【 နည်းပညာ 】 ‘လ’ ပေါ် ဆင်းသက်လေ့လာရေး မစ်ရှင်ကို အမေရိကန်ကုမ္ပဏီ ဖျက်သိမ်းရဖွယ်ရှိနေ

【 နည်းပညာ 】 ‘လ’ ပေါ် ဆင်းသက်လေ့လာရေး မစ်ရှင်ကို အမေရိကန်ကုမ္ပဏီ ဖျက်သိမ်းရဖွယ်ရှိနေ

ဝါရှင်တန်၊ ဇန်နဝါရီ - ၁၂

ပြီးခဲ့တဲ့ ရက်သတ္တပတ် တနင်္လာနေ့မှာ လွှတ်တင်ခဲ့တဲ့ အမေရိကန်ရဲ့ ‘လ’ ဆင်းယာဉ်ကို သယ်ဆောင်သွားတဲ့ ဒုံးပျံယာဉ်မှာ လောင်စာဆီ ယိုဖိတ်မှုပြဿနာ ကြုံတွေ့ခဲ့ရပြီးနောက်မှာတော့ ‘လ’ ပေါ် ဆင်းသက်လေ့လာရေး မစ်ရှင်ဟာ ဖျက်သိမ်းသွားရတော့မယ့် အခြေအနေကို ဆိုက်ရောက်နေပြီဖြစ်ပါတယ်။

အမေရိကန်ရဲ့ နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ် ကြိုးပမ်းမှုဖြစ်တဲ့ ‘လ’ ပေါ် ဆင်းသက်လေ့လာရေး မစ်ရှင်ရဲ့ မူလရည်မှန်းချက်ကတော့ လာမယ့် ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ‘လ’ ပေါ်သို့ ‘လ’ ဆင်းယာဉ်ကို ဆင်းသက်စေနိုင်ဖို့ဖြစ်ပါတယ်။

Astrobotic Technology ကုမ္ပဏီက အမေရိကန်အာကာသအေဂျင်စီကြီး နာဆာ (NASA) ရဲ့ ရန်ပုံငွေမြောက်များစွာ ထောက်ပံ့မှုနဲ့ ‘လ’ စူးစမ်းလေ့လာရေး မစ်ရှင်ကို လုပ်ဆောင်ခဲ့တာပါ။တနင်္လာနေ့ လွှတ်တင်ပြီးချိန်မှာပဲ ဒုံးပျံယာဉ်မှာ လောင်စာဆီတွေ ဆုံးရှုံးခဲ့ရပြီး လောင်စာဆီကန် ပေါက်ထွက်မှုကြောင့် ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။

နောက်ဆုံးထုတ်ပြန်ချက်မှာတော့ ကုမ္ပဏီဘက်က “လောင်စာဆီ ယိုစိမ့်မှုကြောင့် ‘လ’ ပေါ် အဆင်ပြေပြေ ဆင်းသက်နိုင်ဖို့ ကံမကောင်းစွာဘဲ အခွင့်အလမ်းမရှိပါဘူး” လို့ ဖော်ပြထားပါတယ်။

“နောက်ထပ်ရည်မှန်းချက်သစ်ကတော့ ဒုံးပျံယာဉ်ကို အာကာသထဲ လည်ပတ်နေစေဖို့ဖြစ်ပြီး ‘လ’ ဆင်းယာဉ် ‘လ’ ပေါ် ဆင်းသက်နိုင်အောင် ဆက်လက်ကြိုးပမ်းသွားမှာဖြစ်တယ်” လို့ Astrobotic ကုမ္ပဏီက ဆက် ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ဒုံးပျံယာဉ်ဟာ ၎င်းရဲ့ ဆိုလာပြားတွေကတစ်ဆင့် နေရောင်ခြည်စွမ်းအင်ကို ရယူကာ ဘထ္ထရီစွမ်းအင်ကို အပြည့်အဝထိန်းထားနိုင်ပြီး၊ နောက်ထပ် နာရီ ၄၀ ခန့် ဆက်လက်လည်ပတ်နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။

“အဆိုးဆုံးအခြေအနေတစ်ခုအနေနဲ့ ဖိအားတွေမြင့်တက်လာခဲ့ရင်တော့ နာရီပိုင်းအတွင်း ပေါက်ကွဲသွားတာလည်း ဖြစ်နိုင်တယ်” လို့ ကုမ္ပဏီက ဆိုပါတယ်။

ကျွမ်းကျင်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ တရားဝင် ပြန်လည်သုံးသပ်ရေးဘုတ်အဖွဲ့ကတော့ အကြောင်းအရင်းကို စစ်ဆေးနေပြီး ပြဿနာဖြေရှင်းနိုင်ရေး နည်းလမ်းကို ဖော်ဆောင်သွားဖို့ရှိနေပါတယ်။

‘လ’ စူးစမ်းလေ့လာရေး မစ်ရှင်အတွက် နာဆာဟာ Astrobotic ကုမ္ပဏီသို့ ကန်ဒေါ်လာ ၁၀၈ သန်း ရန်ပုံငွေထောက်ပံ့ပေးခဲ့ရပါတယ်။

Damien
Ref - CMG