【 ဆောင်းပါး 】 စာရေးဆရာဝင်းဦး၊ မင်းသားဝင်းဦး (၄)

【 ဆောင်းပါး 】 စာရေးဆရာဝင်းဦး၊ မင်းသားဝင်းဦး (၄)

“ကိုနတ်ရေ ဒီမှာကြည့်ပါဦးဗျ၊ အကြောင်းကြီးတစ်ကြောင်း ထပ်ပြီးပေါ်လာတယ်၊ အရင်ကမရှိဘူး၊ တစ်နေ့ကမှ ကျနော်ကြည့်ရင်းတွေ့ရတာ၊ နောက်ပြီးတော့ ဒီနေရာက လမ်းကြောင်းတစ်ကြောင်းကလည်း ဘယ်ပျောက်သွားသလဲမသိဘူး၊ ကြည့်စမ်းပါဦး”
သူ (ဝင်းဦး) ပြောသည့်အတိုင်းပင် လက္ခဏာလမ်းကြောင်းတစ်ကြောင်းပေါ်နေပြီး လက္ခဏာလမ်းကြောင်းတစ်ခု ပျောက်ဆုံးလျက်ရှိကြောင်း တွေ့ရသည်။‌

ဆရာနတ်နွယ် ဝင်းဦး၏ လက္ခဏာကို ဒုတိယအကြိမ် ကြည့်ရခြင်းဖြစ်သည်၊ ပထမအကြိမ်ကြည့်စဉ်က ၁၉၈၀ ခုနှစ် ငပလီကမ်းခြေမှာ ........

“မိမိ (ဆရာနတ်နွယ်) လည်း လက္ခဏာပညာကို ယုံသည်၊ မယုံသည် မဟုတ်ပါ၊ သို့သော် စိတ်ဝင်စားသည်။ယင်းအတွက် လေ့လာမိသည်။လက္ခဏာပညာကို သိပ္ပံနည်းကျ တည်ဆောက်ထားသော ပညာရပ်တစ်ခုဟု  မိမိ မယူဆပါ။လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းအတတ်ပညာရပ်တစ်ခုဟုသာ ယူဆပါသည်။သို့သော် လက္ခဏာမဟောပါ။အကြောင်းမှာ မိမိဟောကိန်းမှားနေမည်ကိုစိုး၍မဟုတ်။မှန်နေမည်ကိုစိုး၍ဖြစ်သည်၊ မိမိလက္ခဏာဆရာ မဖြစ်ချင်ပါ။”

တစ်ခါက နိုင်ငံခြားခရီးသွားရန် ကြိုးပမ်းနေသော လူငယ်တစ်စု အပျော်တန်းလက္ခဏာကြည့်နေကြသည်။မိမိက ....

“မင်းတို့ အိမ်ခေါင်းရင်းမှာ သင်္ဘောပင်ရှိလား”

“ရှိတယ် ဆရာ”

“ရှိတယ်ဆိုရင် ခုတ်ပစ်လိုက် ယတြာချေသလိုဖြစ်နေတယ်”

မိတ်ဆွေကမေးသည်။လက္ခဏာက သင်္ဘောပင်ရှိတဲ့အထိ သိသလား။

“ဘယ်သိမလဲ၊ လက္ခဏာမှာ ယတိပြတ်ပြောဖို့ လိုတယ်။ဥပဓိရုပ်၊ မှင်မောင်း၊ အသံဩဇာ၊ အာဌာန်ကျတာလည်း လိုတယ်။မရှိဘူးလို့ပြောရင် အစိုက်ခိုင်းမလို့ပါ”

“ဟာဗျာ ခင်ဗျားဟာ အတည်ပေါက်ကြီး”

ဆရာနတ်သည် ငပလီတွင်ရှိတုန်း ဝင်းဦးကို အချက်သုံးချက် ဟောလိုက်သည်။

(၁) အသက်(၅၀) ကျော်တွင် အထူးအောင်မြင်မည်။အနုပညာသမားမှာ အသက်ကြီးလျှင် အရွယ်ကျ ရုပ်ကျသည်။အကျပိုင်းသို့ ရောက်နေသည်ဟုပင် ဆိုကြသည်။စန္ဒာမဂ္ဂဇင်းမှာလည်း မဂ္ဂဇင်းအသစ်များကြားတွင် မြုပ်လာသည်။အောင်မြင်ဖို့မှာ အလေးချိန်လျှော့နေသည်။သို့ပါလျက် ဆက်လက်အောင်မြင်မည်ဟု ဟောလိုက်သည်။ကံလမ်းကြောင်းနှင့် အောင်မြင်ရေးလမ်းကြောင်းမှာ လက်နှစ်ဖက်လုံးတွင် ထင်ရှားနေ၍ဖြစ်သည်။ဒါရိုက်တာအနေနှင့်ကား အောင်မြင်ဆဲဖြစ်သည်။

(၂) အိမ်ထောင်ကျမည်။ထင်ရှားသော မင်းသမီး သူ့အခန်းသို့ အထုပ်အပိုးတွေနှင့် ရောက်လာဖူးသည်။သူရှောင်နိုင်လိုက်သည်။ထင်ရှားသော မင်းသား လူပျိုကြီးဖြစ်နေ၍ ဝင်းဦး အိမ်ထောင်ပြု/မပြု ထင်ကြေးတွေ ကောလာဟလတွေရှိသည်။သူ (ဆရာနတ်နွယ်) က အိမ်ထောင်ကျမည် ပြောလိုက်သည်။အိမ်ထောင်ကျသည်ဆိုရာဝယ် အချင်းချင်း ချစ်ခင်သဖြင့်၊ အခြားသူများစီမံမှုဖြင့်၊ တရားဝင်လက်ထပ်ခြင်းဖြင့်၊ နားလည်မှုနှင့် အတူနေခြင်းဖြင့် စသည် အတူနေထိုင်သည်ကို အရှေ့ခုနစ်အိမ် အနောက်ခုနစ်အိမ် အသိအမှတ်ပြုလျှင် အရာမြောက်သည်။

ဝင်းဦးတွင် ပထမလမ်းကြောင်းသည် အသက် ၅၀ ၏ အောက်ပိုင်းတွင်ဖြစ်ပြီး၊ ဒုတိယလမ်းကြောင်းသည် ၅၀ ၏ အထက်တွင်ဖြစ်သည်။ဝင်းဦးက အိမ်ထောင်ကျလည်း ကောင်းတာပေါ့ဟု ပြောသည်။ချစ်ဦးသူနှင့်ပတ်သက်မည်ဟု ထင်သာရန်မှာ ဟိုက မြေးများပင်ရနေပြီ။

(၃) မှာ ဝင်းဦး နိုင်ငံခြားသွား၊ မသွား ပြောနေကြခြင်းဖြစ်သည်။ဝင်းဦးက စန္ဒာရုပ်ရှင်၊ စန္ဒာမဂ္ဂဇင်း၊ မင်းသား၊ ဒါရိုက်တာ၊ စာရေးဆရာ၊ အယ်ဒီတာအလုပ်များဖြင့် ရှိနေမည်ဖြစ်ကြောင်း စန္ဒာမဂ္ဂဇင်းတွင် အတိအလင်းကြေညာခဲ့ပြီးဖြစ်သည်။သို့သော် “သူ၏ လက်ဖဝါးပြင်တွင် ခရီးသွားလမ်းကြောင်းသည် ဖြောင့်တန်း ပီပြင်လှပြီး ကြာသပတေးဂြိုဟ်ခုံအတွင်းသို့ ဝင်ရောက်သွားကာ လမ်းကြောင်းအဆုံးတွင် ကြယ်ပွင့်ကလေးတစ်ပွင့် ရှိနေပါသည်။ယင်း၏ အဓိပ္ပာယ်မှာ အဆုံးတွင် ခေါင်းချမည်ဟု ကောက်ယူနိုင်ပါသည်။ယင်းကြောင့် သူသည် နိုင်ငံခြားသို့ အပြီးအပိုင်သွားရောက်ပြီး နိုင်ငံခြားတွင် ခေါင်းချမည်ဟု မိမိတွက်ဆမိခဲ့ခြင်း ဖြစ်ပါသည်။”

(ယင်းကြောင့် သူဆေးသွားကုသောအခါ ထိုမှာပင် တိမ်းပါးခြေမည်လားဟု မိမိစိုးရိမ်မိခဲ့သည်။)

သို့သော် အဓိပ္ပါယ်အမှန်မှာ ခရီးရှည်ကြီးအဆုံး တစ်နည်းပြောရလျှင် ခရီးရှည်ကြီးတစ်ခုကို အောင်မြင်စွာ သွားရောက်ခဲ့ရပြီး ပြန်အရောက်တွင်မှ ကွယ်လွန်ခဲ့ပေသည်။ထိုစဉ်ကမူ မိမိသည် တတ်သမျှ မှတ်သမျှဖြင့် ဝင်းဦးကို အောင်မြင်ထင်ရှားဦးမည်။အိမ်ထောင်ကျမည်။နိုင်ငံခြားတွင် သွားရောက်နေထိုင်မည်ဟု သူ့အား ပြောခဲ့မိသည်။

ယခုထက်ပို၍ အောင်မြင်မည်ဟု ဆိုရခြင်းမှာ တိုးလာသော လက္ခဏာလမ်းကြောင်းကို တွေ့ရ၍ဖြစ်သည်။ဝင်းဦးမှာ ကံလမ်းကြောင်းသုံးခုရှိသည်။ယခုတစ်ဖန် အောင်မြင်မှုလမ်းကြောင်းတွင် အရန်လမ်းကြောင်းတစ်ခု ထပ်တိုးလာသည်။အရန်လမ်းကြောင်းသည် နှလုံးလမ်းကြောင်းအထက်မှ စတင်သည်။တစ်နည်းပြောရလျှင် အသက် ၅၀ ၏ အထက်ဖြစ်သည်။မိမိမျက်စိထဲတွင် “ခိုင်မာလာနှင်းဆီ” ကို မြင်နေသည်။သူသည် “ငွေလှိုင်းဇာပေါ်မှာ” ၌ နာမည်ပြန်တက်လာသည်။ခိုင်မာလာတွင် အထွတ်အထိပ်တစ်ခုသို့ ပြန်ရောက်နိုင်သည်။

ထိုစဉ်က ခိုင်မာလာနှင်းဆီကို ဝင်းဦးက ဇာတ်လမ်းပြောပြပြီး ဆရာနတ်နွယ်ကို ဝတ္ထုရေးပေးဖို့ ပြောသည်။ဝင်းဦးက “ဒီဇာတ်က ခင်သန်းနုဇာတ်ပဲ‌ဗျ။ကျနော် သူ့ကိုလည်းပြောပြီးပြီ။သူက သမီးအနေနဲ့ရော အမေအနေနဲ့ပါ သရုပ်ဆောင်ရမှာ။ဇာတ်သိမ်းခန်းဟာ အသက်ပဲ။အဲဒီမှာ သမီး ခင်သန်းနု မကနိုင်ဘဲ ဇာတ်ခုံနောက်ပိုင်းမှာ လဲနေတဲ့အချိန်မှာ အပြင်ကပရိသတ်ကလည်း ဆူနေပြီ။ထွက်ပါတော့ဗျို့လို့ အော်နေကြပြီ။ရှေ့မှာရှိတဲ့ ဆိုင်းအဖွဲ့ကလည်း စိုးရိမ်နေကြပြီ။ဒီမှာ အမေ ခင်သန်းနု ထွက်ရတာပဲ။ဒီမှာ အလွမ်းထဲမှာ ရယ်စရာလေးတွေ ရောထားမယ်ပေါ့ဗျာ။ခင်သန်းနုက (ငါ့ကို ခုဖို့ ဂွမ်းတွေ အဝတ်တွေ ပေးကြပါဦး) လို့ ဟိုပုတ်ဒီပုတ်နဲ့ ပြောတာမျိုးပေါ့ဗျာ။ကျနော်ဖမ်းထားတဲ့ အကွက်တစ်ခုရှိတယ်‌ဗျ။အဲဒါကတော့ ဂီတနဲ့ဆိုင်တယ်။အမေ ခင်သန်းနု ဆိုနေကျ သီချင်းကို သမီးကဆိုတဲ့အခါမှာ အပိုဒ်တစ်ပိုဒ်ကို ခက်တယ်ဆိုပြီး ထည့်မဆိုဘူး။ဒါပေမဲ့ အမေက သမီးအစား ဝင်ကတဲ့နေရာမှာ အဲဒီအပိုဒ်ကို ထည့်ဆိုလိုက်တယ်။အဲဒီတော့မှ အောက်ကဆိုင်းအဖွဲ့က သိသွားတယ်။ဗြုန်းကနဲ ကြောင်သွားကြတယ်။ပြီးတော့မှ ဆက်ပြီး တီးကြကကြတယ်ပေါ့ဗျာ” ဝင်းဦးက ဇာတ်ကို အစအဆုံးပြောပြသော်လည်း ...

“ကိုဦးဇာတ်လမ်းကို ကိုဦးဘာသာရေးပါ၊ ကျနော်မရေးတတ်ပါဘူး” ဆရာနတ်နွယ် ဝတ္ထုအဖြစ် မရေးဖြစ်ပါ။ ‌၁၉၈၆ ဝင်းဦးနှင့် လိုက်ပါသွားသော မော်လမြိုင်သင်္ကြန်တွင် ခိုင်မာလာနှင်းဆီသီချင်းကို ပထမဆုံးကြားရသည်။သည့်နောက်တွင်ကား ......

“ကိုဦး သီချင်းတွေ အတော်ကောင်းတာပဲ ဒီသီချင်းတွေကို အရင်ထုတ်ထားရင် ကောင်းမယ်”

“ထုတ်မယ် ဒါပေမဲ့ သိပ်စောနေရင် မကောင်းဘူး၊ ဆင်ဆာတင်ပြီး ရုံရက်ရတော့မှ ထုတ်မယ်”

ထို့နောက် ဆရာနတ်က ...... “ခိုင်မာလာနှင်းဆီ ဇာတ်သိမ်းခန်း ရိုက်သည်ကို မိမိတို့ကြည့်ရသည်။ထိုနေ့က သူ့ (ဝင်းဦး) ၏ ၅၂ နှစ် မြောက် မွေးနေ့။အခါတိုင်း သူ့မွေးနေ့ပွဲများကို ဘားလမ်းအခန်းမှာပင် ကျင်းပသည်။အနှစ် ၅၀ ပြည့်တုန်းက အမှတ်တရအဖြစ် ကန်တော်ကြီးဟိုတယ်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။သို့သော် ၅၂ နှစ်ပြည့် မွေးနေ့တွင်ကား ရုပ်ရှင်ရိုက်နေရသည်။ဇာတ်ရုံအဖြစ် တည်ဆောက်ထားသည့် စတူဒီယိုမှာ မကြာမီဖျက်သိမ်းတော့မည်ဖြစ်သဖြင့် နောက်လာမည့် အခန်းများကို အပြီးရိုက်နေရခြင်းဖြစ်သည်။မွေးနေ့မှာပင် မနားနိုင်။သို့ဖြင့် မိမိတို့ကို စတူဒီယိုသို့ခေါ်ပြီး ရုပ်ရှင်ရိုက်နေရင်း မွေးနေ့ပွဲကျင်းပခြင်းဖြစ်သည်။”

ဆက်လက်ပြီး ……. “ခင်သန်းနု၏ နောက်ဆုံးကကွက်တစ်ခုကို ရိုက်ကူးရာတွင် မကျေနပ်သဖြင့် အကြိမ်ကြိမ် ပြန်ပြီးရိုက်နေသည်။ …….. ခင်သန်းနု လှပနွဲ့နှောင်းစွာ ပြေးထွက်လာပြီး ကပြသည်။ကင်မရာမင်းက ရိုက်သည်။မိမိတို့အမြင်တွင် ခင်သန်းနု လှနေသည်။သူကနေပုံက တကယ့်ပညာရှင် ဇာတ်မင်းသမီးတစ်ဦး ကနေသည်ပင်ဖြစ်သည်။သို့သော် ဒါရိုက်တာ ကိုဝင်းဦးကမူ ကျေနပ်ဟန်မရှိပါ။သူ့ဇာတ်တွင် ဤကဟန်က အရေးအကြီးဆုံးဖြစ်သည်။ထိုကြောင့် ဇာတ်ရုံအလယ်လောက်တွင် ရပ်ပြီးကြည့်နေရာမှ လက်တစ်ဖက်မြှောက်ခါ .. ဟိုး ..” ဟု အော်လိုက်ပြီး ရပ်တန့်လိုက်သည်။

“ကင်မရာရပ်သွားသည်။တီးလုံးသံများရပ်သွားသည်။မီးတွေပိတ်သွားသည်။ဇာတ်စင်ဆီသို့ သူလျှောက်သွားပြီး ခင်သန်းနုနှင့် အကဆရာမတို့ကို သူလိုချင်သည့် အချက်များကို ပြောနေသည်။ထို့နောက် တစ်ကြိမ် နှစ်ကြိမ် ထပ်ပြီး ဇာတ်တိုက်သည်။ပြီးလျှင် တစ်ကြိမ်ထပ်ပြီးရိုက်သည်။”

“သည်တကြိမ်တွင်လည်း ကိုဝင်းဦး မကြိုက်ပေ ...”

(ဆက်ပါမည် .....။)

လင်းထင်