【 ဆောင်းပါး 】 ခြောက်နိုင်ငံ ရေသယံဇာတ ထိန်းသိမ်းရေး

【 ဆောင်းပါး 】 ခြောက်နိုင်ငံ ရေသယံဇာတ ထိန်းသိမ်းရေး

လူနှင့် သက်ရှိသတ္တဝါအားလုံးအတွက် မရှိမဖြစ် အလွန်အရေးပါသော ရေသယံဇာတသည် ယခုအခါ ထိန်းသိမ်းရန် အထူးလိုအပ်လာသော အဖိုးတန်သယံဇာတတစ်ခု ဖြစ်လာသည်။

သစ်တောများပြုန်းတီးခြင်း၊ လူဦးရေများပြားလာပြီး မြို့ပြဖွံ့ဖြိုးမှုများ မြန်ဆန်လာခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတိုးချဲ့ခြင်း၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတတ်လာခြင်း စသည့် ဖွံ့ဖြိုးမှုများနောက်တွင် သဘာဝပတ်ဝန်းကျင်သည် တစ်စထက်တစ်စ ယိုယွင်းပျက်စီးလာသည်။

သစ်တောများပြုန်းတီးမှုနှင့် ကမ္ဘာကြီးပူနွေးလာမှုများကြောင့် ရေကောင်းရေသန့်ရရှိနိုင်မှု အခြေအနေမှာလည်း တစ်နှစ်ထက် တစ်နှစ် လျော့နည်းလာသည်။ယိုယွင်းပျက်စီးလာသော သဘာဝပတ်ဝန်းကျင်တွင် လူ၊ သတ္တဝါတို့ကို အသက်ရှင်ရပ်တည်မှုများ ပေးစွမ်းနေသည့် မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ကန် အစရှိသည့် ရေအရင်းအမြစ်များ မဆုံးရှုံးရေးသည် အရေးကြီးလာသည်။

နိုင်ငံတိုင်းတွင် ၎င်းတို့၏ သဘာဝသယံဇာတဖြစ်သည့် မြစ်ကြီးများရှိသည်။မြန်မာနိုင်ငံတွင် ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်နှင့် စစ်တောင်း မြစ်ကြီးလေးစင်းရှိပြီး ၎င်းတို့မှ မြစ်လက်တက်ပေါင်းများစွာရှိပါသည်။မြစ်ကြီးများနှင့် မြစ်လက်တက်များပေါ်တွင် ဆည်တမံ ၂၄၅ ခုနှင့် ရေတင်လုပ်ငန်း ၂၁၀ တို့ တည်ဆောက်ထားကြောင်း သိရသည်။အသက်သွေးကြောဖြစ်သည့် မြစ်ကြီးများကို အမှီသဟဲပြု၍ ရှင်သန်နေကြသူတို့ကပင် ၎င်းမြစ်များကို ညစ်နွမ်းအောင် လုပ်ဆောင်နေကြသည်။

ရွှေနှင့် သတ္တုအမျိုးမျိုး တူးဖော်ခြင်း၊ စွန့်ပစ်အမှိုက်များ မြစ်ချောင်းများသို့ ရောက်ရှိနေခြင်း၊ စက်ရုံများမှထွက်ရှိသော ဓာတုအညစ်အကြေးများ မြစ်ချောင်းများအတွင်းသို့ စီးဝင်နေခြင်းတို့ကြောင့် မြစ်၊ ချောင်းများတွင် ရေနေသတ္တဝါများ လျော့နည်းလာပြီး ရေထုညစ်ညမ်းလာသည်။ထို့ပြင် သန့်ရှင်းသော သောက်သုံးရေ ရှားပါးလာခြင်းတို့ ဖြစ်ပေါ်လာသည်။ ရေချိုအရင်းအမြစ်များ ရှားပါးလာခြင်းနှင့် မြေအောက်ရေထုတ်ယူသုံးစွဲမှုများလည်း မြင့်တက်လာသည်။လူနေအဆောက်အအုံများ အလွန်များပြားလာခြင်းနှင့် စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းများအတွက် မြေအောက်ရေ အလွန်အကျွံထုတ်ယူသုံးစွဲနေခြင်းကလည်း တစ်နှစ်ထက် တစ်နှစ် ပိုများလာသည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများထဲတွင် ရေအရင်းအမြစ်စုစုပေါင်း ၁၆ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး အာရှဒေသများထဲတွင် ရေအရင်းအမြစ် ၁၂ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်ဟု သိရသည်။ရရှိထားသည့် ရေအရင်းအမြစ်များထဲမှာ ထပ်မံလျော့ပါးမသွားစေရန်အတွက် ဝိုင်းဝန်းထိန်းသိမ်းကြရန် လိုအပ်နေပါသည်။

မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများတွင်လည်း ရေသယံဇာတရှားပါးလာသည့် အခြေအနေများရှိလာသည်။သို့ဖြစ်၍ တစ်နိုင်ငံနှင့် တစ်နိုင်ငံ စုပေါင်း၍ ရေသယံဇာတများ မလျော့ပါးစေရန် နည်းဗျူဟာများဖြင့် ဆောင်ရွက်လျက်ရှိသည်။

ရေအရင်းအရင်းအမြစ် မျှဝေခံစားရာ နိုင်ငံခြောက်နိုင်ငံတို့၏ လန်ချန်း-မဲခေါင် ရေသယံဇာတပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်များ အရေးပေးဆောင်ရွက်လျက်ရှိနေသည်။  

လန်ချန်း-မဲခေါင်မြစ်သည် မိုင်ပေါင်း ၂၇၀၀ ကျော် ရှည်လျားပြီး အာရှတွင် တတိယမြောက်အရှည်ဆုံးဖြစ်သလို ကမ္ဘာပေါ်တွင် ၁၂ ခုမြောက် အရှည်ဆုံးမြစ်ဖြစ်သည်။ကမ္ဘောဒီးယားနိုင်ငံ၏ အကြီးဆုံးမြစ်တစ်သွယ်ဖြစ်ပြီး ၎င်းနိုင်ငံ၏ ကုန်တွင်းပိုင်းရေကြောင်းပို့ဆောင်ရေးလုပ်ငန်းတွင် အရေးကြီးသောတာဝန်များ ထမ်းဆောင်လျက်ရှိသည်။

လန်ချန်း- မဲခေါင်မြစ်သည် တရုတ်နိုင်ငံ၊ မြန်မာနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့အတွက် အလွန်အရေးပါသော မြစ်ကြီးဖြစ်သည်။

မဲခေါင်မြစ်၏ မြစ်ညာအထက်ပိုင်းသည် တရုတ်နိုင်ငံတွင် လန်ချန်းမြစ်အဖြစ် ခေါ်ဆိုကြပြီး မြစ်အောက်ပိုင်းတွင် မြန်မာနိုင်ငံအပါအဝင် ငါးနိုင်ငံအတွင်း မဲခေါင်မြစ်အဖြစ် ခေါ်ဆိုကြသည်။

မဲခေါင်မြစ်သည် မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံနယ်စပ်တစ်လျှောက် ဖြတ်သန်းစီးဆင်းပြီး လာအိုနိုင်ငံသို့ ဖြတ်သန်းစီးဆင်းသည်။

လာအိုနိုင်ငံအတွင်းမှ ထိုင်းနိုင်ငံ၏ အရှေ့ဘက်နယ်စပ်တစ်လျှောက် ဖြတ်သန်းစီးဆင်းသည်။ထိုမှတစ်ဆင့် ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့ ဖြတ်သန်းစီးဆင်းကာ တောင်တရုတ်ပင်လယ်ထဲသို့ စီးဝင်သည်။သို့ဖြစ်၍ ၎င်းမြစ်ကြီး ဖြတ်သန်းစီးဆင်းရာ မြစ်ဝှမ်းဒေသတို့၏ စိုက်ပျိုး၊ မွေးမြူရေး၊ ကုန်သွယ်ရေးတို့သည် အလွန်အရေးပါလျက်ရှိနေသည်။

လန်ချန်း-မဲခေါင်မြစ်ဝှမ်းဒေသများမှ ရေသယံဇာတများ၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များ နှစ်စဉ်နှစ်တိုင်း လုပ်ဆောင်လျက်ရှိသည်။လန်ချန်း-မဲခေါင်ဒေသများသည် ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးတိုးတက်မှု အလားအလာအကောင်းဆုံး ဒေသအဖြစ်ရှိနေသည်။သို့ဖြစ်၍ လန်ချန်း-မဲခေါင်ဒေသ ရေသယံဇာတ ပူးပေါင်းဆောင်ရွက်ခြင်းသည် ရာသီဥတုပြောင်းလဲမှုကို ခုခံရေး၊ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ စားနပ်ရိက္ခလုံခြုံရေး၊ စွမ်းအင်လုံခြုံရေး၊ ရေပေးမှုလုံခြုံရေး၊ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး၊ လူမှုစီးပွားဆက်တိုက်တိုးတက်ရေး၊ ပြည်သူများကို အကျိုးပြုရေး စသော ကဏ္ဍတို့ကို ဦးတည်ဆောင်ရွက်ရန်ဖြစ်သည်။

ဗီယက်နမ်နိုင်ငံတွင် မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသ၌ အထည်အလိပ်နှင့် အဝတ်အစားချုပ်လုပ်သည့် စက်ရုံများစွာရှိသည်။ကမ္ဘာ့အဆင့် ၅ ရှိ အဝတ်အထည်များကို ထုတ်လုပ်တင်ပို့နေကြသည်။၎င်းတို့ တိုင်းပြည်အတွက် GDP တိုးတက်နေသော်လည်း တစ်ဖက်တွင် စက်ရုံအလုပ်ရုံများမှ စွန့်ထုတ်သော ရေထုညစ်ညမ်းမှုနှင့် ရေသယံဇာတ အလွန်အကျွံအသုံးပြုခြင်းတို့ဖြင့် ဆိုးကျိုးများ ခံစားနေရသည်။

မြန်မာနိုင်ငံတွင် မြစ်၊ ချောင်း မြို့ရွာများအနီး တစ်ခါသုံးပစ္စည်းများ၊ စိုက်ပျိုးရေးသုံး ဓာတ်မြေသြဇာများ၊ စက်မှုလုပ်ငန်းမှ စွန့်ပစ်ရေများ၊ မြို့ပြများမှ စွန့်ထုတ်လိုက်သည့် မိလ္လာရေများ စသည့် စွန့်ပစ်မှုများကို ဥပဒေတစ်ရပ်ဖြင့် ထိထိရောက်ရောက်တားဆီးရန် လိုအပ်နေပြီဟု သဘာဝပတ်ဝန်းကျင်ပညာရှင်တို့က သုံးသပ်ကြသည်။မြစ်၊ ပင်လယ်တို့ ညစ်ညမ်းမှုကို လျှော့ချနိုင်မှသာလျှင် ရေနေသတ္တဝါ၊ အပင်များ ရှင်သန်နိုင်မည်ဖြစ်ကာ လူသားတို့နှင့်ယှဉ်တွဲနေသည့် ဂေဟစနစ်ကြီး ပျက်စီးမှုသက်သာမည်သာဖြစ်သည်။

ကမ္ဘာလူ့ဦးရေ ၂ ဒသမ ၂ ဘီလျံခန့်သည် သန့်ရှင်းသော သောက်ရေကို မရရှိနိုင်ကြကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဖော်ပြထားသည်။ဖွံ့ဖြိုးတိုးတက်ပြီးသော စက်မှုနိုင်ငံများ၏ အခြားတစ်ဖက်တွင် ရေရှားပါးမှုအခြေအနေများရှိနေသည်။

သို့ဖြစ်၍ မိမိတို့နိုင်ငံအလိုက် ရေသယံဇာတထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်နေကြပြီး လန်ချန်း-မဲခေါင် ခြောက်နိုင်ငံမှလည်း အသက်သွေးကြောရှင်သန်ရာ ရေသယံဇာတများကို အတူတကွ ထိန်းသိမ်းကြရန် ဆန္ဒပြုထားကြပါသည်။

အမွန်
Photo - wikipedia