【 နည်းပညာ 】 အာကာသထဲရောက်သွားသလို ခံစားနိုင်မည့် တရုတ်၏ ခရီးသွားလုပ်ငန်း

【 နည်းပညာ 】 အာကာသထဲရောက်သွားသလို ခံစားနိုင်မည့် တရုတ်၏ ခရီးသွားလုပ်ငန်း

ပေကျင်း၊ ဇန်နဝါရီ - ၃၁

တရုတ်နိုင်ငံက ခရီးသွားလည်ပတ်သူများကို အာကာသထဲ ရောက်ရှိသွားသလို ခံစားနိုင်မယ့် ခရီးသွားလုပ်ငန်းအစီအစဉ်တစ်ခုကို လုပ်ဆောင်လျက်ရှိတယ်လို့ CMG သတင်းဌာန ဖော်ပြချက်အရ သိရပါတယ်။

အဆိုပါခရီးသွားလုပ်ငန်းကို နိုင်ငံရဲ့ အနောက်မြောက်ပိုင်း ဝေးလံခေါင်သီတဲ့ ဂိုဘီသဲကန္တာရအတွင်းမှာ တည်ဆောက်ထားပြီး လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

တရုတ်နိုင်ငံ၊ Jinchang ခရိုင်၊ Gansu ပြည်နယ်အတွင်းမှာ တည်ရှိတဲ့ ဂိုဘီသဲကန္တာရရဲ့ မြေမျက်နှာသွင်ပြင်ဟာ အင်္ဂါဂြိုဟ်ရဲ့ မြေမျက်နှာသွင်ပြင်နဲ့ ဆင်တူမှုရှိတဲ့အတွက် ယခင်က သိပ္ပံပညာရှင်တွေဟာ အာကာသစူးစမ်းလေ့လာရေး စက်ရုပ်တွေကို အကဲဖြတ်စမ်းသပ်လေ့ရှိတဲ့ နေရာလည်းဖြစ်ခဲ့ပါတယ်။လက်ရှိအချိန်မှာ ခရီးသွားလုပ်ငန်း အဆောက်အဦတွေကို ဆန်းသစ်တည်ဆောက်ပြီး အာကာသခရီးသွားလုပ်ငန်း စတင်ချိန်မှာတော့ အဆိုပါဒေသဟာ ခရီးသွားတွေအကြား အလွန်ရေပန်းစားလာလျက်ရှိပါတယ်။

ခရီးသွားတွေအနေနဲ့ အဆိုပါနေရာကိုရောက်ရှိပါက အင်္ဂါဂြိုဟ် (ဂြိုဟ်နီကြီး) ဆီသို့ ရောက်ရှိသွားသလို ခံစားရမှာဖြစ်ပြီး၊ အာကာသဝတ်စုံတွေကိုလည်း ဝတ်ဆင်နိုင်မှာဖြစ်ကာ၊ ကမ္ဘာကျော် အာကာသစိတ်ကူးယဉ် ရုပ်ရှင်တွေထဲကအတိုင်း ဂြိုဟ်တွေပေါ်မှာ ရေအရင်းအမြစ်ရှာဖွေခြင်းနဲ့ ခရီးသွားခြင်းတို့လို မစ်ရှင်တွေကိုလည်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆင်နွှဲနိုင်မှာဖြစ်ပါတယ်။

ယမန်နှစ် ၂၀၂၃ ခုနှစ်က ခရီးသွားဧည့်သည် ၈၀,၀၀၀ ကျော် Mars Base 1 သို့ လာရောက်လည်ပတ်ခဲ့တယ်လို့ ကုမ္ပဏီရဲ့ လုပ်ငန်းလည်ပတ်မှု အကြီးအကဲ Li Fei က ဆိုပြီး၊ အာကာသအကြောင်း စိတ်ဝင်စားသူတွေ၊ ကျောင်းသားအဖွဲ့တွေနဲ့ မိသားစုလိုက် လာရောက်လည်ပတ်မှုတွေများခဲ့တယ်လို့လည်း ပြောပါတယ်။အာကာသမြို့တော်သို့ ခရီးသွားလာမှုကို နှစ်စဉ် ဇူလိုင်လက အောက်တိုဘာလအထိ သတ်မှတ်ပေးထားပါတယ်။

သမားရိုးကျ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းတွေအပြင် ယခုလို ဆန်းသစ်တီထွင်မှုအဖြစ် အာကာသဆိုင်ရာ ခရီးသွားလုပ်ငန်းတွေကိုလည်း ဒေသအတွင်းမှာ ဖော်ဆောင်ပေးလာတာကြောင့် ဒေသခံတွေရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ တိုးတက်ကောင်းမွန်လာစေဖို့ အထောက်အကူဖြစ်စေမယ်လို့ ဒေသခံတာဝန်ရှိသူတွေက မျှော်လင့်ထားကြပါတယ်။

Damien
Ref - CMG