【 နည်းပညာ 】 လျှပ်စစ်ကားတွေအတွက် ပထမဆုံး စမတ်ဇုန်တစ်ခုကို တရုတ်တည်ဆောက်ပြီးစီး

【 နည်းပညာ 】 လျှပ်စစ်ကားတွေအတွက် ပထမဆုံး စမတ်ဇုန်တစ်ခုကို တရုတ်တည်ဆောက်ပြီးစီး

ပေကျင်း၊ မတ် - ၉

တရုတ်နိုင်ငံဟာ လျှပ်စစ်ကားတွေ ပြုပြင်ထိန်းသိမ်းမှုနဲ့ ဘက်ထရီအားသွင်း၊ လဲလှယ်မှုတွေ ပြုလုပ်သွားနိုင်မယ့် ပထမဆုံးသော သီးသန့် စမတ်ဇုန်တစ်ခုကို တည်ဆောက်ပြီးစီးသွားပြီဖြစ်တယ်လို့ CMG သတင်းဌာန ဖော်ပြချက်အရ သိရပါတယ်။

အဆိုပါစမတ်ဇုန်ကို နိုင်ငံအရှေ့ပိုင်း၊ ကျန်းစုပြည်နယ်အတွင်း တည်ဆောက်ထားတာဖြစ်ပါတယ်။

ယခုလို လျှပ်စစ်ကားတွေအတွက် သီးသန့် စမတ်ဇုန်တစ်ခုကို တည်ဆောက်ပြီးစီးခဲ့တဲ့အတွက် လျှပ်စစ်ကားတွေ အားသွင်းရန် စောင့်ဆိုင်းချိန်ကို ပိုမိုနည်းပါးလာစေမှာဖြစ်သလို ပြုပြင်ထိန်းသိမ်းမှုတွေကိုလည်း လွယ်လင့်တကူ လုပ်ဆောင်သွားနိုင်ဖို့ရှိနေပါတယ်။

စမတ်ဇုန်ဟာ ၅၀၀ စတုရန်းကီလိုမီတာနီးပါးအထိ ကျယ်ဝန်းပြီး၊ အားသွင်းနိုင်တဲ့ နေရာပေါင်း ၁၃၀၀ ခန့် ပါဝင်မှာဖြစ်ကာ၊ စွမ်းအင်သစ်ယာဉ်ပေါင်း ၅၀၀,၀၀၀ ကျော်ကို ဝန်ဆောင်မှုပေးနိုင်ဖို့ မျှော်လင့်ထားကြောင်း State Grid Jiangsu Electric Power Co., Ltd. က ပြောပါတယ်။

လျှပ်စစ်ကားကို အားသွင်းနိုင်ဖို့ အားသွင်းရုံ ရှာဖွေရာမှာ အခက်အခဲတွေ မဖြစ်ပေါ်စေဖို့အတွက်လည်း စမတ်ဇုန်သစ်အတွင်း အားသွင်းကိရိယာတွေ သင့်လျော်တဲ့ အချိန်နဲ့ နေရာတွေကို ဉာဏ်ရည်ထက်မြက်တဲ့ အယ်လ်ဂိုရီသမ်တွေ အသုံးပြုပြီး ခွဲခြမ်းစိပ်ဖြာကာ အလွယ်တကူ ရှာဖွေနိုင်မယ့် နည်းပညာတွေကို ထည့်သွင်းထားပါတယ်။ဒါ့အပြင် စက္ကန့် ၈၀ အတွင်း လျှပ်စစ်ကားတွေကို ဘက်ထရီလဲလှယ် တပ်ဆင် နိုင်မယ့် အဆောက်အဦတွေလည်း ပါဝင်မှာဖြစ်ပါတယ်။

“စမတ်ဇုန်အသစ်ဟာ အားသွင်းဖို့ လိုအပ်တဲ့ လစဉ် တန်းစီစောင့်ဆိုင်းချိန်ကို ပျမ်းမျှ ၅၀ ရာခိုင်နှုန်းနီးပါး လျှော့ချနိုင်လိမ့်မယ်” လို့ State Grid Jiangsu Electric Power ရဲ့ လျှပ်စစ်စွမ်းအင်သုတေသနဌာနမှ နည်းပညာဒါရိုက်တာ Yuan Xiaodong က ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံအတွင်း စွမ်းအင်သစ်ယာဉ် ပိုင်ဆိုင်မှုအချိုးအစားဟာ မကြာသေးမီနှစ်များအတွင်း ဆက်လက်မြင့်တက်ခဲ့ပြီး၊ ၂၀၂၃ ခုနှစ်ကုန်မှာတော့ စွမ်းအင်သစ်ယာဉ်များ အသုံးပြုမှု ၂၀.၄၁ သန်းအထိ မြင့်တက်လာခဲ့ပါတယ်။

တရုတ်က နိုင်ငံအတွင်း လျှပ်စစ်ကားများ အသုံးပြုမှု တိုးလာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာမှာ အားသွင်းစက်တွေရဲ့ ကွန်ရက်ကိုလည်း ဆက်လက်ချဲ့ထွင်လျက်ရှိပါတယ်။

တရုတ်နိုင်ငံ အမျိုးသားစွမ်းအင် စီမံခန့်ခွဲရေးအဖွဲ့က “လျှပ်စစ်ကား အသုံးပြုမှု ၂၀၂၃ ခုနှစ်တွင် တစ်နှစ်ထက် တစ်နှစ် ၆၅ ရာခိုင်နှုန်း တိုးလာပြီး၊ ယမန်နှစ်ကုန်တွင် ၈ ဒသမ ၆ သန်းနီးပါးအထိ တိုးလာခဲ့တယ်” လို့ ပြောကြားခဲ့ပါတယ်။

Damien
Ref - CMG