【 နည်းပညာ 】 ဆန်းသစ်တဲ့ တည်ဆောက်မှု နည်းပညာတွေနဲ့အတူ ကမ္ဘာ့စံချိန်သစ်တွေ တင်လာမယ့် တရုတ်တံတား အင်ဂျင်နီယာများ

【 နည်းပညာ 】 ဆန်းသစ်တဲ့ တည်ဆောက်မှု နည်းပညာတွေနဲ့အတူ ကမ္ဘာ့စံချိန်သစ်တွေ တင်လာမယ့် တရုတ်တံတား အင်ဂျင်နီယာများ

ပေကျင်း၊ ဖေဖော်ဝါရီ - ၄
 
တရုတ်နိုင်ငံရဲ့ အင်ဂျင်နီယာစွမ်းရည်ဟာ မြင့်မားမတ်စောက်လှတဲ့ တောင်တန်းဒေသတွေမှာ တံတားတွေကို ဆန်းသစ်တဲ့ နည်းပညာတွေနဲ့ တည်ဆောက်ခြင်းဖြင့် ကြီးမားတဲ့ တည်ဆောက်ရေး ပရောဂျက်တွေကို ဆောင်ရွက်ကာ ကမ္ဘာ့စံချိန်သစ်တွေတင်ပြီး အရှိန်အဟုန်မြင့်လာလျက်ရှိပါတယ်။
 
ပြီးခဲ့တဲ့ သောကြာနေ့ကတော့ မြို့တော် ပေကျင်းတွင် အင်ဂျင်နီယာနည်းပညာနယ်ပယ်၌ အလွန်ထူး ချွန်စွာ ပံ့ပိုးဆောင်ရွက်နိုင်မှုများကြောင့် လူပုဂ္ဂိုလ် ၈၁ ဦးနဲ့ အဖွဲ့အစည်းပေါင်း ၅၀ ကို အမျိုးသားအင်ဂျင်နီယာဆုတွေ ပေးအပ်ခဲ့တယ်လို့ CMG သတင်းဌာနက ဖော်ပြချက်အရ သိရပါတယ်။
 
အမျိုးသားအင်ဂျင်နီယာဆု ပေးအပ်ခံရတဲ့ အဖွဲ့အစည်းတွေထဲမှာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ တောင်ထူထပ်တဲ့ Guizhou ပြည်နယ်မှာ အခြေစိုက်တဲ့ အဖွဲ့တစ်ခုလည်း ပါဝင်ခဲ့ပါတယ်။
 
တရုတ်အင်ဂျင်နီယာအဖွဲ့တွေဟာ ကြီးမားတဲ့ တံတားတည်ဆောက်မှု ပရောဂျက်တွေအတွက် အလွန်အသုံးဝင်တဲ့ ခေတ်မီဆန်းသစ်တဲ့ တည်ဆောက်ရေး နည်းပညာခုနစ်ခုကို ဖော်ဆောင်ပေးခဲ့ပြီး၊ နိုင်ငံတစ်ဝန်းတွင် ခက်ခဲတဲ့ ပထဝီဝင် မြေမျက်နှာသွင်ပြင်အနေအထား၊ ပျက်စီးလွယ်တဲ့ ဂေဟစနစ်နဲ့ အခြားစိန်ခေါ်မှုတွေကို အံတုပြီး ကမ္ဘာ့ထိပ်တန်း တံတား ၁၂ စင်းကို တည်ဆောက်ပေးခဲ့ပါတယ်။
 
လက်ရှိအချိန်မှာလည်း ကမ္ဘာ့အမြင့်ဆုံးတံတား စံချိန်မှတ်တမ်းကို စံချိန်သစ်တင်နိုင်မယ့် တံတားကြီး ကိုလည်း Guizhou ပြည်နယ်အတွင်းရှိ Huajiang မြစ်ပေါ်မှာ တည်ဆောက်လျက်ရှိပါတယ်။ကမ္ဘာ့အမြင့်ဆုံး တံတားအဖြစ် စံချိန်သစ်တင်လာမယ့် တံတားကြီးကို ယခု ၂၀၂၄ ခုနှစ်အတွင်း အပြီးတည်ဆောက်သွားနိုင်ဖို့ မျှော်လင့်ထားပြီး၊ ၂၀၂၅ ခုနှစ်မှာတော့ စတင်အသုံးပြုနိုင်ဖို့ တရုတ်က မျှော်လင့်ထားပါတယ်။ထိုတံတားကြီး ပြီးစီးသွားပါက ဒေသတွင်း ခရီးသွားလာရေးနဲ့ ကျေးလက်ဒေသ ပြန်လည်ရှင်သန်ရေးတို့ကို ပိုမိုမြှင့်တင်လာနိုင်မှာဖြစ်တယ်လို့ Guizhou ဆက်သွယ်ရေးနဲ့ ဆောက်လုပ်ရေးလုပ်ငန်းစုရဲ့ အင်ဂျင်နီယာချုပ် မစ္စတာဟန်က ပြောပါတယ်။
 
ဒါ့အပြင် တရုတ်အင်ဂျင်နီယာတွေဟာ တံတားကြီးတွေ တည်ဆောက်ရာမှာ သဘာဝပတ်ဝန်းကျင်နဲ့ ညီညွတ်မျှတစေရေးကိုလည်း အာရုံစိုက်ခဲ့ပြီး၊ ဂေဟစနစ်နဲ့ သဟဇာတဖြစ်စေမယ့် ပစ္စည်းတွေကို တည်ဆောက်ရေးလုပ်ငန်းတွေမှာ အသုံးပြုခဲ့ပါတယ်။ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အသုံးပြုတဲ့ ပစ္စည်းတွေမှာ တံတားတည်ဆောက်နေရာ ဒေသမှာ တည်ရှိတဲ့ လမ်းကြမ်းပြင်နဲ့ ကျောက်တုံး၊ ကျောက်ခဲတွေကို အသေးစိတ်ခွဲခြမ်းစိတ်ဖြာပြီး ပြန်လည်အသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။တရုတ်အင်ဂျင်နီယာတွေရဲ့ ဆန်းသစ်တဲ့ တည်ဆောက်‌ရေး နည်းပညာတွေကြောင့် ကြီးမားတဲ့ စီးပွားရေးဆိုင်ရာ အကျိုးအမြတ်တွေလည်း ထွက်ရှိလာသလို၊ ကာဗွန်ထုတ်လွှတ်မှုကိုလည်း ချေဖျက်နိုင်ခဲ့ပါတယ်။
 
တရုတ်နိုင်ငံအတွင်း ကြီးမားတဲ့ တံတားတည်ဆောက်မှု ပရောဂျက်တွေ ပြီးဆုံးသွားချိန် အနာဂတ်ကို မျှော်ကြည့်ရာမှာတော့ တရုတ်ရဲ့ အင်ဂျင်နီယာစွမ်းရည်ဟာ ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေကို ဖြစ်ပေါ် လာစေမှာဖြစ်ပြီး၊ ရေရှည်တည်တံ့တဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဖိုးတန်သင်ခန်းစာတွေ ကို မျှဝေပေးနိုင်မှာဖြစ်ကာ အလားတူ ပထဝီဝင်ဆိုင်ရာ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတဲ့ နိုင်ငံတစ်ဝန်းကို ပူးပေါင်းဆောင်ရွက်မှုတွေ လှုံ့ဆော်ပေးနိုင်တော့မှာဖြစ်ပါတယ်။
 
Damien
Ref - CMG