【 ဆောင်းပါး 】 စာမရေးသော မဟေသီ အယ်ဒီတာ (၁)

【 ဆောင်းပါး 】 စာမရေးသော မဟေသီ အယ်ဒီတာ (၁)

စာမရေးသော၊ ဝတ္ထုဆောင်းပါး ကဗျာမရေးသော၊ အယ်ဒီတာတာတစ်ယောက်ကို ပြပါဆိုလျှင် အတော့်ကို ရှားပါလိမ့်မည်။

စာရေးစ ကလောင်သွေးစက အယ်ဒီတာဆိုတာ စာရေးဆရာဝါရင့်ထဲကလာသည်ဟု မှတ်သားမိသည်။ ကိုယ်တိုင် အယ်ဒီတာလောကထဲရောက်၍ အတန်ကြာမှသာ စေ့ငုမိခြင်းဖြစ်သည်။သူက မဟေသီမဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ (ဦး) ခင်မောင်မြင့်။

ကျနော်တို့အခေါ် ဆရာခင်မောင်မြင့်၊ သူက လမ်းစဉ်ပါတီ ခေတ်ကာလက “တောင်သူလယ်သမား” ဂျာနယ်ကဖြစ်သည်။အနည်းငယ်နောက်ကြောင်းလှန်ရသည်ရှိသော် ၁၉၈၀ ဝန်းကျင်ကာလများက “ပေဖူးလွှာ” မဂ္ဂဇင်း ပေါ်ထွက်လာသည်။ဆင်ကြီး ဂဠုန်ကြီး မဂ္ဂဇင်းကြီးဖြစ်သည်။ပိုင်ရှင်နှင့် အယ်ဒီတာချုပ်က (ဦး) မြလှိုင် - (ဗိုလ်မှူးကြီး မြလှိုင်) ဖြစ်၍ ကျနော်အမှတ်မမှားလျှင် ဂျပန်ခေတ် စစ်တက္ကသိုလ်ဆင်းဖြစ်သည်။သူ၏ အကိုက ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာဖြစ်သည်။ဗိုလ်လက်ျာက ဦးနုခေတ် ပထစ (ပြည်ထောင်စုအစိုးရ) ကတည်းကပင် ပင်လယ်ငါးဖမ်းကုမ္ပဏီကြီး တည်ထောင်ထားသူဖြစ်သည်။ (ခေတ်မီသူတိုင်း ပင်လယ်ငါး စားကြသည်)။

ရဲဘော်သုံးကျိပ်တွင် ဗိုလ်ချုပ်အောင်ဆန်းပြီးလျှင် စစ်ရေးဘက်တွင် ဗိုလ်လက်ျာဖြစ်သည်။ (နိုင်ငံရေးဘက်တွင် သခင်ဗဟိန်းဖြစ်သည်။အသိုင်းအဝိုင်း ဓနအင်အား မိတ်သင်္ဂဟအင်အား အတော်ကြီးသည်။ပေဖူးလွှာမဂ္ဂဇင်းသည် စာပေတန်းလမ်းဖြစ်သော နောင်လေထန်ကုန်းဖြစ်လာမည့် (၃၃) လမ်း အထက်ဘလောက်တွင် မဂ္ဂဇင်းရုံးတည်ထားသည်။ကျနော်က မဂ္ဂဇင်းအချို့တွင် ဝတ္ထုတိုလေးငါးပုဒ်ပါဖူးသော ကလောင်ပေါက်စနဖြစ်သည်။အရှိန်ကြီးလှသော ပေဖူးလွှာသည် ဆင်ကြီး ဂဠုန်ကြီးက လောင်မှသာ သုံးသည်။ပေဖူးလွှာက သုံးသော ကလောင်မှာလည်း နေ့ချင်းညချင်း နာမည်ကြီးသည်။ထိုစဉ်က ကျနော်တို့ စာမူပို့ရင်း အဝင်အထွက်ရှိသည်။ရွှေကြည်အေးမှာ ထိုင်တတ်သည်။ဦးမြလှိုင်ရုံးမှာ ထပ်ခိုးလေးပါ၍ ထပ်ခိုးလေးပေါ်မှာ အယ်ဒီတာအဖွဲ့ ရုံးထိုင်သည်။ဦးမြလှိုင်၏ နံဘေးနားတွင် ကဗျာဆရာ ဖျာပုံနီလုံဦး ထိုင်သည်။စာမူများကို အပေါ်က စင်ပေါ်မှာထားသည်။စာမူစုံစမ်းသူလာသည့်အခါ မတ်တပ်ရပ်၍ စင်ပေါ်ကယူရသည်။ထိုစဉ်က ကျနော်သည် ဘီလူးကျွန်းနောက်ခံ ဝတ္ထုရှည်တစ်ပုဒ်ပို့ထား၍ အမျှော်လင့်ကြီး မျှော်လင့်နေသည်။တာဝန်ခံအယ်ဒီတာ ဖျာပုံနီလုံဦးက ဒေသနောက်ခံလေး ကြိုက်လို့ တင်ထားသည်ဟု ပြောသည်။သို့သော် ထိုအချိန်က မဂ္ဂဇင်းအရှိန်အဝါကို မတိုးနိုင်ခဲ့ပါ။

ထိုစဉ်က ကလောင်ဝိတ်တန်းများမှာ မောင်သာရ - စမ်းစမ်းနွဲ့ (သာယာဝတီ) - မင်းသိင်္ခ စသည် မှတ်မိနေသည်။မှတ်မိသလောက်သာဖြစ်သည်။အင်တာဗျူးမှာ ထိုစဉ်က (ကို) ဝင်းငြိမ်းဖြစ်သည်။အတော်နာမည်ရသည်။ဆောင်းပါးတွင် အဓိကမှတ်မိနေသည်မှာ (ဦး) အောင်ကြီး (ပေါင်းတည်) ဖြစ်၍ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည် မျက်စိခွဲရန်ကိစ္စ အထူးအသားပေး ရေးနေသည်။ဒေါ်ခင်ကြည်အကြောင်း စောင့်ဖတ်နေကြသည်။အကျဉ်းပြောရသော် ထိပ်တန်းကလောင်များသာ သုံးပါသည်။ဤကား ပေဖူးလွှာမဂ္ဂဇင်းအကြောင်းဖြစ်သည်။

ထို့နောက် အနည်းငယ်သော အချိန်တစ်ခုအကြာတွင် ဒီနေရာလေးကပဲ “မဟေသီ” ဟူသော မဂ္ဂဇင်းတစ်ခု ထပ်မံ၍ထွက်ရှိလာသည်။တိုက်ကျဉ်းကျဉ်းတစ်ခုတွင် မဂ္ဂဇင်းနှစ်ခု မည်သို့တွဲလုပ်နေကြသည် မသိ။အသက်ရှူကြပ်စရာ အတော်ကောင်းပါသည်။မဟေသီပိုင်ရှင်နှင့် အယ်ဒီတာချုပ်မှာ မှူးသမိန် “ဗိုလ်မှူးကြီးစောမြင့် (ငြိမ်း)” ဖြစ်ပါသည်။ထိုကာလနောက်ခံ နိုင်ငံရေးကားချပ်ကို အနည်းငယ်တို့ထိကြည့်ချင်ပါသည်။ဗိုလ်နေဝင်း၏ လမ်းစဉ်ပါတီသည် ၁၉၆၂ မှာ အာဏာသိမ်းအပြီး ၁၉၇၄ တွင် တစ်ပါတီအာဏာရှင်စနစ်ကို လက်ခံထားသည့် ၁၉၇၄ - အခြေခံဥပဒေနှင့် တစ်ပါတီအာဏာရှင်စနစ် လွှတ်တော်လည်း ပေါ်ပေါက်ပြီးသဖြင့် အားတက်ဂုဏ်ယူနေသည်။စာပေလွတ်လပ်ခွင့်ကို အနည်းငယ်လွှတ်ပေးသည့်သဘောဖြင့် မဂ္ဂဇင်းထုတ်ဝေခွင့်များ ချပေးလာသည်။ဦးစွာသူတို့ တပ်ဘက်မှ ဗိုလ်မှူးကြီးများကို ဦးစွာချပေးခြင်းဖြစ်ပါသည်။

မဂ္ဂဇင်းများမှာ - ဗိုလ်မှူးကြီး မြလှိုင် (ပေဖူးလွှာ) ဗိုလ်မှူးကြီး စောမြင့် (မဟေသီ) နှင့် ဗိုလ်မှူးကြီး တင်မောင် (ခေါ်) စာရေးဆရာ မြတ်ထန် (ချယ်ရီ) တို့ ဖြစ်ပါသည်။ ထိုကာလတွင် မဂ္ဂဇင်းတို့သည် အပြိုင်အနိုင် ကြဲနေကြသော အချိန်ဖြစ်သည်။ပေဖူးလွှာနှင့် မဟေသီမှာလည်း ဤသို့ပင်ဖြစ်ပါလိမ့်မည်။ပွတ်တိုက်မှုများရှိလာကြသည်ဟု ကြားရသည်။မဂ္ဂဇင်းတိုင်းမှာ ကလောင်နာမည်ကြီးကြီး၏ စာမူကို လိုချင်ကြ၏။စာမူကောင်းများလည်း လိုချင်ကြပါသည်။တိုက်လိပ်စာတစ်ခုတည်း ဖြစ်နေသဖြင့်လည်း ဝိနည်းလွတ်ဖြစ်နေကြသည်။သူ့စာမူ ကိုယ့်စာမူ အယှက်အတင်ကလေးတွေ ရှိလာကြသည်။မျက်နှာပူစရာလည်း ဖြစ်လာကြသည်။ထို့နောက်ပိုင်း မဂ္ဂဇင်းတိုက်ကို သီးခြားခွဲလိုက်ကြရာ မဟေသီမှာ ၄၅ လမ်းအထက် ဘလောက်သို့ ပြောင်းရွှေ့လိုက်ပါသည်။

ထိုကာလတွင် ကြားသိရသမျှ တာဝန်ခံအယ်ဒီတာတို့မှာ ပေဖူးလွှာမှာ ဆက်နေချင်သူနှင့် မဟေသီဘက်ကို လိုက်သွားချင်သူ စသဖြင့် လူခွဲလိုက်သည်ဟု ဆိုပါသည်။ဤတွင် ဆရာ (ဦး) ခင်မောင်မြင့်မှာ မဟေသီဘက်သို့ ပါလာ၍ ဖျာပုံနီလုံဦးမှာ ပေဖူးလွှာတွင် နေရစ်သည်ဟု ဆိုပါသည်။ပေဖူးလွှာနှင့် မဟေသီကို နှိုင်းယှဉ်ကြည့်လျှင် ပေဖူးလွှာမှာ အဘက်ဘက်မှ အင်အားတောင့်တင်း၍ သာလွန်နေသည်ကိုတွေ့ရလျက် မဟေသီမှာ အားစိုက်၍ တွန်းတင်ရဦးမည့် အခြေအနေသာ ရှိသေးသည်ကို တွေ့ရသည်။

ကျနော်တို့ဆီတွင် အယ်ဒီတာချုပ်နှင့် တာဝန်ခံအယ်ဒီတာဆိုသည်ကို ဘယ်သူက ဘာတာဝန်ဟုပြောရန် အတော်ခက်သည်။အချို့ အယ်ချုပ်မှာ အောက်ခြေသိမ်းတတ်မြောက်ပြီး အစစဆုံးဖြတ်တတ်သောအခါ တာဝန်ခံအယ်ဒီတာမှာ ဖောင်ကိုင်ဘဝသို့ ရောက်သွားတတ်၍ အချို့အယ်ချုပ်မှာ ပိုင်ရှင်သာဖြစ်ပြီး တာဝန်ခံအယ်ဒီတာကို ကြိုက်တာလုပ် လွတ်လွတ်လပ်လပ်လုပ် ကောင်းဖို့အဓိကဟုဆိုသဖြင့် တာဝန်ခံအယ်ဒီတာမှာ အလိုလို အယ်ဒီတာချုပ် ဖြစ်သွားတတ်ပါသည်။မကောင်းလည်း ကိုယ့်တာဝန် ကောင်းလည်း ကိုယ့်တာဝန် ဖြစ်ရတော့သည်။ဤအမျိုးအစားတွင် ချယ်ရီမဂ္ဂဇင်းမှ ဆရာအောင်ပြည့်၊ သဘင်မဂ္ဂဇင်းမှ ဆရာချစ်ဦးညို၊ မဟေသီမဂ္ဂဇင်းမှ ဆရာခင်မောင်မြင့်တို့ကို တွေ့ရပါသည်။ဦးခင်မောင်မြင့်အနေဖြင့် အယ်ဒီတာချုပ်သဖွယ် ဖြစ်ရလေတော့သည်။မဂ္ဂဇင်းတစ်ခု အောင်မြင်ဖို့ဆိုလျှင် ငွေလည်းရှိဖို့ လိုအပ်သလို လုပ်တတ်ကိုင်တတ်နှင့် လာဘ်မြင်ဖို့လည်း လိုပါသည်။အပြင်ကကြည့်လျှင် အခက်အခဲကို မှန်းဆသလောက်တော့ဖြင့် မြင်နိုင်ပါသည်။အတွင်းပိုင်းကကြည့်လျှင်တော့ မှန်းဆတုန်းကနှင့် မတူအောင်ပင် ကွဲလွဲခက်ခဲသည်။

ဦးခင်မောင်မြင့်၏ မဟေသီမဂ္ဂဇင်းမှာ ရုံးသစ်နေရာသစ်ခွဲပြီးစမှာ အစို့အညှောက်ပေါက်စသာ ရှိနေသေးသည်။ပုံသေနည်းတစ်ခုချထား၍ စကားပြေ ကဗျာစာမူတွေကို အတင်းသွတ်သွင်း၍ရသည့် လုပ်ငန်းမျိုးမဟုတ်။ခေတ်ကိုကြည့်ရသည်။စန်းကိုကြည့်ရသည်။အများပရိသတ်အလိုကို ကြည့်ရသည်။အစိုးရအနေအထားကို ကြည့်ရသည်။အနှစ်ဗလာမဂ္ဂဇင်းမဖြစ်အောင် စိုက်ထုတ်ရသည်။မဟေသီကို မြင်သမျှ ပြောရလျှင် အစောပိုင်းမှာ လမ်းရှာရဆဲရှိသည်။အစမှာ မဟေသီဆိုသည်မှာ တောင်ညာစံဒေဝီ မိဖုရားကြီးဟု အဓိပ္ပါယ်ရသည်။ “မဟေသီ” အမည်မှာ ဘိသိက်အတူခံဖက် မိဖုရားကြီးဟု အနက်ပေးသည်။အမည်နှင့် လိုက်ဖက်အောင် ကြိုးစားလုပ်ရရှာသည်။ဆက်စပ်ပြောရလျှင် “မြားနတ်မောင်မဂ္ဂဇင်း” ထွက်စတုန်းကလည်း မင်္ဂလာဆောင်ဓာတ်ပုံတွေ ခရုသင်းမှုတ်ပုံတွေ ရေသွန်းပုံတွေ လုပ်ရရှာသည်။ကာလတစ်ခုအရောက် တည်ငြိမ်အခြေရှိလာမှသာ တစစ လမ်းပေါ်ရောက်လာခြင်းဖြစ်သည်။ပုံစံချပုံကလည်း လိုက်လျောလိုက်ဖက်ဖို့ လိုပါသည်။စာတွေ အရုပ်တွေ ကျပ်ခဲနေ၍လည်းမရ၊ ချောင်ချိနေပါရင်လည်းမဖြစ်။တစ်ခုတော့ရှိသည် အရည်အချင်းရှိသော ဒီဇိုင်းဆရာရှိထားလျှင်တော့ အသက်ရှူချောင်တတ်ပါသည်။

ထိုကာလက မဂ္ဂဇင်းတွေမှာ ဇောင်းထဲက မြင်းလွှတ်လိုက်သလို ဖုံတလုံးလုံးတွင် တထွေးကြီးမြင်နေရသလိုရှိသည်။ဘယ်သူက ခြေအသွားသာပါလိမ့်၊ ဘယ်ဝှာက နှာတစ်ဖျားသာပါလိမ့် အခြေအနေကို အကဲခတ်နေကြဆဲရှိသည်။တဖြည်းဖြည်းစောင့်ကြည့်တော့ မဟေသီ၏ ဖွဲ့စည်းပုံဒီဇိုင်းမှာ လှလှလာသည်။အရောင်များကလည်း ပြေပြစ်လိုက်လျောလာသည်။ရှေ့ဖုံး၏ အတွင်းမျက်နှာဝယ် တစ်လတာ၏ အနှစ်ချုပ်သဘော၊ ရှေ့လာမည့် လအတွက် မျှော်လင့်ချက်ပေးသည့်သဘော ခေါက်ထားသော စာမျက်နှာတစ်ချပ် အပိုပါသည်။စိတ်ဝင်စားဖွယ်ရာတွေဖြစ်သည်။ပါရှိသော စာမူများကလည်း လိုက်လျောညီထွေရှိသည်။ရှေ့တန်းရောက်သော အခန်းကဏ္ဍတွေကလည်း သတိထားမိစရာဖြစ်သည်။ (ဇန်မြင့် - ရွှေပါးစပ် ငွေပါးစပ်) သည် ခေတ်ပြိုင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ စာပေရေးရာအခြေအနေတို့ကို ထင်ဟပ်ပြသည် သရော်ပြသည်။စာပေအနေအနေဖြင့်ကြည့်သော် “သရော်” ဆိုသည်မှာ အပြုအမူတစ်ခုခုကို လှောင်ပြောင်သည်ဟု အနက်ပေးသည်။မထေ့တထေ့ပြောသည် ပြုံးစနဲ့နဲ့ဆိုသည် စသဖြင့် ရအံ့ထင်သည် သိမ်မွေ့သည်။

သာမန်တော်တတ်ရုံဖြင့် သရော်စာမရေးနိုင်။တစ်ခု ဥပမာပေးကြည့်ချင်သည်။ဗွီဒီယိုတိတ်ခွေ (ယနေ့သုံးနေသော ဗွီစီဒီချပ် မဟုတ်သေးပါ) များ ပေါ်ပေါက်လာချိန် လွန်ခဲ့သော နှစ်သုံးဆယ်လောက်က အကယ်ဒမီမင်းသမီးတစ်ယောက်၏ သီချင်းတစ်ခွေထွက်ရှိလာသည်။ရေကူးဝတ်စုံဖြင့် မြင်မကောင်းစရာ အခွေဖြစ်သည်။ကဲ့ရဲ့ခံရပါသည်။သရော်စာရေးဆရာက “ဒူးခေါက်ကွေးတွင် အကြောပြတ်နေသည်များ မတွေ့ရပါ” ဟု ဆိုလိုက်လေသည်။ဒူးခေါက်ကွေးပြတ်ရာ အကြောဖြူကြီးတွေမှာ ကလေးများများမွေးပြီးသော အဒေါ်ကြီးများတွင် တွေ့ရတတ်သဖြင့် ငေါ့လိုက်ခြင်းဖြစ်သည်။

သရော်စာမှာ အတော်ပညာပါမှ ရသည်။

လင်းထင်
Photo Credit - အောင်သူ စာအုပ်အဟောင်းဆိုင် ၃၇လမ်း FB