【 နည်းပညာ 】 ငလျင်ဒဏ်သင့် ပြည်သူတွေကို ကယ်ဆယ်ဖို့ နည်းပညာမြင့် အစီအမံတွေကို တရုတ် အသုံးပြု

【 နည်းပညာ 】 ငလျင်ဒဏ်သင့် ပြည်သူတွေကို ကယ်ဆယ်ဖို့ နည်းပညာမြင့် အစီအမံတွေကို တရုတ် အသုံးပြု

ပေကျင်း၊ ဒီဇင်ဘာ - ၂၀

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၊ Gansu ပြည်နယ်ရှိ Jiishan ကောင်တီတွင် ပြင်းအား ၆.၂ အဆင့်ရှိ အင်အားပြင်းထန် ငလျင်တစ်ခု တနင်္လာနေ့ ညသန်းခေါင်အချိန်က လှုပ်ခတ်ခဲ့ပါတယ်။

တရုတ်အစိုးရဘက်က ငလျင်လှုပ်ခတ်ပြီးနောက်မှာပဲ ပြည်သူတွေကို အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့အတွက် နည်းပညာမြင့် အစီအမံတွေကို လျင်မြန်စွာပဲ ဖြန့်ကြက်ခဲ့ပါတယ်။

ငလျင်ဒဏ်သင့် ပြည်သူတွေကို ကယ်ဆယ်ဖို့ နည်းပညာမြင့် အစီအမံတွေကို ဖြန့်ကြက်ခဲ့ရာမှာ ဂြိုဟ်တုနည်းပညာတွေအပြင်၊ နည်းပညာမြင့် မောင်းသူမဲ့လေယာဉ် (UAV) တွေလည်း ပါဝင်ခဲ့ပါတယ်။ငလျင်လှုပ်ခတ်မှု ပြီးပြီးခြင်းမှာပဲ တရုတ်သယံဇာတဝန်ကြီးဌာနရဲ့ ဂြိုဟ်တုအဝေးထိန်း မြေငလျင်အာရုံခံကိရိယာဗဟိုဌာနဟာ အရေးပေါ် မြေငလျင်စောင့်ကြည့်မှုတွေကို အချိန်နဲ့တစ်ပြေးညီ လုပ်ဆောင်ခဲ့ပါတယ်။ Gaofen-2 နဲ့ Ziyuan-3 ဂြိုဟ်တုတွေကနေတစ်ဆင့် အဝေးထိန်း စောင့်ကြည့်မှုတွေ လုပ်ဆောင်ပြီးတဲ့နောက်မှာတော့ Gansu ပြည်နယ်အနီး Qinghai ပြည်နယ်က ရှေ့တန်းကယ်ဆယ်ရေးအဖွဲ့တွေဆီကို သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ဒေတာအချက်အလက်တွေကို ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

တရုတ်အာကာသသိပ္ပံနဲ့ နည်းပညာကော်ပိုရေးရှင်းကလည်း ငလျင်လှုပ်ခတ်ခဲ့တဲ့ ဒေသအနီးတစ်ဝိုက်တွေကို အချိန်နဲ့တစ်ပြေးညီ စောင့်ကြည့်နိုင်ဖို့အတွက် ဂြိုဟ်တု ၄ လုံးကို နေရာချထားပေးခဲ့ပါတယ်။

ဒါ့အပြင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကလည်း ငလျင်ဘေးသင့်ဒေသသို့ Y-20 သယ်ယူပို့ဆောင်ရေးလေယာဉ်ကြီးနဲ့အတူ ရှေ့တန်းကယ်ဆယ်ရေးအဖွဲ့တွေကို စေလွှတ်ခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ ပြည်တွင်းထုတ် နည်းပညာမြင့် မောင်းသူမဲ့လေယာဉ် Wing Loong-2H UAV ဟာလည်း အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်လာခဲ့ပြီး၊ ဝေဟင်ကနေတစ်ဆင့် ဆက်သွယ်ရေးအထောက်အပံ့တွေနဲ့ ဘေးအန္တရာယ်စောင့်ကြည့်မှုတွေကို လုပ်ဆောင်ပေးခဲ့ပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ကလည်း ငလျင်ဘေးဒဏ်သင့် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ဘေးကင်းစေဖို့ ရှာဖွေကယ်ဆယ်ရေးနဲ့ သင့်လျော်တဲ့ အစီအစဉ်တွေအားလုံးကို လျင်မြန်စွာလုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

Damien
Ref - CMG