【 နည်းပညာ 】 ၂၀၂၄ ခုနှစ်အတွင်း 5.5G ကွန်ရက်ကို အသုံးပြုနိုင်မယ်လို့ Huawei ဆို

【 နည်းပညာ 】 ၂၀၂၄ ခုနှစ်အတွင်း 5.5G ကွန်ရက်ကို အသုံးပြုနိုင်မယ်လို့ Huawei ဆို

ပေကျင်း၊ မတ် - ၄

စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့မှာ ကျင်းပတဲ့ နည်းပညာထိပ်သီးအစည်းအဝေးအတွင်း တရုတ်နည်းပညာ ကုမ္ပဏီကြီး Huawei က 5.5G မျိုးဆက်သစ်ကွန်ရက်ဟာ ထွန်းကားလာတော့မှာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

Huawei က ၂၀၂၄ ခုနှစ်အတွင်း 5.5G မျိုးဆက်သစ်ကွန်ရက်ကို စီးပွားဖြစ်အသုံးပြုနိုင်တော့မှာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိ ကမ္ဘာမှာ အသုံးပြုနေတဲ့ 5G ကွန်ရက်ကိုတော့ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်က စီးပွားဖြစ် စတင်အသုံးပြုခဲ့ကြတာဖြစ်ပြီး၊ ကမ္ဘာတစ်ဝှမ်း လူပေါင်း ၁.၅ ဘီလျံခန့်ဟာ အဆိုပါကြိုးမဲ့ချိတ်ဆက်မှုကို အသုံးပြုခဲ့ကြပါတယ်။လက်ရှိမှာတော့ ကမ္ဘာတစ်ဝှမ်း မိုဘိုင်းဖုန်းသုံးစွဲသူတွေရဲ့ ၂၀ ရာခိုင်နှုန်းခန့်ဟာ 5G ကွန်ရက်ကို အသုံးပြု လျက်ရှိတယ်လို့ Huawei ရဲ့ ကော်ပိုရိတ် အကြီးတန်း ဒုဥက္ကဋ္ဌ လီပင်းက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် လီက “5G ကွန်ရက်ဟာ စီးပွားရေးအရ အောင်မြင်မှုလမ်းကြောင်းမှန်ပေါ် ရောက်နေတယ်” လို့လည်း ဆိုပါတယ်။

ထို့နောက် “၂၀၂၄ ခုနှစ်ဟာ 5.5G မျိုးဆက်သစ်ကွန်ရက်အတွက်ဖြစ်ကာ၊ ကမ္ဘာတစ်ဝန်းရှိ လေကြောင်းလိုင်းတွေဟာ အရည်အသွေးမြင့် ကွန်ရက်တွေကို ချိတ်ဆက်ပြီး၊ အခွင့်အလမ်းသစ်တွေကို ဆုပ်ကိုင်နိုင်ဖို့ ဉာဏ်ရည်တုနည်းပညာ (AI) ကိုလည်း အာရုံစိုက်သင့်တယ်” လို့ ဆက်ပြောပါတယ်။

5.5G မျိုးဆက်သစ်ကွန်ရက်မှာ လက်ရှိအသုံးပြုနေတဲ့ 5G ကွန်ရက်ထက် သာလွန်တဲ့ စွမ်းဆောင်ရည်တွေ ပါဝင်မှာဖြစ်ပြီး၊ ၎င်းကွန်ရက်ဟာ မျိုးဆက်သစ် 6G အတွက် အရေးကြီးတဲ့ လမ်းခုလတ်မှာ ရှိနေပါတယ်။ 6G ကွန်ရက်အတွက် 5.5G ကွန်ရက်ဟာ လမ်းကြောင်းဖော်ဆောင်ပေးသွားမှာဖြစ်ပြီး၊ ၂၀၃၀ ခုနှစ်အရောက်မှာတော့ 6G ကွန်ရက်ကို ထပ်မံမိတ်ဆက်လာဖွယ်ရှိတယ်လို့ မျှော်လင့်ရပါတယ်။

Huawei ရဲ့ တရားဝင်ဝဘ်ဆိုက်ပေါ်တွင် ဖော်ပြချက်အရ လက်ရှိအချိန်အထိ နိုင်ငံတကာဆက်သွယ်ရေး လုပ်ငန်းပေါင်း ၂၀ ကျော်ဟာ 5.5G ကွန်ရက်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ စွမ်းဆောင်ရည်တွေကို စစ်ဆေးအတည်ပြုထားပြီးဖြစ်တယ်လို့ သိရပါတယ်။

Damien
Ref - CMG