【 နည်းပညာ 】 တရုတ် ‘လ’ မစ်ရှင်တွေအတွက် ဆက်သွယ်ရေးဂြိုဟ်တု လွှတ်တင်မည့်နေရာသို့ ရောက်ရှိလာ

【 နည်းပညာ 】 တရုတ် ‘လ’ မစ်ရှင်တွေအတွက် ဆက်သွယ်ရေးဂြိုဟ်တု လွှတ်တင်မည့်နေရာသို့ ရောက်ရှိလာ

ပေကျင်း၊ ဖေဖော်ဝါရီ - ၇

တရုတ်နိုင်ငံရဲ့ အဓိကအာကာသမစ်ရှင်တွေလို့ဆိုရမယ့် အနာဂတ် ‘လ’ စူးစမ်းလေ့လာရေးမစ်ရှင်တွေမှာ ချိတ်ဆက်အသုံးပြုသွားမယ့် ဆက်သွယ်ရေးဂြိုဟ်တုဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့က ဂြိုဟ်တုလွှတ်တင်ရေးစင်တာသို့ ရောက်ရှိလာပြီဖြစ်ပါတယ်။

Queqiao-2 အမည်ရ ဆက်သွယ်ရေးဂြိုဟ်တုကို တရုတ်နိုင်ငံ တောင်ပိုင်း၊ ဟိုင်နန်ပြည်နယ်အတွင်းရှိ ဝမ်ချန်အာကာသယာဉ်လွှတ်တင်ရေးစင်တာက လွှတ်တင်သွားဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

Queqiao-2 ဂြိုဟ်တုကို လွှတ်တင်ပြီးတဲ့အခါမှာတော့ ၎င်းဟာ နိုင်ငံရဲ့ ‘လ’ စူးစမ်းလေ့လာရေးမစ်ရှင်တွေဖြစ်တဲ့ Chang'e-4 ၊ Chang'e-6 ၊ Chang'e-7 ၊ Chang'e-8 မစ်ရှင်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။အဆိုပါဂြိုဟ်တုရဲ့ အဓိကတာဝန်ကတော့ ‘လ’ ဆင်းယာဉ်နဲ့ မြေပြင်အခြေစိုက်စခန်းကြား ဆက်သွယ်ရေးကို ပံ့ပိုးပေးသွားမှာဖြစ်ပြီး၊ ဒေတာအချက်အလက် လွှဲပြောင်းမှုတွေကိုလည်း ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံ အမျိုးသားအာကာသစီမံခန့်ခွဲရေးရဲ့ အဆိုအရ လက်ရှိမှာ ဆက်သွယ်ရေးဂြိုဟ်တု လွှတ်တင်ရေး အကြိုစမ်းသပ်မှုတွေကို လုပ်ဆောင်နေတယ်လို့ သိရပြီး၊ ကြိုတင်ပြင်ဆင်မှုတွေဟာ အစီအစဉ်အတိုင်း တိုးတက်မှုရှိနေတယ်လို့လည်း သိရပါတယ်။

တရုတ်နိုင်ငံက Queqiao-2 ဆက်သွယ်ရေးဂြိုဟ်တုကို ယခုနှစ် ပထမနှစ်ဝက်အတွင်းမှာ လွှတ်တင်သွားဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

Damien
Ref - CMG