【 ဆောင်းပါး 】 ကျေးဇူးသိတတ်ခြင်း

【 ဆောင်းပါး 】 ကျေးဇူးသိတတ်ခြင်း

“ကတညုတာ ဧတံမင်္ဂလမုတ္တမံ” မိမိအပေါ်ပြုဖူးသော သူ့ကျေးဇူးကို သိတတ်ခြင်းသည် မြတ်သော မင်္ဂလာမည်၏လို့ ဘုရားရှင်က သုံးဆယ့်ရှစ်ဖြာမင်္ဂလာတရားတွင် မင်္ဂလာတစ်ပါးအဖြစ် ထည့်သွင်းဟောကြားထားသည်။

ကမ္ဘာ့နိုင်ငံအသီးသီးမှာလည်း ရေမြေတွေဘယ်လိုခြား၍ ယဉ်ကျေးမှုတွေဘယ်လိုကွဲပြားနေကြသော်လည်း တုံ့ပြန်ပုံချင်းမတူသော်လည်း ကျေးဇူးတရားကို အသိအမှတ်ပြုပုံ၊ ကျေးဇူးတရားကို အလေးအနက်ထားပုံကတော့ အားလုံးတူညီပါသည်။

လမ်းသွားရင်း နှစ်ယောက်ဆုံမိလို့ တစ်ယောက်က ကိုယ်လေးယို့ပြီး တစ်ဖက်လူကို ဦးစားပေးလိုက်လျှင် ထိုတစ်ယောက်က အပြုံးလေးနှင့် ‘ကျေးဇူးပဲနော်’ ဟု စေတနာကိုတုံ့ပြန် အသိအမှတ်ပြုကြသည်။

ကုသိုလ်လုပ်ဖြစ်အောင်၊ အကုသိုလ်မလုပ်ဖြစ်အောင်၊ စိတ်ထားဖြူစင်အောင် လောကုတ္တရာတရားများ ဟောကြားလမ်းညွှန်ပေးနေသည့် ရဟန်းသံဃာများကို ကျေးဇူးရှင်များအဖြစ် လူများက အလေးအနက်ထားရိုသေကြသည်။ရဟန်းသံဃာများကလည်း ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး၊ ပစ္စည်းလေးပါး ဒါယကာ ဒါယိကာမများအဖြစ် လူတို့ကို ကျေးဇူးပြန်တင်ကြသည်။

လူမဆိုထားနှင့် လူလိုအသိမရှိသော တိရစ္ဆာန်များသည်ပင် ကျေးဇူးတရားကို သိတတ်ကြသည်။သူတို့ကို အစာကျွေးသည့်သူ သူတို့ကိုမွေးမြူစောင့်ရှောက်သည့်လူများအပေါ် သူတို့ကလည်း ပြန်ချစ်ကြသည်။သူတို့တတ်နိုင်သည့်ဘက်မှ ပြန်အကာအကွယ်ပေးကြသည်။

လူသားတွေထဲမှာ ကျေးဇူးကန်းတတ်သူ တချို့တလေမှလွဲလျှင် ကျေးဇူးရှင်ကို အလေးအနက် တန်ဖိုးထားတတ်ကြသည်။

တချို့ဆိုလျှင် မိမိကအသက်ကြီး ရာထူးကြီးသော်လည်း မိမိထက်အသက်ငယ် ရာထူးနိမ့်သူက မိမိအပေါ်ကူညီခဲ့လျှင် ထိုသူ့အပေါ် အသက်အရွယ် အဆင့်အတန်းမခွဲခြားဘဲ ကျေးဇူးရှင်အဖြစ် လေးလေးစားစား ဆက်ဆံကြသည်။

ငါးရာ့ငါးဆယ်လာ ဂုဏဇာတ်တွင် ဘုရားလောင်း ခြင်္သေ့သည် မိမိထက် အဆင့်နိမ့်သူဖြစ်သည့်အပြင် မိမိ၏မိသားစုကပါ အထင်သေးနေသူကို ကျေးဇူးရှင်ဟူသော အသိတစ်ချက်နှင့် လေးလေးစားစား နေရာပေး ဆက်ဆံခဲ့သည်။

တစ်နေ့တွင်ခြင်္သေ့ကြီးသည် ရွှံ့နွံမြေပေါ်တွင် အစာစားနေသော သမင်ကို ခုန်အုပ်လိုက်ရာ သူ့ခြေလေးချောင်းလုံး ရွှံ့နွံထဲသို့ ကျွံဝင်သွားသည်။လှုပ်လေမြုပ်လေမို့ ခြင်္သေ့ကြီး လုံးဝလှုပ်ရှားလို့ မရတော့ပေ။ကူညီမည့်သူလည်းမရှိ သူကိုယ်တိုင်ကလည်း မည်သို့မှလှုပ်ရှားလို့မရနှင့် ရွှံ့နွံထဲတွင် ခုနစ်ရက်ကြာခဲ့သည်။

ခြင်္သေ့ကြီး နွံနစ်ပြီး ခုနစ်ရက်မြောက်နေ့တွင် မြေခွေးတစ်ကောင်သည် အစာရှာထွက်လာရင်း ခြင်္သေ့ကြီးကိုတွေ့သွားသည်။ခြင်္သေ့ကြီးက သူ့ကိုတစ်ခုခုလုပ်ပေးရန် မြေခွေးကို အကူအညီတောင်းသည်။

မြေခွေးသည် ခြင်္သေ့ကြီး၏ နွံထဲကျွံဝင်နေသော ခြေထောက်များမှတစ်ဆင့် ရေအိုင်အထိ ရေမြောင်းအဖြစ် ရေစီးဝင်လာသည်အထိ သူ့ခြေလက်များနှင့်ယက်သည်။ရေအိုင်မှ ရေများစီးဝင်လာသဖြင့် ခြင်္သေ့ကြီး၏ ခြေထောက်နေရာတစ်ဝိုက်ရှိ ရွှံ့နွံများသည် တဖြည်းဖြည်းပျော့လာသည်။ထိုအခါတွင် မြေခွေးသည် ခြင်္သေ့ကြီး၏ ဝမ်းဗိုက်အောက်သို့ သူ့ကိုယ်လုံးကို တိုးဝှေ့ဝင်ရောက်ကာ ခြင်္သေ့ကြီးကို အပေါ်သို့တွန်းတင်လိုက်သည်။ ခြင်္သေ့ကြီးလည်း ရွှံ့နွံထဲတွင်နစ်နေရာမှ လွတ်မြောက်သွားလေသည်။

ထိုနေ့မှစ၍ ခြင်္သေ့ကြီးသည် မြေခွေးမိသားစုကိုခေါ်ကာ သူ့ဂူအနီးရှိ ဂူလွတ်တစ်ခုတွင် နေစေသည်။ခြင်္သေ့ကြီးသည် မြေခွေးမိသားစုကို ကျေးဇူးရှင်အဖြစ် လေးလေးစားစား ဆက်ဆံသည်။မနက်မိုးလင်းသည်နှင့် ခြင်္သေ့ကြီးသည် မြေခွေးဖိုနှင့်အတူ အစာရှာထွက်သည်။ခြင်္သေ့ကြီးက မြေခွေးမိသားစုအပေါ် လိုအပ်သည်ထက် ပိုဂရုစိုက်နေသည်ဟု ခြင်္သေ့မကထင်လာသည်။ခြင်္သေ့ကြီးနှင့် မြေခွေးမအပေါ် သင်္ကာမကင်းဖြစ်လာသည်။ထို့ကြောင့် မနက်ပိုင်း ခြင်္သေ့ကြီးနှင့် မြေခွေးဖိုတို့ အစာရှာထွက်သွားလျှင် မြေခွေးမနှင့် ကလေးတွေကို အနိုင်ကျင့်နှိပ်စက်လေသည်။

မြေခွေးမလည်း မခံနိုင်တော့သည့်အဆုံးတွင် မြေခွေးဖိုကို အဖြစ်အပျက်များကိုပြောပြကာ တိုင်လေသည်။မြေခွေးဖိုလည်း ခြင်္သေ့ကြီးကို အကျိုးအကြောင်းပြောပြကာ သူတို့မိသားစု အခြားတစ်နေရာသို့ ပြောင်းရွှေ့တော့မည့်အကြောင်း ပြောသည်။ခြင်္သေ့ကြီးက မြေခွေးဖိုကို မပြောင်းရွှေ့ဖို့ တားသည်။

ခြင်္သေ့ကြီးက သူအစာငတ်ပြီး လှုပ်တောင်မလှုပ်နိုင်တော့ဘဲ သေမည့်အချိန်ကို စောင့်နေရချိန်တွင် မြေခွေးဖိုက ကယ်တင်ပေးခဲ့သည့်အတွက် မြေခွေးဖိုသည် သူ့အသက်သခင်ဖြစ်ကြောင်း သူ့မိသားစုကိုရှင်းပြသည်။သူ့အသက်သခင်ကျေးဇူးရှင်မိသားစုကို မထီမဲ့မြင်မဆက်ဆံဘဲ လေးလေးစားစား ဆက်ဆံရန် မှာသည်။မိတ်ဆွေစစ်မှန်လျှင် မိမိထက်အားနည်းသူ ယုတ်နိမ့်သူဟူ၍ သဘောမထားသင့်ကြောင်း သံသယအတွေးဆိုးတွေ မထားသင့်ကြောင်း ပြောဆိုဆုံးမသည်။

ထိုအချိန်မှစ၍ ခြင်္သေ့ကြီးမိသားစုနှင့် မြေခွေးဖိုမိသားစုတို့သည် ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး နေထိုင်သွားကြလေတော့သည်။

မိမိက တစ်စုံတစ်ယောက်ကို အကူအညီပေးလိုက်၍ ထိုသူက ပစ္စည်းဥစ္စာဓန ငွေကြေးဘာမှမပါဘဲ ‘ကျေးဇူးအရမ်းတင်တာပဲ’ ‘ကျေးဇူးမမေ့ပါဘူး’ ဟူသော စကားလေးကြားရုံနှင့်ပင် အတော်လေးပီတိဖြစ်တတ်ကြသည်။ကျေးဇူးကို ကြံဖန်တင်တတ်သည်အထိ စိတ်ထားလှကြသည်။

ရှေးမြန်မာလယ်သမားများဆိုလျှင် မိမိတို့နှင့်အတူ စိုက်ပျိုးရေးကိစ္စအ၀၀တွင် အကူအညီရခဲ့ သော ‘နွား’ များကို အလေးအနက်ထားကြသည်။တိရစ္ဆာန်ပင်ဖြစ်သော်လည်း ထမင်းရှင် ကျေးဇူးရှင်အဖြစ် သဘောထားကြသည်။နွားများသေလျှင် ထိုနွားသေကို မစားမသောက်ကြဘဲ မြေမြှုပ်ပစ်ကြသည်။အမဲသား (နွားသား) စားခြင်းကို ရှောင်ကြဉ်ကြသည်အထိ ကျေးဇူးတရားကို မွန်မွန်မြတ်မြတ် တန်ဖိုးထားတတ်ကြသည်။

ထို့ကြောင့်လည်း ‘တစ်လုတ်စားဖူး သူ့ကျေးဇူး’ ဟူ၍ ကျေးဇူးတရား၏ တန်ဖိုးကြီးမားပုံကို ထူးထူးခြားခြား ဖော်ပြခဲ့ကြခြင်းဖြစ်သည်။ မြန်မာ့သမိုင်းတွင် မိမိအသက်သေမှာထက် ထမင်းတစ်ပန်းကန် ကျေးဇူးရှင်ကို ပြစ်မှားမိမှာကို ပို၍စိုးရိမ်သော သူရဲကောင်းတစ်ဦးရှိခဲ့သည်။

ငါးစီးရှင်ကျော်စွာသည် စစ်ကိုင်းမြို့ရှိ ညီတော် စောယွမ်းကို လုပ်ကြံရန်အတွက် သူ၏လူယုံ သူရဲကောင်း ငခင်ညိုကို တာဝန်ပေးလိုက်၏။ငခင်ညိုလည်း စစ်ကိုင်းသို့ရောက်သောအခါ နန်းတော်ထဲသို့ဝင်ရန် အခွင့်မသာသေး၍ တောထဲမှာပုန်းအောင်းနေရသည်။သုံးရက်ကြာသည်အထိ အစာမစားရသဖြင့် ဗိုက်အလွန်ဆာကာ လူလည်းနွမ်းနယ်လာသည်။

သုံးရက်မြောက်သော ညဘက်တွင် အခွင့်သာသောကြောင့် နန်းတော်တွင်းသို့ အသာအယာဝင်လာခဲ့သည်။ဘုရင့်အိပ်ဆောင်တွင်းသို့ဝင်ရန် အခြေအနေကြည့်နေဆဲ မင်းမဟာဂီရိနတ်ကွန်းတွင် စောယွမ်းမင်း ပူဇော်ပသထားသော ရွှေစလောင်းနှင့်ထည့်ထားသည့် ထမင်းနှင့် အမဲသားဟင်းလျာကို တွေ့ရသည်။သုံးရက်လုံးလုံး ဘာမှမစားရ၍ ဆာလောင်မွတ်သိပ်နေသော ငခင်ညိုသည် အားရပါးရစားလိုက်သည်။

ထို့နောက် စောယွမ်း၏ အိပ်ဆောင်တွင်းသို့ အသာအယာဝင်လိုက်သည်။စောယွမ်းက သလွန်ထက်တွင် အိပ်မောကျနေသည်။ငခင်ညိုသည် သလွန်ခေါင်းရင်းတွင်ရပ်ပြီး စောယွမ်းကိုပိုင်းရန် ဓားကိုထုတ်လိုက်သည်။ သူ့စိတ်တွေလေးနေသည်။မကြာခင်ကမှ သူစားခဲ့သော ထမင်းနှင့်ဟင်းသည် စောယွမ်း လှူဒါန်းထားသည်များဖြစ်သည်။စောယွမ်းသည် သူ့ထမင်းရှင်ဖြစ်နေပြီဟူသောအသိက သူ့ကိုဟန့်တားနေလေပြီ။ထမင်းရှင်ကိုမပြစ်မှားချင်လို့မသတ် ပြန်လျှင်လည်း သူ့သခင်ငါးစီးရှင်က သူ့ကိုသတ်လိမ့်မည်။

သူ့အသက်သေချင်သေပါစေ ထမင်းရှင်ကိုတော့ မပြစ်မှားသင့်ဟူသော အသိကြောင့် စောယွမ်းကို မသတ်ဘဲပြန်ရန် ဆုံးဖြတ်လိုက်သည်။စောယွမ်းဆီရောက်ခဲ့သည်ကို သူ့သခင် ငါးစီးရှင်သိစေရန် စောယွမ်း၏ ပတ္တမြားကျောက်စီဓားကိုယူ၍ ပြန်လာခဲ့သည်။

ပင်လယ်မြို့ကို ပြန်ရောက်၍ ငါးစီးရှင်ထံ အခစားဝင်ပြီး အကျိုးအကြောင်းရှင်းပြကာ စောယွမ်းမင်း၏ ပတ္တမြားကျောက်စီဓားကို ဆက်သလိုက်သည်။ငါးစီးရှင်က သူ့ကိုမသတ်သည့်အပြင် ‘ထမင်းတစ်စလောင်းရဲ့ ကျေးဇူးတောင်သိတတ်တဲ့ ငါ့သူရဲကောင်းက တစ်နေ့မပြတ်ကျွေးမွေးနေတဲ့ ငါ့အပေါ်မှာ အဘယ်ဆိုစရာရှိအံ့နည်း’ ဟု ချီးမွမ်း၍ ဆုလာဘ်များစွာပင် ပေးလိုက်သေးသည်။

ကျေးဇူးသိတတ်ခြင်းကြောင့်အကျိုးဆယ်ပါးကိုရရှိသည်။ထိုအကျိုးဆယ်ပါးမှာ
(၁) အစားအစာပေါများခြင်း
(၂) ပူဇော်ခံရခြင်း
(၃) လူဆိုးလူမိုက်တို့၏ အနှိပ်စက်မခံရခြင်း
(၄)  လူအများချစ်ခင်မှုကိုခံရခြင်း
(၅)  ဂုဏ်သတင်းကျော်စောခြင်း
(၆) အခြံအရံပေါများခြင်း
(၇) ဘုန်းတန်ခိုးကြီးခြင်း
(၈) ပစ္စည်းဥစ္စာပေါများခြင်း
(၉) ထိခိုက်ဒဏ်ရာမရခြင်း
(၁၀) ဘေးအန္တရာယ်ကင်းခြင်းတို့ဖြစ်သည်။

ရိုက်မောင်း