【 ဆောင်းပါး 】 ချစ်ကြည်ရင်းနှီးမှုများဖြင့် ထုံလွှမ်းနေသည့် တရုတ်ရုပ်ရှင်ပွဲတော်

【 ဆောင်းပါး 】 ချစ်ကြည်ရင်းနှီးမှုများဖြင့် ထုံလွှမ်းနေသည့် တရုတ်ရုပ်ရှင်ပွဲတော်

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ဆယ်စုနှစ်များစွာကြာအောင် ကာလရှည်ကြာသည်အထိ နှစ်နိုင်ငံကြားတွင် ချစ်ကြည်ရင်းနှီးစွာ နေထိုင်လာခဲ့သလို နှစ်နိုင်ငံ လူနေမှုစနစ်ကြား အပြန်အလှန်သိရှိနားလည်ကာ အပြန်အလှန်ဆက်ဆံဖလှယ်မှုများနှင့် လေ့လာသင်ယူမှုများကို တိုးပွားစေရန် လုပ်ဆောင်လျက်ရှိသည်။

နှစ်နိုင်ငံ ယဉ်ကျေးမှု အပြန်အလှန်ဖလှယ်ခြင်း အစီအစဉ်များအနက်တွင် မြန်မာနိုင်ငံတွင် ပြုလုပ်သည့် တရုတ်ရုပ်ရှင်ပွဲတော်များကလည်း အထင်အရှားတစ်ခုပင်ဖြစ်သည်။

တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်များကို အော့ဖ်လိုင်း တင်ဆက်ပြသမှုအဖြစ် လုပ်ဆောင်ရာတွင် အစီအစဉ်တစ်ခုချင်းအလိုက် ပြသကြသည့် အကြောင်းအရာများမှာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။အခြေအနေနှင့် အချိန်အခါအလိုက် ကျင်းပနေပြီး ယဉ်ကျေးမှုနှင့် လူမှုဘဝများကို ထင်ဟပ်စေသော ပွဲတော်များလည်း အပါအဝင်ဖြစ်ခဲ့သည်။တရုတ်နိုင်ငံရှိ ပြည်နယ်များ၏ နေထိုင်မှုပုံစံနှင့် လူနေမှုဘဝများအပါအဝင် သာယာလှပသော သဘာဝပတ်ဝန်းကျင်နှင့် ရှုခင်းအလှအပများကလည်း ကြည့်ရှုသူများအပေါ် ဆွဲဆောင်နေကာ စိတ်ဝင်စားစရာဖြစ်စေခဲ့သည်။

တရုတ်ရုပ်ရှင်ပွဲတော်များကို ပြုလုပ်သည့်အခါ ရန်ကုန်မြို့အခြေစိုက် တရုတ်ယဉ်ကျေးမှုစင်တာ၌ ပြုလုပ်ခြင်းများရှိသလို ပုဂ္ဂလိကကျောင်းများသို့လည်း သွားရောက်ပြသခြင်းများရှိသည်။နှစ်နိုင်ငံ ပြည်သူများကြားတွင် ယဉ်ကျေးမှုဖလှယ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးတို့အပါအဝင် နှစ်နိုင်ငံ ဆက်ဆံရေး ချစ်ကြည်ခိုင်မာစွာ အဓွန့်ရှည်ကြာစေရေးကို ရည်ရွယ်၍လည်း တရုတ်ယဉ်ကျေးမှုစင်တာကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လက ဖွင့်လှစ်ခဲ့ပြီးနောက် တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်များအပါအဝင် ဖျော်ဖြေရေးနှင့် အခမ်းအနားပွဲများ၊ သင်တန်းများ၊ နှစ်နိုင်ငံမှ သုတေသနပညာရှင်များက သတင်းအချက်အလက် မျှဝေဖလှယ်ခြင်းများ၊ ရုပ်ရှင်နှင့် ယဉ်ကျေးမှုဆိုင်ရာ တင်ဆက်မှုများကို လက်ခံကျင်းပလျက်ရှိသည်။

နွေရာသီကဲ့သို့သောကာလများတွင် တရုတ်စာ မင်စုတ်ချက် လက်ရေးလှသင်တန်း၊ တရုတ်ရိုးရာအကသင်တန်း၊ တရုတ်ရိုးရာ စက္ကူအလှညှပ်ခြင်းနှင့် လက်မှုအထုံးအဖွဲ့ပညာသင်တန်း၊ လက်ဖက်ရည်အနုပညာသင်တန်း၊ Hulusi တီးမှုတ်တူရိယာသင်တန်းတို့အပြင် ဟင်းလျာများ ချက်ပြုတ်မှုနှင့် သက်ဆိုင်သည့် သတင်တန်းများကိုလည်း အခမဲ့ဖွင့်လှစ်ပေးလျက်ရှိသည်။

 ၁၉၈၀ ပြည့်နှစ်ကတည်းက စတင်တည်ထောင်လာခဲ့သည့် တရုတ်ယဉ်ကျေးမှုစင်တာမှာ လက်ရှိတွင် ကမ္ဘာတစ်ဝန်း၌ ဥရောပ၊ အာဖရိက၊ အာရှနှင့် တောင်အမေရိက အစရှိသည့် နိုင်ငံများအတွင်း နေရာ ၂၀ ထက်မနည်း ဖွင့်လှစ်ထားလျက်ရှိသည်။

ပြီးခဲ့သော မေလဆန်းကလည်း ယူနန်ပြည်နယ်၏ လက်ဖက်ခြောက်ယဉ်ကျေးမှုနှင့်ပတ်သက်၍ “လေ့လာမှတ်သားဖွယ်ရာ လက်ဖက်ရည်ကြမ်းအနုပညာ” ဟူသည့် အစီအစဉ်ကို အပိုင်းလိုက်ပြသခဲ့သည်။ထိုအစီအစဉ်များကြောင့်လည်း တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာပေါ်၌ လက်ဖက်ပင်များ အစောဆုံး ရှာဖွေတွေ့ရှိခဲ့ပြီး လက်ဖက်ရွက်ကို ပထမဦးဆုံး စတင်အသုံးပြုသည့် နိုင်ငံဖြစ်သည်ကို သိရှိလာကြသလို တရုတ်လက်ဖက်ခြောက်တွင် စုံလင်ကြွယ်ဝသော ယဉ်ကျေးမှုအနှစ်သာရများပါရှိခြင်း၊ တရုတ်လူမျိုးတို့၏ ထူးခြားကောင်းမွန်သော ရိုးရာယဉ်ကျေးမှု အစိတ်အပိုင်းတစ်ခုအဖြစ် ဖြစ်တည်လာခြင်း စသည့် အခြေအနေများကိုလည်း သိရှိလာခဲ့သည်။

မြန်မာနိုင်ငံ၏ ယခုလိုပွင့်လင်းရာသီများသို့ ရောက်ရှိချိန်တွင် တရုတ်ရုပ်ရှင်ပွဲတော်အစီအစဉ်များကို ကျင်းပပြုလုပ်လေ့ရှိပြီး ယင်းအစီအစဉ်တွင် ပြသသည့် ဇာတ်ကားများမှာလည်း အထူးပြုရည်ရွယ်ရာ ခေါင်းစဉ်များအလိုက် စိတ်ဝင်စားစရာ ဇာတ်ကားကောင်းများဖြစ်ခဲ့သည်။ဇာတ်ကားများအတွင်း တရုတ်နိုင်ငံ၏ လက်ရှိဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကိုပါ ရုပ်ရှင်ကြည့်ပရိသတ်များက ခံစားသိမြင်ခဲ့သလို ဆန်းသစ်၍ စိတ်ဝင်စားဖွယ်ကောင်းသော ရိုက်ကူးထားမှုကို ပြသခြင်းများကြောင့်လည်း ရုပ်ရှင်အတွင်းမှ လက်တွေ့ဘဝသို့ ရောက်သွားသလို ခံစားမှုမျိုး ရုပ်ရှင်ကြည့်ပရိသတ်များ ရရှိစေခဲ့သည်။

ကပ်ရောဂါမတိုင်ခင် အရှေ့ပိုင်းနှစ်များဖြစ်သည့် ၂၀၁၈ ခုနှစ်လောက်က တရုတ်ရုပ်ရှင်ပွဲတော်ကို နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၂ ခုတို့တွင် ရက်သတ္တပတ် တစ်ပတ်ကြာ ပြုလုပ်ခဲ့ကြသည်။အလားတူ ၂၀၁၉ ခုနှစ်တွင်လည်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် ရှမ်းပြည်နယ်အတွင်းက မြို့ကြီးများတွင် ရက်သတ္တပတ် တစ်ပတ်ကြာ ပြုလုပ်ခဲ့သေးသည်။

မြန်မာနိုင်ငံတွင် ကပ်ရောဂါကာလဖြစ်ခဲ့သော ၂၀၂၀ ပြည့်နှစ်အတွင်းတွင်မူ အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ခဲ့ပြီး မြန်မာဘာသာ စာတန်းထိုးဇာတ်ကားများ၊ မြန်မာဘာသာစကားဖြင့် နောက်ခံစကားပြော ပြုလုပ်ထားသည့် တရုတ်နာမည်ကျော် ရုပ်ရှင်ဇာတ်ကား ၁၀ ကားကျော်လောက်ကို ပြသပေးခဲ့သည်။ထိုစဉ်က တရုတ်-မြန်မာ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး အထိမ်းအမှတ်အဖြစ် ကြိုဆိုဂုဏ်ပြုကာ လုပ်ဆောင်ခဲ့သလို ယင်းအစီအစဉ်များကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံး၊ China Media Group နှင့် China Film Group Corporation တို့ ပူးပေါင်းစီစဉ်ခဲ့ကြသည်။

အဆိုပါတရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်များအတွင်း ပြသသည့် ဇာတ်ကားများအနက်တွင် ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ပထမပတ်အတွင်းပြုလုပ်သည့် ပထမအကြိမ် “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်း (Offline) တင်ဆက်ပြသမှုအစီအစဉ်၌ ပြသသည့် တရုတ်နိုင်ငံတောင်ပိုင်းတွင် ဖြစ်ပွားသော အဆိုးရွားဆုံး ရေလွှမ်းမိုးမှု အခြေအနေကို စေတနာ့ဝန်ထမ်းများက ကူညီကယ်ဆယ်ပုံကို ရိုက်ကူးထားလျက်ရှိရာ ကြည့်ရှုသူအဖို့ ရင်သပ်ရှုမောဖွယ်ရာခံစားစေခဲ့သည်။ထိုရေလွှမ်းမိုးမှုမှာ ၂၀၂၀ ပြည့်နှစ် နွေရာသီက ကြုံခဲ့ခြင်းဖြစ်သည်ဟုဆိုထားပြီး ရေဘေးဒုက္ခကြုံသူများကို စေတနာ့ဝန်ထမ်းနှစ်ဦးက ခက်ခက်ခဲခဲ ကယ်ဆယ်ခဲ့ပုံများက တကယ့်ကိုပင် အတုယူစရာကောင်းခဲ့သော ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ခဲ့သလို ကြည့်ရှုသူ၏ စိတ်အာရုံအတွင်း စွဲထင်ကျန်နေခဲ့သော ဇာတ်ကားကောင်းဖြစ်ခဲ့သည်။

ထိုပွဲတော်အတွင်း ပြသခဲ့သော အချို့သောဇာတ်ကားများကလည်း ကြည့်ရှုသူအတွက် ဗဟုသုတရစေခဲ့သော ဇာတ်ကားများ ပါဝင်နေပြန်သည်။တရုတ်ဝူရှူးသိုင်းပညာလောက၏ ဆန်းကြယ်မှု ခက်ခဲနက်မှုများကို ထင်ဟပ်ပြသစေသော “ရှောင်လင်ကွန်ဖူးရဲ့ လျှို့ဝှက်ချက်” ဟူသည့် ဇာတ်ကားမှာလည်း ကြည့်ရှုသူပရိသတ်၏ တစ်ခဲနက်အားပေးနှစ်ခြိုက်မှုကို ရခဲ့ပြန်သည်။ထိုကဲ့သို့သော တရုတ်မှတ်တမ်းရုပ်ရှင်များကို ၂၀၂၂ ခုနှစ် တစ်နှစ်တာအတွင်း အော့ဖ်လိုင်း (Offline) တင်ဆက်ပြသမှုအဖြစ် ၁၀ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြသည်။ ထိုမှတ်တမ်းရုပ်ရှင်များ ပြသသည့် အစီအစဉ်များနှင့်အတူ ဓာတ်ပုံပြပွဲများ၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ပြပွဲများ အစရှိသည့် ပြပွဲများကလည်း စိတ်ဝင်စားစရာဖြစ်စေပြီး မှတ်တမ်းရုပ်ရှင်များအတွင်းမှ တရုတ်နိုင်ငံရှိ မြို့များ၏ ဝိသေသလက္ခဏာများ၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို သိရှိလာကြကာ သမိုင်းဝင်ယဉ်ကျေးမှု အနှစ်သာရများကိုလည်း စူးစမ်းလေ့လာသိရှိခွင့် ရစေခဲ့သည်။တရုတ်ရိုးရာ ပွဲတော်များဖြစ်သည့် မီးထွန်းပွဲတော်၊ ချီးရှီးပွဲတော်၊ နဂါးလှေလှော်ပြိုင်ပွဲတော်၊ ဆောင်းဦးလယ်လမုန့်ပွဲတော်၊ ကိုးနှစ်လုံးဆင့်ပွဲတော် စသည့် ရိုးရာပွဲတော်များနှင့် ဆန်းသစ်သောအက အနုပညာပုံစံများကလည်း စိတ်ဝင်စားဖွယ်ရာ ဖြစ်စေခဲ့သည်။

တရုတ်ရုပ်ရှင်ပွဲတော်များတွင် ပြသသည့် ဇာတ်ကားများမှာ အချစ်၊ အမုန်း၊ ဟာသ၊ စစ်ရေးနှင့်ဆိုင်သည့် ဇာတ်ကားများအပါအဝင် ပရိသတ်များ ရသစုံအောင် ခံစားရမည့် ဇာတ်ကားကောင်းများပါဝင်ပြီး ယင်းဇာတ်ကားများသည်လည်း တရုတ်နိုင်ငံနှင့် နိုင်ငံတကာတွင် ရုံတင်ပြသရာမှ ပရိသတ်များ နှစ်သက်အားပေးမှုရရှိခဲ့သည့် ဇာတ်ကားကောင်းများ ဖြစ်ခဲ့ကြသည်။

တရုတ်ရုပ်ရှင်ပွဲတော်များ ကျင်းပခြင်းမှာ အရေးပါသည့် သမိုင်းယဉ်ကျေးမှု အဓိပ္ပါယ်များစွာဖြင့် ထုံလွှမ်း၍နေလျက်ရှိပြီး နှစ်နိုင်ငံအကြားရှိ ချစ်ကြည်ရေးကို လက်ဆင့်ကမ်းထိန်းသိမ်းရင်း အနာဂတ်တွင် နှစ်နိုင်ငံပြည်သူများကြား၌ ပိုမိုသာယာလှပသည့် ချစ်ကြည်ရင်းနှီးမှုများဖြင့် တိုးတက်ခိုင်မာလာစေမည် ဖြစ်ပေတော့သည်။

ဧပရယ်လ်