【 နည်းပညာ 】အမေရိကန်ရဲ့ ‘လ’ ပေါ် ဆင်းသက် လေ့လာမည့် မစ်ရှင်တွင် နည်းပညာပိုင်းဆိုင်ရာ ပြဿနာအချို့ဖြစ်ပေါ်လာ

【 နည်းပညာ 】အမေရိကန်ရဲ့ ‘လ’ ပေါ် ဆင်းသက် လေ့လာမည့် မစ်ရှင်တွင် နည်းပညာပိုင်းဆိုင်ရာ ပြဿနာအချို့ဖြစ်ပေါ်လာ

အမေရိကန်နိုင်ငံဟာ နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံး ‘လ’ ပေါ် ဆင်းသက် လေ့လာဖို့ ကြိုးပမ်းမှုအဖြစ် ပြီးခဲ့တဲ့ တနင်္လာနေ့က‘လ’ဆင်းယာဉ်ကို သယ်ဆောင်သွားတဲ့ ဒုံးပျံယာဉ်ကို လွှတ်တင်ခဲ့ပါတယ်။

အဆိုပါမစ်ရှင်ကို နာဆာ (NASA) ရဲ့ ရန်ပုံငွေအမြောက်အမြား ထောက်ပံ့မှုနဲ့ Astrobotic Technology ပုဂ္ဂလိက ကုမ္ပဏီက တာဝန်ယူလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံး‘လ’ပေါ် ဆင်းသက် လေ့လာသွားမယ့် မစ်ရှင်ရဲ့ မူလရည်မှန်းချက်ကတော့ လာမယ့် ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ‘လ’ပေါ်သို့ ‘လ’ဆင်းယာဉ် ဆင်းသက်ဖို့ စီစဉ်ထားတာဖြစ်ပါ တယ်။ဒါပေမဲ့ မစ်ရှင်အတွင်း နည်းပညာပိုင်းဆိုင်ရာ ပြဿနာအချို့ ဖြစ်ပေါ်လာချိန်မှာတော့ အဆိုပါ ရည်မှန်းချက်ဟာ မှေးမှိန် လာခဲ့ပါတယ်။

ဒုံးပျံယာဉ်ရဲ့ တွန်းကန်အားစနစ်မှာ ပြဿနာဖြစ်ပေါ်လာတယ်လို့ ကုမ္ပဏီကဆိုပြီး၊ ဆက်လက်စစ်ဆေးရာမှာတော့ လောင်စာဆီယိုစိမ့်မှုပြဿနာဖြစ်ပေါ်နေတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

“အခုပြဿနာက မစ်ရှင်အပေါ် ဘယ်လိုနှောင့်နှေးမှုတွေ ရှိလာနိုင်သလဲဆိုတာနဲ့ မစ်ရှစ်အတွက် အခြားရွေးချယ်စရာနည်းလမ်းတွေ ဖြစ်နိုင်မလားဆိုတာကို ကျနော်တို့ လောလောဆယ် အကဲဖြတ်နေပါတယ်၊ တွန်းကန်အားစနစ် ပြဿနာက‘လ’ပေါ် ဆင်းသက်မယ့် မူလရည်မှန်းချက်ကို ခြိမ်းခြောက်နေပါတယ်” လို့ Astrobotic ကုမ္ပဏီက ပြောပါတယ်။

အမေရိကန်အာကာသအေဂျင်စီကြီး NASA ဟာ ၎င်းအတွက် ကိုယ်ပိုင်‘လ’ဆင်းယာဉ်တွေ တည်ဆောက် ဖို့အတွက် ကုမ္ပဏီနှစ်ခုကို ကန်ဒေါ်လာ သန်းပေါင်းများစွာ ရန်ပုံ‌ငွေထောက်ပံ့ပေးခဲ့ရပါတယ်။ဒုတိယမြောက် Houston ကုမ္ပဏီရဲ့ မစ်ရှင်ကိုတော့ လာမယ့် ဖေဖော်ဝါရီလအတွင်းမှာ လွှတ်တင်ဖို့ စီစဉ်ထားပါတယ်။

၁၉၆၀ နဲ့ ၇၀ ခုနှစ်တွေကတော့ အမေရိကန်နဲ့ ဆိုဗီယက်ယူနီယံတို့ဟာ အောင်မြင်တဲ့ ‘လ’ပေါ် ဆင်းသက် လေ့လာမှုအများအပြားကို လုပ်ဆောင်ခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ အရှိန်တန့်သွားခဲ့ပြီး နောက်ပိုင်းမှာ တရုတ်၊ ရုရှား၊ အိန္ဒိယနဲ့ ဂျပန်နိုင်ငံတွေက‘လ’ပေါ် ဆင်းသက်လေ့လာရေး မစ်ရှင်တွေကို အပြိုင်အဆိုင်လုပ်ဆောင်လာခဲ့ကြပါတယ်။

Damien

Ref - CMG, livemint

ဝါရှင်တန်၊ ဇန်နဝါရီ ၁၀