【 နည်းပညာ 】 အမေရိကန်ထောက်လှမ်းရေးအေဂျင်စီအတွက် သူလျှိုဂြိုဟ်တုကွန်ရက်ကို SpaceX တည်ဆောက်ပေးလျက်ရှိ

【 နည်းပညာ 】 အမေရိကန်ထောက်လှမ်းရေးအေဂျင်စီအတွက် သူလျှိုဂြိုဟ်တုကွန်ရက်ကို SpaceX တည်ဆောက်ပေးလျက်ရှိ

ဝါရှင်တန်၊ မတ် - ၂၀

အမေရိကန်ဘီလျံနာ စွန့်ဦးတီထွင်သူ အီလွန်မက်စ် ပိုင်ဆိုင်တဲ့ SpaceX ကုမ္ပဏီဟာ အမေရိကန်ထောက်လှမ်းရေးအေဂျင်စီအတွက် သူလျှိုဂြိုဟ်တုကွန်ရက်ကို တည်ဆောက်ပေးနေတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

SpaceX ဟာ အမေရိကန်ထောက်လှမ်းရေးအေဂျင်စီတစ်ခုနဲ့ သီးခြားစာချုပ်တစ်ခုကို ချုပ်ဆိုထားပြီး၊ အဆိုပါကွန်ရက်မှာ သူလျှိုဂြိုဟ်တု ရာနဲ့ချီပါဝင်မှာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ယခုသတင်းထွက်ပေါ်မှုက အထင်ကရ စွန့်ဦးတီထွင်သူ ဘီလျံနာ အီလွန်မက်စ်နဲ့ အမေရိကန်ထောက်လှမ်းရေးအေဂျင်စီတွေအကြား နက်ရှိုင်းတဲ့ ဆက်ဆံရေးကို ပြသနေပါတယ်။

အမျိုးသားထောက်လှမ်းရေးရုံး (NRO) နဲ့ SpaceX ဟာ ၂၀၂၁ ခုနှစ်က ကန်ဒေါ်လာ ၁.၈ ဘီလီယံတန် စာချုပ်ကို ချုပ်ဆိုထားခဲ့တာဖြစ်ပြီး၊ Starshield လုပ်ငန်းကနေတစ်ဆင့် ထောက်လှမ်းရေးဂြိုဟ်တုတွေကို တည်ဆောက်ကာ စီမံခန့်ခွဲနေတာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အမေရိကန်နဲ့ SpaceX တို့ရဲ့ သူလျှိုဂြိုဟ်တုကွန်ရက် တည်ဆောက်ပြီးစီးသွားပါက ကမ္ဘာပေါ်က နေရာတိုင်းနီးပါးကို မပြတ်စောင့်ကြည့်နိုင်တော့မှာဖြစ်သလို ဖြစ်နိုင်ခြေရှိတဲ့ ပစ်မှတ်တွေကိုလည်း လျင်မြန်စွာ ရှာဖွေဖော်ထုတ် ဖျက်ဆီးနိုင်တော့မှာဖြစ်ပြီး၊ အမေရိကန်အစိုးရနဲ့ စစ်တပ်တို့ရဲ့ စွမ်းဆောင်ရည်တွေကို သိသိသာသာ မြှင့်တင်ပေးနိုင်မှာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ရိုက်တာသတင်းဌာနက SpaceX နဲ့ အမေရိကန်ထောက်လှမ်းရေးအေဂျင်စီတစ်ခုတို့ ပူးပေါင်းဆောင်ရွက်နေတဲ့ ပရောဂျက်ဟာ သူလျှိုဂြိုဟ်တုကွန်ရက်ဖြစ်ကြောင်း ဖော်ပြခဲ့ပြီးနောက် အမျိုးသားထောက်လှမ်းရေးရုံး (NRO) ဘက်က ဂြိုလ်တုစနစ်တစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြားအစိုးရအေဂျင်စီများ၊ ကုမ္ပဏီများ၊ သုတေသနအဖွဲ့အစည်းများ၊ နိုင်ငံများနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း အတည်ပြုခဲ့ပေမယ့် SpaceX ပါဝင်ပတ်သက်မှု အတိုင်းအတာကိုတော့ မှတ်ချက်ပေးဖို့တော့ ငြင်းဆိုခဲ့ပါတယ်။

သတင်းရင်းမြစ်တွေကတော့ သူလျှိုဂြိုဟ်တုတွေအတွက် စွမ်းရည်မြင့် အာရုံခံကိရိယာတွေကို အခြားသောနည်းပညာကုမ္ပဏီတွေက တပ်ဆင်ပေးသွားမှာဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

Damien
Ref - CMG