမလဲဆိုတော့....။
လွတ်လပ်ရေး ရခဲ့သည့် အချိန်မှာ အလေးပြုတာပေါ့။ မနက် ၄ နာရီ ၂၀ မိနစ်ပေါ့။ ဒါမျိုးက တရက် လေလုပ်လို့လည်း ကောင်းတာမဟုတ်။
 နေ့စဉ်လုပ်မှ။ ဒါဆို ထိုင်းထက်သည် သာသွားနိုင်သည်။ ဒါကြောင့် မြန်မာပြည်မှာနေသူတိုင်း မနက် ၄ နာရီနဲ့ မိနစ် ၂၀ မှာ နေ့တိုင်းထ။
 ပြီးတော့ နိုင်ငံတော်အလံကြီးကို အလေးပြု။
ဘယ်လောက်မိုက်သလဲ။ ဒါတွေဖြစ်ဖို့ လွှတ်တော်မှာ အဆိုတင်ဖို့လိုသည်။
အစိုးရက လိုက်လုပ်ဖို့လိုသည်။ ဒါကြောင့် စိုပြေ လွှတ်တော်ထဲရောက်အောင် ကြိုးစားလိုက်ဦးမည်။
လွှတ်တော်ထဲရောက်ရင်တော့ အခုအမတ်တွေထက်သာအောင် တလွဲတွေ ပိုလုပ်ပြလိုက်ဦးမည်။
                                                                                                                စိုပြေ