【 ဆောင်းပါး 】 ကြောက်လှပေါ့ Zoom meeting

【 ဆောင်းပါး 】 ကြောက်လှပေါ့ Zoom meeting

ကမ္ဘာအနှံ့ ကိုဗစ်ရောဂါ ကူးစက်ပြီဆိုတော့ ကျနော်တို့ တော်တော်ထိတ်လန့်ခဲ့တယ်။

ကိုယ်တွေလို ဆင်းရဲတဲ့နိုင်ငံ ကိုဗစ်သာ ကူးစက်လာရင် ဝရုန်းသုန်းကားနဲ့ အသေအပျောက်များမလားဆိုပြီး စိုးရိမ်ပူပန်ခဲ့ကြတာ တကယ့်ကို မောလို့။နေ့စဉ် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကိုဗစ်ထုတ်ပြန်ချက်မှာ ပြည်သူပေါင်းများစွာ စောင့်ဖတ်ကာ လူမှုကွန်ရက်ပေါ် ပြောကြဆိုကြ ဆွေးနွေးကြတာတွေက ကိုဗစ်မှ ကိုဗစ်ဆိုတာချည်း။

ကိုဗစ် ပထမလှိုင်းနဲ့ ဒုတိယလှိုင်းကို ကျနော်တို့ အကောင်းဆုံး ကျော်ဖြတ်ခဲ့ကြတယ်။လူအသေအပျောက်နည်းနည်းနဲ့ ကျော်ဖြတ်နိုင်ခဲ့ကြပေမယ့် စီးပွားရေးလုပ်ငန်းများစွာ ပိတ်ထားရတာကြောင့် အင်မတန်မှ ခက်ခဲခဲ့ကြတယ်။တချို့ဆိုလည်း ကိုဗစ်ဖြစ်လို့ အလုပ်တွေပိတ်ပြီး မကြာ၊ အလုပ်လက်မဲ့ဘဝ။အပြင်ထွက် လုပ်ကိုင်စားသောက်ဖို့ကျတော့လည်း အလုပ်အကိုင်ရယ်မရှိ။

စီးပွားရေးလုပ်ငန်းအများစုကတော့ ကြံ့ကြံ့ခံ တောင့်ခံကာ လုပ်ငန်းလည်ပတ်နိုင်ဖို့ ကြိုးစားကြပြီး ကုန်ကျစရိတ်တွေ လျှော့ချနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။များစွာသော လုပ်ငန်းတို့က ဝန်ထမ်းတွေရဲ့လစာကို ရာခိုင်နှုန်းနဲ့ လျှော့ချကြပါတယ်။တချို့အလုပ်တွေက ဝန်ထမ်းတွေ လုံးဝအလုပ်မလုပ်ခိုင်းဘဲ မူရင်းလစာရဲ့ တစ်ဝက်ကျော် ပေးထားတာမျိုးလည်း တွေ့ရပါတယ်။

ကျနော့်အလုပ်ကတော့ ဝန်ထမ်းတချို့တစ်ဝက် အလုပ်ဆင်းရပြီး လစာကိုလည်း ရာခိုင်နှုန်း ၃၀ကျော် ဖြတ်တောက်ပါတယ်။ကျနော်က အလုပ်မဆင်းမနေရ ဝန်ထမ်းတစ်ဦးဆိုတော့ တထိတ်ထိတ်နဲ့ အလုပ်လာရပါတယ်။

ပထမပိုင်းကာလ၊ ကိုဗစ်ကူးစက်မှုလည်း သိပ်မစိုးရိမ်ရသေးတာကြောင့် ကိုယ့်အစီအစဉ်နဲ့ကိုယ် ရုံးလာရ၊ လိုင်းကားစီးရပါတယ်။အဲဒီအချိန် လိုင်းကားတွေက ခပ်ချောင်ချောင်ပဲမို့ တော်သေးပေမယ့် မက်စ် ၂ ထပ်ခံ၊ လက်အိတ်စွပ်၊ အရက်ပျံနာနာဖျန်းနဲ့ ကြောက်ရ။အလုပ်မထွက်နိုင်တော့လည်း ကြောက်ကြောက်နဲ့ အလုပ်ဆင်းခဲ့ရပါတယ်။

ရုံးရောက်တော့ ဝန်ထမ်းချင်း ခပ်ခွာခွာနေ၊ ခပ်ခွာခွာ စကားပြောကြပြီး အချိန်ပြည့်နီးပါး မက်စ်တပ်ထားကြပေမယ့် စိတ်ချရတဲ့အခြေအနေ မဟုတ်မှန်းသိလို့ ကြောက်ကြောက်နဲ့ အလုပ် လုပ်။ညနေ ရုံးဆင်းချိန် လိုင်းကားပေါ် လူနည်းနည်းများတာကြောင့် လူရှင်းတဲ့ ညဦးပိုင်း ၇ နာရီလောက်ကျမှ အိမ်ပြန်ရဲပါတယ်။

ကိုဗစ်ကူးစက်မှု နည်းနည်းများလာတော့ ရုံး အသွား၊ အပြန် တက္ကစီခ ရုံးက ထုတ်ပေးပါတယ်။ Grab တက္ကစီဆိုတော့ ရိုးရိုးတက္ကစီတွေထက် ပို safe ဖြစ်ပေမယ့် စိတ်ချရတဲ့အခြေအနေတော့ မဟုတ်ပါဘူး။အိမ်ကနေ ထွက်တာနဲ့ မက်စ် ၂ ထပ်၊ လက်အိတ်စွပ်၊ နေကာမျက်မှန်တပ်၊ တိုက်လှေကားနံရံ မထိနဲ့၊ လက်ရန်းတွေ မကိုင်နဲ့၊ လှေကားတံခါးမဖွင့်ခင် တံခါးကို အရက်ပျံနဲ့ဖျန်း၊ တံခါး အဖွင့်၊ အပိတ်လုပ်ပြီးတာနဲ့ လက်ကို အရက်ပျံနဲ့ဖျန်း၊ တက္ကစီတံခါး၊ ကိုယ်ထိုင်မယ့်နေရာ အရက်ပျံကုန်မှာ မနှမြောဘဲ နာနာသာဖျန်း။

အဲဒီလိုနည်းနဲ့ သတိကြီးကြီးထား ကြောက်ကြောက်နဲ့ ကိုဗစ်ကိုဖြတ်ကျော် ရုံးတက်ခဲ့ရာမှာ ကံကောင်းထောက်မစွာနဲ့ ကိုဗစ်ကူးစက်ခြင်း မခံခဲ့ရပါဘူး။ဘယ်လိုမှ ရုံးတက်ဖို့ အဆင်မပြေတော့တဲ့အချိန် ရောက်လာပေမယ့် အလုပ်ယန္တရား မရပ်ဘူးဆိုတော့ Work from Home ဖြစ်လာပါတယ်။

Work from Home ဆိုတာ ကိုဗစ်နဲ့အတူ ကိုဗစ်ကိုလည်းရှောင်၊ အလုပ်လည်းမပျက်စေတဲ့ ကျနော်တို့ တစ်ခါမှမကြားခဲ့ဖူးတဲ့ နည်းလမ်းသစ်။အဲဒီနည်းလမ်းသစ်နဲ့ အလုပ် လုပ်ရတာ အခက်အခဲမျိုးစုံ ကြုံရပေမယ့် အလုပ်ဖြစ်အောင် လုပ်ရတာပါပဲ။

အဲဒီ Work from Home ဆိုတာကို အဆင်ပြေချောမွေ့အောင် ထောက်ကူပေးတဲ့ နည်းပညာက Zoom meeting ပဲဖြစ်ပါတယ်။အင်တာနက်ရှိရင် သက်ဆိုင်ရာ လုပ်ငန်းခွင်အလိုက် တာဝန်ရှိသူတွေ Zoom မှာ တွေ့ဆုံကာ အစည်းအဝေးလုပ်နိုင်တာမို့ သိပ်အသုံးဝင်ပါတယ်။

Zoom meeting ဆိုတာ အစည်းအဝေးတက်သူတိုင်း အပြန်အလှန်ဆွေးနွေးလို့ရသလို အစည်းအဝေးတက်သူတိုင်းက အပြန်အလှန်မြင်တွေ့နိုင်တာမို့ ကုမ္ပဏီအစည်းအဝေးခန်းထဲ အစည်းအဝေးလုပ်နေတာနဲ့ ဘာမှမကွာပါဘူး။

ကျနော်လည်း Work from Homeရဲ့ လိုအပ်ချက်အရ လိုရင် လိုသလို Zoom meeting တက်ရပါတယ်။လုပ်ငန်းဖော်ချင်း လိုအပ်လို့ Zoom meeting လုပ်တဲ့အခါ ကိုယ်စီအလုပ်ရှုပ်ကြသူတွေဖြစ်တာကြောင့် ပြောစရာရှိတာ မြန်မြန်ပြောကာ ဖြတ်လိုက်ကြ၊ အချိန်ကုန်သက်သာစွာနဲ့ အလုပ်အတွက် အကျိုးရှိပါတယ်။ရံဖန်ရံခါ အထွေထွေမန်နေဂျာဆိုသူ အစည်းအဝေးတက်ပြီဆိုရင်တော့ မပြီးနိုင်မစီးနိုင် ဘာမှန်းမသိတဲ့ လက်ချာတွေ ရိုက်တော့တာပါပဲ။ Zoom meeting  ကိုယ့်အိမ်ကနေကိုယ် အစည်းအဝေးတက်ရတာဆိုတော့ အားနာဖို့မလို၊အစည်းအဝေးနောက်ကျလို့ ရုံးဆင်းချိန် နောက်ကျမှာ ပူစရာမလို၊ အေးဆေးပဲလို့ အထွေထွေမန်နေဂျာကဆိုကာ ကြာချင်သလောက်ကြာ ပွားတော့တယ်။မန်နေဂျာကြီးက အင်္ဂလိပ်လိုသာ တတ်တာ။အစည်းအဝေးမှာ ဘယ်လိုအကြောင်းအရာတွေသာ ဆွေးနွေးမယ်ဆိုတဲ့ ဆွေးနွေးမယ့် ခေါင်းစဉ်မရှိ။အစည်းအဝေးကြာချိန် သတ်မှတ်ထားခြင်းမျိုးမရှိ။စိတ်ပျက်လွန်းလို့ သက်ပြင်းတွင်တွင်ချရ။

တခြားသူငယ်ချင်းတွေရဲ့ ကုမ္ပဏီအစည်းအဝေးတွေကို မေးမြန်းကြည့်တော့ သူတို့မှာလည်း ထို့အတူ။အစည်းအဝေးကြာချိန်သည် ပြောလို့မပြီးမချင်းဆိုသလို အကန့်အသတ်မရှိ Zoom meeting ဆိုတော့ အားနာဖို့မလိုဘူးဆိုတာမျိုး။

အစည်းအဝေးလုပ်ရတာ ဝါသနာပါတဲ့ သူဌေးတွေကျတော့ စိတ်ကူးပေါက်ရင်ပေါက်သလို ဖုန်းလှမ်းဆက်ကာ Zoom meeting လင့်ခ် ပို့ပေးပြီး အစည်းအဝေးမတက်မနေရ လုပ်တော့တာပါပဲ။တစ်ခါတရံ ရုံးချိန်ပြင်ပ ညဘက်ရောက်မှ အစည်းအဝေးခေါ်ချင်ခေါ်၊ ဘယ်လောက်များ အရေးကြီးနေလို့ ရုံးချိန်ပြင်ပ အစည်းအဝေးခေါ်ရသလဲဆိုတော့ ဘာမှအရေးကြီးတာတော့မဟုတ်ဘူးဆိုတဲ့ အစည်းအဝေးမျိုး။အဲဒီလို ဝန်ထမ်းတွေရဲ့ အခွင့်အရေးကို နားမလည်။

တချို့ကျတော့ သူဌေးမဟုတ်ပေမယ့် သိပ်အလုပ် လုပ်ပြချင်သူတွေကျတော့ သူတို့ရဲ့လုပ်ပိုင်ခွင့်အာဏာနဲ့ ဗိုလ်ကျကာ အချိန်မရွေး အွန်လိုင်းအစည်းအဝေးတွေ စွတ်ခေါ်ရုံတင်မက အလုပ်နဲ့ဆိုင်တဲ့ အွန်လိုင်းဂရုဖ်တွေမှာ တနင်္ဂနွေ အလုပ်ပိတ်ရက်လည်းမရှောင် အလုပ်ကိစ္စတွေ လာမေး၊ လာပြောနဲ့ ဝန်ထမ်းတွေရဲ့ အခွင့်အရေးကို အောက်တန်းကျစွာ ချိုးဖောက်လို့။အဲဒီလိုချိုးဖောက်မှုတွေကို သွားပြောရင် ပြောတဲ့သူက အလုပ်အပေါ် စေတနာမထား၊ တာဝန်မကျေသူလို့ သတ်မှတ်ကာ သူဌေးရဲ့ ငြိုငြင်ခြင်းပင် ခံရတတ်တာမို့ ကြိတ်မှိတ် မြိုသိပ်ကြရပါတယ်။

ကိုဗစ်က စလိုက်တဲ့ Zoom meeting ဆိုတာကြီးက ဒီနေ့ထိတိုင် သိပ်အလုပ်ဖြစ်နေတော့ အွန်လိုင်းပေါ်ကနေ ဒုက္ခပေးနေတဲ့သူတွေကလည်း ကွန်ပျူတာခလုတ် Enter ကို နာနာခေါက်ကာ ဝန်ထမ်းတွေရဲ့ အခွင့်အရေးကို ပယ်ပယ်နယ်နယ် ချိုးဖောက်လို့ ကောင်းနေတုန်းပါပဲ။

ငြိမ်းဆက်