【 နည်းပညာ 】 ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို ခန့်မှန်းနိုင်ဖို့ AI နည်းပညာကို စတော့ခ်ဟုမ်းဆေးရုံ အသုံးပြုရန် စီစဉ်

【 နည်းပညာ 】 ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို ခန့်မှန်းနိုင်ဖို့ AI နည်းပညာကို စတော့ခ်ဟုမ်းဆေးရုံ အသုံးပြုရန် စီစဉ်

စတော့ခ်ဟုမ်း၊ ဒီဇင်ဘာ - ၂၃

ဉာဏ်ရည်တု (AI) နည်းပညာကို ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို ခန့်မှန်းနိုင်ဖို့ စတော့ခ်ဟုမ်းဆေးရုံက ကမ္ဘာ့ပထမဆုံးအကြိမ်အဖြစ် အသုံးပြုသွားရန် စီစဉ်နေတယ်လို့ သိရပါတယ်။

SMART လို့ အမည်ပေးထားတဲ့ AI မော်ဒယ်လ်သစ်ကို လာမယ့်နှစ် ဧပြီလအတွင်း စတင်လည်ပတ်သွားဖို့ ဆွီဒင်နိုင်ငံ မြို့တော် စတော့ခ်ဟုမ်းရှိ အကြီးဆုံး ကုသရေးဆေးရုံတွေထဲက တစ်ခုဖြစ်တဲ့ Södersjukhuses ဆေးရုံက ပြင်ဆင်နေတာဖြစ်ပါတယ်။

ရင်သားကင်ဆာ စစ်ဆေးမှုခံယူနေတဲ့ အသက် ၄၀ မှ ၇၄ နှစ်ကြား အမျိုးသမီး ၇၀,၀၀၀ ခန့်ဟာ အဆိုပါ AI ပရောဂျက်မှာ ပါဝင်သွားမှာပါ။

“AI အခြေခံ နည်းပညာသစ်ကို ရင်သားကင်ဆာ စစ်ဆေးမှုတွေမှာ မစမ်းသပ်ဖူးသေးတဲ့အတွက် လုံးဝထူးခြားလိမ့်မယ်” လို့ ဆွီဒင်နိုင်ငံ Karolinska Institutet မှ ဓာတ်ရောင်ခြည်ကူးစက်မှုဆိုင်ရာ ပါမောက္ခ ပါ ဟောလ်က ပြောကြားခဲ့ပါတယ်။

အဆိုပါပရောဂျက်မှာ ပါဝင်သူ ၃၅,၀၀၀ ကို ပုံမှန်ကြားကာလအတိုင်း နှစ်နှစ် တစ်ကြိမ် စစ်ဆေးသွားမှာဖြစ်ပြီး၊ အခြားပါဝင်သူ ၃၅,၀၀၀ ကိုတော့ အလားတူစစ်ဆေးပေးမယ့်အပြင် AI မော်ဒယ်လ်ကို အသုံးပြုပြီး အန္တရာယ်အကဲဖြတ်မှုများကိုလည်း လုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။

ယခု ဆေးဘက်ဆိုင်ရာလုပ်ငန်းမှာ ကမ္ဘာ့ပထမဆုံး အသုံးပြုသွားမယ့် AI မော်ဒယ်လ်ကို ဓာတ်မှန်ရုပ်ပုံတွေပေါ်က အသေးစားပြောင်းလဲမှုများ (သို့မဟုတ်) ဖွဲ့စည်းပုံ ပုံစံအသစ်တွေကို ရှာဖွေခွဲခြမ်းစိတ်ဖြာနိုင်အောင် လေ့ကျင့်ပေးထားတယ်လို့လည်း သိရပါတယ်။

ပါမောက္ခ ပါ ဟောလ်ကတော့ “ကျနော် မျှော်လင့်တာကတော့ အစောပိုင်း ကုသရလွယ်တဲ့ အဆင့်မှာပဲ ကင်ဆာကို ရှာဖွေတွေ့ရှိနိုင်ဖို့ပါ၊ အကျိတ်နည်းနည်းကိုပဲ ရှာတွေ့ဖို့ မမျှော်လင့်ထားပါဘူး၊ ပြင်းထန်တဲ့ အကျိတ်တွေ နည်းပါးသွားဖို့ပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

Damien
Ref - euractiv