【 နည်းပညာ 】 မြောက်အမေရိက ကျောက်ဖြစ်ရုပ်ကြွင်း နမူနာများတွင် ဒိုင်နိုဆောသတ္တဝါ မျိုးစိတ်သစ်ကို တွေ့ရှိခဲ့

【 နည်းပညာ 】 မြောက်အမေရိက ကျောက်ဖြစ်ရုပ်ကြွင်း နမူနာများတွင် ဒိုင်နိုဆောသတ္တဝါ မျိုးစိတ်သစ်ကို တွေ့ရှိခဲ့

မွန်တာနား၊ ဇန်နဝါရီ - ၂၉

မြောက်အမေရိကမှာ တွေ့ရှိခဲ့တဲ့ ကျောက်ဖြစ်ရုပ်ကြွင်း နမူနာကျောက်တုံးတွေကို ရုပ်ကြွင်းဗေဒပညာရှင် တွေက ဆက်လက်စူးစမ်း ရှာဖွေလေ့လာခဲ့ရာမှာ ယနေ့ခေတ် ကြက်တူရွေး ငှက်မျိုးစိတ်နဲ့ ဆင်တူတဲ့ ဒိုင်နိုဆောသတ္တဝါ မျိုးစိတ်အသစ်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

Caenagnathids လို့ အမည်ရတဲ့ ကြက်ဆင်အရွယ်ရှိ ဒိုင်နိုဆောမျိုးစိတ်ထဲက မျိုးကွဲတစ်ခုဖြစ်တယ်လို့လည်း ရုပ်ကြွင်းဗေဒပညာရှင်တွေက ဆိုပါတယ်။

အဆိုပါကြက်တူရွေးနဲ့ ဆင်တူတဲ့ ဒိုင်နိုဆောတွေဟာ မြောက်အမေရိကမှာ T.Rex လို့ နာမည်ကျော်တဲ့ ကြီးမားတဲ့ အသားစား ဒိုင်နိုဆောကြီးတွေနဲ့ အတူတူရှင်သန်နေထိုင်ခဲ့တယ်လို့ ရုပ်ကြွင်းဗေဒပညာရှင်တွေက ယူဆထားပါတယ်။

ယခုရှာဖွေတွေ့ရှိမှုဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၆ သန်းခန့်က ဂြိုဟ်သိမ်ဂြိုဟ်မွှားကြီး မကျရောက်မီကာလက ကမ္ဘာမြေပေါ် ရှင်သန်နေထိုင် ကျက်စားခဲ့တဲ့ သတ္တဝါမျိုးစိတ်တွေရဲ့ ပုံရိပ်တွေကို ပိုမိုပြည့်စုံစွာ ပုံဖော်ပေးနိုင်ဖို့ အထောက်အကူဖြစ်လာခဲ့ပါတယ်။

သိပ္ပံပညာရှင်တွေဟာ ကျောက်ဖြစ်ရုပ်ကြွင်းကို အနီးကပ်စစ်ဆေးလေ့လာခဲ့ကြပြီး ခန္ဓာဗေဒအသေးစိတ် အချက်အလက်တွေနဲ့ ဒိုင်နိုဆောတွေရဲ့ သေဆုံးချိန် အရွယ်အပိုင်းအခြားကိုပါ လေ့လာတွေ့ရှိခဲ့ပါတယ်။

Royal Ontario ပြတိုက်က ရုပ်ကြွင်းပညာရှင် ဂရီဂိုရီ ဖန်စတန်က “မူလကတော့ ကျနော်တို့ မျိုးစိတ်တွေဟာ အတူတူပဲဖြစ်နိုင်တယ်လို့ ယူဆထားတာပါ၊ ဒါပေမဲ့ ရုပ်ကြွင်းတွေကို အနီးကပ် အသေးစိတ်လေ့လာတဲ့အခါမှာ မျိုးစိတ်အသစ်လို့ ယူဆနိုင်မယ့် ကွဲလွဲချက်လေးတွေကို တွေ့ရှိခဲ့တယ်” လို့ ပြောပါတယ်။

ဒိုင်နိုဆောတွေ့ရဲ့ အရွယ်အပိုင်းအခြားကို သိရှိနိုင်ဖို့အတွက် သိပ္ပံပညာရှင်တွေဟာ အရိုးတစ်သျှူး လေ့လာမှု နည်းလမ်းကို အသုံးပြုခဲ့ပြီး၊ ဒိုင်နိုဆောတစ်ကောင် အရွယ်မရောက်သေးပါက အရိုးများ မရင့်ကျက်သေးဘဲ ဆက်လက်ကြီးထွားနေတာကို ပြသပေးမှာဖြစ်သလို၊ အရွယ်ရောက်ပြီးပါကလည်း ကြီးထွားမှုနှေးကွေးသွားတဲ့ ပုံရိပ်တွေကို ပြသပေးမှာဖြစ်ပါတယ်။

ယခုတွေ့ရှိခဲ့တဲ့ ဒိုင်နိုဆောသတ္တဝါ မျိုးစိတ်သစ်ဟာ သေးငယ်တဲ့ ဒိုင်နိုဆောမျိုးစိတ်ဖြစ်ပြီး၊ သိပ္ပံပညာရှင်တွေဟာ သေးငယ်တဲ့ မျိုးစိတ်တွေရဲ့ အမျိုးအမည်တွေ ရှာဖွေပြီး အသိအမှတ်ပြုဖို့ ကြိုးပမ်းလျက်ရှိပါတယ်။

Damien
Ref - smithsonianmag