【 သရော်စာ 】 “ပျင်းစရာသြင်္ကန်”

【 သရော်စာ 】 “ပျင်းစရာသြင်္ကန်”

သြင်္ကန်တွင်းမှာ ဘာလုပ်ရမလဲ။ဒါကအရေးကြီးတယ်။ဘာမှလုပ်စရာမရှိရင် ပျင်းစရာကြီး။

တကယ်တော့ သြင်္ကန်ကြီးက ပျင်းစရာကောင်းနေတာလည်း ကြာပါပြီ။နယ်ကလူတွေကလည်း နယ်ပြန်။ရန်ကုန်ကလူတွေကလည်း ခရီးတွေထွက်။ကားလက်မှတ်မရတဲ့လူရယ်၊ ခရီးသွားဖို့ ပိုက်ဆံမရှိတဲ့လူရယ်ပဲ ရန်ကုန်မှာ ကျန်ခဲ့တာ။စိုပြေကတော့ ပြန်စရာနယ်လည်းမရှိဘူး။ခရီးထွက်စရာ ပိုက်ဆံလည်းမရှိဘူး။ဒီတော့ ရန်ကုန်မှာပဲပေါ့။ဒီတော့ ရန်ကုန်မှာ အစီစဉ်ဆွဲရမယ်။ဘာတွေလုပ်မလဲ။ဘယ်တွေသွားမလဲ။

ရပ်ကွက်ထဲ ပတ်ကြည့်တာလည်း မဏ္ဍပ်က မတွေ့။စတုဒီသာကျွေးမယ်လို့ ကြေညာထားတာလည်းမရှိ။ရပ်ကွက်အပြင်ကို ထွက်တော့လည်း မဏ္ဍပ်တွေက အဝေးကြီးမှာ။နီးနီးနားနား ဘာမှမရှိ။ဒီတော့ ငယ်ငယ်ကလို ရေပြွတ်ဝယ်ပြီး ရပ်ကွက်ထဲ လှည့်ပက်ရမလား။အိမ်အောက်မှာပဲ အုန်းလက်မဏ္ဍပ်လေး ထိုးရမလား။ရပ်ကွက်ထဲ လှည့်ပက်ရအောင်ကလည်း ဒီရပ်ကွက်က လူနည်းတယ်။ပက်စရာ လူမရှိမှာလည်းစိုးတယ်။ပြီးတော့ ကိုယ်ကလူကြီး။အဲ့လိုရပ်ကွက်ထဲပတ်တာ ကလေးတွေပဲလေ။ကလေးက ဒီဘဲကြီး ဘာလဲဟဆိုပြီး အဖက်မလုပ်မှာလည်း စိုးတယ်။အုန်းလက်မဏ္ဍပ် လုပ်ရအောင်လည်း ရပ်ကွက်ထဲမှာ အုန်းပင်က မရှိ။အုန်းပင်ရှာတွေ့ရင်တောင် အပင်ပေါ် တက်တတ်တာမဟုတ်။ပြီးတော့ ကိုယ့်မဏ္ဍပ်ရှေ့ လူမဖြတ်ရင် ကိုယ်ပဲ ငိုက်နေရမှာ။အိမ်မှာပဲနေမယ်လို့ စဉ်းစားပြန်တော့လည်း စဉ်းစားတာနဲ့တင် ပျင်းစရာကောင်းနေပြန်ရော....။တစ်နှစ်မှာ တစ်ခါ။တစ်ခါမှ လေးရက်ထဲ ရေပက်ရတာ။အဲ့လိုရက်မှာကိုမှ ရေမဆော့လိုက်ရရင် လူဖြစ်ရကျိုးနပ်မှာမဟုတ်။ဒါပေမဲ့ ရေဆော့ရအောင်လည်း ပျော်ဖို့မကောင်းတာကြာပြီ။အသက်တွေပဲကြီးလာလို့လား။ပျော်စရာကောင်းတဲ့ အခြေအနေတွေပဲ မရှိတော့လို့လား။အရင်လို မဏ္ဍပ်လက်မှတ် ရောင်းတာတွေလည်း သိပ်မတွေ့ပြန်ဘူး။ရောင်းတာတွေကလည်း ဈေးကြီးကြီးတွေ။

အစိုးရသစ် တက်လာတုန်းက သြင်္ကန်မဏ္ဍပ်ဆောက်ခွင့် ပိတ်လိုက်တာ.... အခုထိကို ပြန်မကောင်းတော့ဘူး။အဲ့တုန်းကလည်း လူတွေလည်း မဏ္ဍပ်မရှိမယ့်အတူတူဆိုပြီး ခရီးတွေသွားလိုက်တာ....။နောက်ပိုင်း ခရီးသွားတဲ့ ရောဂါတွေ စွဲကုန်ရော။အခုထိကို အဲ့ရောဂါက မပျောက်တော့ဘူး။လူတွေမရှိတော့ မဏ္ဍပ်တွေလည်း ဘယ်စည်မလဲ။

အင်း.....ဘာတွေဘယ်လိုဖြစ်နေပြီလဲ....။ရေကစားဖို့နေရာ ရှားပါးနေပြီ....။ဒီကြားထဲ ရခိုင်သြင်္ကန်ကလည်း မလုပ်။ကရင်သြင်္ကန်တို့၊ ရှမ်းသြင်္ကန်တို့လည်း ရန်ကုန်မှာ မလုပ်ကြ။ထိုင်းမှာတောင် နှစ်တိုင်းလုပ်နေတဲ့သြင်္ကန် မလုပ်ဖြစ်ဘူးတဲ့။
ရိုးရိုးသြင်္ကန်လောက်တော့ လုပ်မယ်ထင်ပါတယ်။ဒီတော့ မြန်မာလို နိုင်ငံလေးလည်း သြင်္ကန်မစည်တာ အဆန်းတော့မဟုတ်။ကိုယ့်ဘာသာကိုယ်ပဲ သြင်္ကန်တစ်ခု တီထွင်လိုက်ရင် ကောင်းမယ်ထင်တယ်။သူများတွေထက်လည်း ထူးအောင်။
လူလည်းစည်အောင်....။ကိုရီးယားသြင်္ကန်ဆိုပြီး လုပ်လိုက်မယ်။ဒီဘက်ခေတ် ကလေးတွေကလည်း ကိုရီးယားတွေကို အသေကြိုက်တာ မဟုတ်လား။ကိုရီးယားက အကတစ်ဖွဲ့လောက်ငှား။မြန်မာပြည်က ကေ့ပေါ့အားပေးသူတွေကို လက်မှတ်တွေရောင်း။အမြတ်ကြီးမြတ်။ကိုယ်လည်းကဲရ။ဒါပေမဲ့ သိပ်တော့မဖြစ်နိုင်။အရင်းအနှီးကကြီး နေရာကမရှိ။ပုဇွန်တောင်ချောင်းထဲမှာလည်း လုပ်လို့ရတာမဟုတ်။ဘာမှလည်း ကြံလို့မရတော့ နောက်ဆုံး ဘုန်းကြီးကျောင်းပဲ ပြေးမြင်မိတော့တယ်။ဘုန်းကြီးကျောင်းမှာ သြင်္ကန်တွင်း သီလပေးမယ် တရားပြမယ်တဲ့။အလှူရှင်တွေကလည်းရှိတော့ ဘုန်းကြီးကျောင်းမှာ ဟင်းကောင်းပြီ။အိမ်မှာနေရင် ထမင်းဖိုးဟင်းဖိုးလည်း ကုန်မယ့်အတူတူ ဘုန်းကြီးကျောင်းပဲ သွားတာကောင်းမယ်။
အဲ့မှာ ထမင်းဟင်းလည်း ကောင်းကောင်းစားရမယ်။ဘာမှလည်း လုပ်စရာမလိုဘူး။တရားလေးနာရုံပဲ။ပြီးရင် အဖွားကြီးတွေနဲ့ တရားငြင်းပေါ့။တရားထိုင်တဲ့အချိန်မှာတော့ ငိုက်လို့ရမယ်။ကံကောင်းရင် အလှူရှင်ပါ ဘုန်းကြီးကျောင်း ရောက်လာလို့ အလှူငွေတွေတောင် ရချင်ရဦးမယ်။သြင်္ကန်တွင်း ဈေးလိုက်ရောင်းတာမှ အရင်ပြုတ်ချင် ပြုတ်ဦးမယ်။ဘုန်းကြီးကျောင်းသွားတာက အရှုံးမရှိနိုင်။ဒီကြားထဲ တရားနာသူတွေထဲမှာ ချဲဂဏန်း၊ နှစ်လုံးဂဏန်း အတိတ်ကောက်တတ်ရင် နှစ်လုံးသုံးလုံးက ပေါက်ဦးမယ်။

ဒါကြောင့် ဒီသြင်္ကန်တွင်းတော့ မပျော်ရမယ့်အတူတူ ဘုန်းကြီးကျောင်းပဲ သွားတော့မယ်။မိတ်ဆွေတို့လည်း သွားစရာမရှိရင် ဘုန်းကြီးကျောင်း လိုက်ခဲ့ကြပါလား....။

စိုပြေ
ဧပြီ - ၁၄

( Zawgyi )

ၾသကၤန္တြင္းမွာ ဘာလုပ္ရမလဲ။ဒါကအေရးႀကီးတယ္။ဘာမွလုပ္စရာမရွိရင္ ပ်င္းစရာႀကီး။

တကယ္ေတာ့ ၾသကၤန္ႀကီးက ပ်င္းစရာေကာင္းေနတာလည္း ၾကာပါၿပီ။နယ္ကလူေတြကလည္း နယ္ျပန္။ရန္ကုန္ကလူေတြကလည္း ခရီးေတြထြက္။ကားလက္မွတ္မရတဲ့လူရယ္၊ ခရီးသြားဖို႔ ပိုက္ဆံမရွိတဲ့လူရယ္ပဲ ရန္ကုန္မွာ က်န္ခဲ့တာ။စိုေျပကေတာ့ ျပန္စရာနယ္လည္းမရွိဘူး။ခရီးထြက္စရာ ပိုက္ဆံလည္းမရွိဘူး။ဒီေတာ့ ရန္ကုန္မွာပဲေပါ့။ဒီေတာ့ ရန္ကုန္မွာ အစီစဥ္ဆြဲရမယ္။ဘာေတြလုပ္မလဲ။ဘယ္ေတြသြားမလဲ။

ရပ္ကြက္ထဲ ပတ္ၾကည့္တာလည္း မ႑ပ္က မေတြ႕။စတုဒီသာေကြၽးမယ္လို႔ ေၾကညာထားတာလည္းမရွိ။ရပ္ကြက္အျပင္ကို ထြက္ေတာ့လည္း မ႑ပ္ေတြက အေဝးႀကီးမွာ။နီးနီးနားနား ဘာမွမရွိ။ဒီေတာ့ ငယ္ငယ္ကလို ေရႁပြတ္ဝယ္ၿပီး ရပ္ကြက္ထဲ လွည့္ပက္ရမလား။အိမ္ေအာက္မွာပဲ အုန္းလက္မ႑ပ္ေလး ထိုးရမလား။ရပ္ကြက္ထဲ လွည့္ပက္ရေအာင္ကလည္း ဒီရပ္ကြက္က လူနည္းတယ္။ပက္စရာ လူမရွိမွာလည္းစိုးတယ္။ၿပီးေတာ့ ကိုယ္ကလူႀကီး။အဲ့လိုရပ္ကြက္ထဲပတ္တာ ကေလးေတြပဲေလ။ကေလးက ဒီဘဲႀကီး ဘာလဲဟဆိုၿပီး အဖက္မလုပ္မွာလည္း စိုးတယ္။အုန္းလက္မ႑ပ္ လုပ္ရေအာင္လည္း ရပ္ကြက္ထဲမွာ အုန္းပင္က မရွိ။အုန္းပင္ရွာေတြ႕ရင္ေတာင္ အပင္ေပၚ တက္တတ္တာမဟုတ္။ၿပီးေတာ့ ကိုယ့္မ႑ပ္ေရွ႕ လူမျဖတ္ရင္ ကိုယ္ပဲ ငိုက္ေနရမွာ။အိမ္မွာပဲေနမယ္လို႔ စဥ္းစားျပန္ေတာ့လည္း စဥ္းစားတာနဲ႔တင္ ပ်င္းစရာေကာင္းေနျပန္ေရာ....။တစ္ႏွစ္မွာ တစ္ခါ။တစ္ခါမွ ေလးရက္ထဲ ေရပက္ရတာ။အဲ့လိုရက္မွာကိုမွ ေရမေဆာ့လိုက္ရရင္ လူျဖစ္ရက်ိဳးနပ္မွာမဟုတ္။ဒါေပမဲ့ ေရေဆာ့ရေအာင္လည္း ေပ်ာ္ဖို႔မေကာင္းတာၾကာၿပီ။အသက္ေတြပဲႀကီးလာလို႔လား။ေပ်ာ္စရာေကာင္းတဲ့ အေျခအေနေတြပဲ မရွိေတာ့လို႔လား။အရင္လို မ႑ပ္လက္မွတ္ ေရာင္းတာေတြလည္း သိပ္မေတြ႕ျပန္ဘူး။ေရာင္းတာေတြကလည္း ေဈးႀကီးႀကီးေတြ။

အစိုးရသစ္ တက္လာတုန္းက ၾသကၤန္မ႑ပ္ေဆာက္ခြင့္ ပိတ္လိုက္တာ.... အခုထိကို ျပန္မေကာင္းေတာ့ဘူး။အဲ့တုန္းကလည္း လူေတြလည္း မ႑ပ္မရွိမယ့္အတူတူဆိုၿပီး ခရီးေတြသြားလိုက္တာ....။ေနာက္ပိုင္း ခရီးသြားတဲ့ ေရာဂါေတြ စြဲကုန္ေရာ။အခုထိကို အဲ့ေရာဂါက မေပ်ာက္ေတာ့ဘူး။လူေတြမရွိေတာ့ မ႑ပ္ေတြလည္း ဘယ္စည္မလဲ။

အင္း.....ဘာေတြဘယ္လိုျဖစ္ေနၿပီလဲ....။ေရကစားဖို႔ေနရာ ရွားပါးေနၿပီ....။ဒီၾကားထဲ ရခိုင္ၾသကၤန္ကလည္း မလုပ္။ကရင္ၾသကၤန္တို႔၊ ရွမ္းၾသကၤန္တို႔လည္း ရန္ကုန္မွာ မလုပ္ၾက။ထိုင္းမွာေတာင္ ႏွစ္တိုင္းလုပ္ေနတဲ့ၾသကၤန္ မလုပ္ျဖစ္ဘူးတဲ့။
႐ိုး႐ိုးၾသကၤန္ေလာက္ေတာ့ လုပ္မယ္ထင္ပါတယ္။ဒီေတာ့ ျမန္မာလို ႏိုင္ငံေလးလည္း ၾသကၤန္မစည္တာ အဆန္းေတာ့မဟုတ္။ကိုယ့္ဘာသာကိုယ္ပဲ ၾသကၤန္တစ္ခု တီထြင္လိုက္ရင္ ေကာင္းမယ္ထင္တယ္။သူမ်ားေတြထက္လည္း ထူးေအာင္။
လူလည္းစည္ေအာင္....။ကိုရီးယားၾသကၤန္ဆိုၿပီး လုပ္လိုက္မယ္။ဒီဘက္ေခတ္ ကေလးေတြကလည္း ကိုရီးယားေတြကို အေသႀကိဳက္တာ မဟုတ္လား။ကိုရီးယားက အကတစ္ဖြဲ႕ေလာက္ငွား။ျမန္မာျပည္က ေက့ေပါ့အားေပးသူေတြကို လက္မွတ္ေတြေရာင္း။အျမတ္ႀကီးျမတ္။ကိုယ္လည္းကဲရ။ဒါေပမဲ့ သိပ္ေတာ့မျဖစ္ႏိုင္။အရင္းအႏွီးကႀကီး ေနရာကမရွိ။ပုဇြန္ေတာင္ေခ်ာင္းထဲမွာလည္း လုပ္လို႔ရတာမဟုတ္။ဘာမွလည္း ႀကံလို႔မရေတာ့ ေနာက္ဆုံး ဘုန္းႀကီးေက်ာင္းပဲ ေျပးျမင္မိေတာ့တယ္။ဘုန္းႀကီးေက်ာင္းမွာ ၾသကၤန္တြင္း သီလေပးမယ္ တရားျပမယ္တဲ့။အလႉရွင္ေတြကလည္းရွိေတာ့ ဘုန္းႀကီးေက်ာင္းမွာ ဟင္းေကာင္းၿပီ။အိမ္မွာေနရင္ ထမင္းဖိုးဟင္းဖိုးလည္း ကုန္မယ့္အတူတူ ဘုန္းႀကီးေက်ာင္းပဲ သြားတာေကာင္းမယ္။
အဲ့မွာ ထမင္းဟင္းလည္း ေကာင္းေကာင္းစားရမယ္။ဘာမွလည္း လုပ္စရာမလိုဘူး။တရားေလးနာ႐ုံပဲ။ၿပီးရင္ အဖြားႀကီးေတြနဲ႔ တရားျငင္းေပါ့။တရားထိုင္တဲ့အခ်ိန္မွာေတာ့ ငိုက္လို႔ရမယ္။ကံေကာင္းရင္ အလႉရွင္ပါ ဘုန္းႀကီးေက်ာင္း ေရာက္လာလို႔ အလႉေငြေတြေတာင္ ရခ်င္ရဦးမယ္။ၾသကၤန္တြင္း ေဈးလိုက္ေရာင္းတာမွ အရင္ျပဳတ္ခ်င္ ျပဳတ္ဦးမယ္။ဘုန္းႀကီးေက်ာင္းသြားတာက အရႈံးမရွိႏိုင္။ဒီၾကားထဲ တရားနာသူေတြထဲမွာ ခ်ဲဂဏန္း၊ ႏွစ္လုံးဂဏန္း အတိတ္ေကာက္တတ္ရင္ ႏွစ္လုံးသုံးလုံးက ေပါက္ဦးမယ္။

ဒါေၾကာင့္ ဒီၾသကၤန္တြင္းေတာ့ မေပ်ာ္ရမယ့္အတူတူ ဘုန္းႀကီးေက်ာင္းပဲ သြားေတာ့မယ္။မိတ္ေဆြတို႔လည္း သြားစရာမရွိရင္ ဘုန္းႀကီးေက်ာင္း လိုက္ခဲ့ၾကပါလား....။

စိုေျပ
ဧၿပီ - ၁၄