【 ဆောင်းပါး 】 စာရေးဆရာဝင်းဦး ၊ မင်းသားဝင်းဦး (၁)

【 ဆောင်းပါး 】 စာရေးဆရာဝင်းဦး ၊ မင်းသားဝင်းဦး (၁)

ဝင်းဦးကို မင်းသားအဖြစ်နှင့်သာ သိသူများ၍ စာရေးဆရာအနေဖြင့်မူ သိသူနည်းသည်။စာသမားပေသမားလောက်သာ သိကြသည်။ဆရာနတ်နွယ်ကပင်လျှင် မြည်းစမ်းဖတ်ရှုပြီးမှ ဖတ်၍ရသူဖြစ်ကြောင်း အသိအမှတ်ပြုသည်။

ကျနော့်အနေဖြင့်မူ “စန္ဒာမဂ္ဂဇင်း” ဖတ်တိုင်း ဝင်းဦးဓာတ်ပုံတွေဖြင့် ဝေဝေဆာဆာရှိသော“ဦးဦးပုံပြောမယ်” ကဏ္ဍကို ကျော်ပစ်လိုက်သည်။ “ဆယ်စုနှစ် တစ်ခုစွန်း မန်းသင်္ကြန်” ကိုလည်း တောရမ်းမယ်ဖွဲ့တွေဟုသာ ထင်ခဲ့သည်။စာရေးပုံ “စကားပြေ” ကိုလည်း လေးလံသော အရေးအသားဟုသာ ထင်မှတ်သည်။ဘယ်ဝတ္ထုက စဖတ်ဖြစ်သလဲဟုမေးလျှင် အထူဆုံးဝတ္ထုကစ၍ ဖတ်ဖြစ်သည်ဟု ပြောရပေမည်။ “မိန်းမလှအမုန်း” ဝတ္ထုရှည်ကြီးဖြစ်သည်။ကျနော်ငယ်ငယ် စာဖတ်စဉ်က ဝတ္ထုရှည်တချို့ ခေတ်စားသေးသည်။ “ဆရာဓူဝံ” ၏ ဝတ္ထုရှည်များဖြစ်သည်။ ခေါင်းအုံးတမျှ ထူသည်။ဖတ်ခဲ့ဖူးသော်လည်း ဘယ်ဝတ္ထုမျှ မစွဲပါ။ဝင်းဦး၏ “မိန်းမလှအမုန်း” ဝတ္ထုကိုတော့ စွဲသွားသည်။

ဖတ်ခဲ့ဖူးသော ဝတ္ထုရှည်တွေတော့ရှိသည်။သိန်းဖေမြင့်၏ “အရှေ့က နေဝန်းထွက်သည့်ပမာ” ၊ လွတ်လပ်ရေးကြိုးပမ်းမှုကာလနောက်ခံ ဝတ္ထုရှည်ကြီး။ “လေရူးသုန်သုန်” မာဂရက်မစ်ချယ်ရေး၍ ဆရာမြသန်းတင့် ဘာသာပြန်သော အမေရိကန်ပြည်တွင်းစစ်နောက်ခံ ဝတ္ထုရှည်။ဆရာမောင်သိန်းဆိုင်၏ “ရေနံ့သာခင်ခင်ကြီး” ၊ ဆရာနတ်နွယ်၏ “မြန်မာပြည်မြောက်ပိုင်း” စသဖြင့် ---။ဘယ်ဝတ္ထုက ကောင်းသလဲဆိုတော့ တစ်မျိုးစီ ကောင်းကြပါပေသည်ဟုသာ ပြောရလိမ့်မည်။

ဦးသိန်းဖေမြင့်၏ “အရှေ့က နေဝန်းထွက်သည့်ပမာ” မှာ သမိုင်းဝင်ဇာတ်ကောင်များဖြစ်သော ဒေါက်တာဘမော်၊ သခင်စိုး၊ သခင်သန်းထွန်း၊ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့သောသူ (ပုဂ္ဂိုလ်) များကို မျက်စိအောက်တွင် မြင်ရသကဲ့သို့ ပုံပေါ်အောင်ရေးနိုင်၍ ကြိုက်သည်ဟု ပြောရမည်။အခြားဝတ္ထုများကိုလည်း တစ်မျိုးစီ ကြိုက်သည်။ကြိုက်ပုံခြင်းတော့မတူ။

ဝင်းဦး၏ “မိန်းမလှအမုန်း” ကတော့ ဝတ္ထုရှည်ခေတ်ဦးက ဆရာကြီးရွှေဥဒေါင်း၏ မှီငြမ်းဝတ္ထု “ရူပနန္ဒီ” ဖတ်ရသကဲ့သို့ ယခုခေတ်အခေါ် ဂမ္ဘီရဆန်ဆန် အရသာမျိုးဟု ပြောရပေမည်။ဝတ္ထုရှည်ကြီး ဖတ်ပြီးသောအခါ လူတစ်ကိုယ်လုံးလည်း မောဟိုက်သွားသလိုဖြစ်ရသည်။ဒီဇာတ်က ဒီလိုပဲဆုံးရမှာလား။ဘယ်လိုဇာတ်သိမ်းလျှင် မကောင်းဘူးလား စသဖြင့်၊ စသဖြင့်တွေ ကျန်ခဲ့သည်။ဝင်းဦး ရေးတာမှ ဟုတ်ရဲ့လားဟု သံသယလည်းရှိသည်။ဝတ္ထုက စကားပြေလေးလံသည်ဟု ထင်မှတ်လျက်ကပင် အဆုံးထိအောင်တော့ ဆွဲသွားနိုင်သည်။နောက်ထပ် တစ်အုပ် နှစ်အုပ် ဖတ်ဖူးသေးသော်လည်း မိန်းမလှအမုန်းလောက် ကောင်းသည်ဟု မထင်တော့ပေ။

ဝင်းဦး “စန္ဒာမဂ္ဂဇင်း” ထောင်သည့်အချိန်က မြန်မာနိုင်ငံတွင် “ဆေးရောင်စုံ ကာလာအော့ဆက်” မပေါ်သေး၊ မဂ္ဂဇင်းက ကာလာရောင်စုံဖြင့် ထည်ထည်ဝါဝါ ခန့်ခန့်ငြားငြားကြီး ထွက်လာသည်ကို မျက်စိထဲ မြင်ကြည့်မိသည်။အံ့အားသင့်သူတွေကို ပါးစပ်ဟောင်းလောင်းဖြင့် မြင်ကြရမည်။မြန်မာနိုင်ငံ၏ ထိတ်ထိတ်ကျဲ မင်းသားက ထုတ်လိုက်သော မဂ္ဂဇင်း၊ အစိုးရပိုင်မဂ္ဂဇင်းပင်လျှင် ရောင်စုံဖြင့် မထုတ်နိုင်သေး။စန္ဒာသည် အားကျစရာ မဂ္ဂဇင်းကြီးဖြစ်သည်။မဂ္ဂဇင်းတွင်ရေးကြသူ စာရေးဆရာတွေကရော ဘယ်သူတွေပါလိမ့်။ထိုအချိန်က နှုတ်ခမ်းနီမလေးတို့၏ အသည်းစွဲ စာရေးဆရာတင့်တယ်၊ နာမည်ကြီး လူကြိုက်များ ရေးသမျှကြိုက် ရိုက်သလောက်ကုန်၊ အဲသလို တင်စားလျှင်ပင် လွန်အံ့မထင်ပါ၊ ဤမျှ နာမည်ကြီးသော စာရေးဆရာပါ။

မဂ္ဂဇင်းတစ်ခုခု စာစောင်တစ်ခုခု ထုတ်တော့မည်ဆိုလျှင် ရှေးဦးစွာ အရေးကြီးသည်မှာ စာမူဖြစ်ပါသည်။စက္ကူ၊ မင်၊ ပုံနှိပ်စက်၊ အရင်းအနှီးတို့ အရေးမကြီးဟု မဆိုပါ။ထိုအရာတို့ မည်မျှပြည့်စုံသည်ဟုဆိုစေကာ မူအဆင့်အတန်းရှိသော စာမူ။မိမိစာစောင် ဦးတည်လိုသော လမ်းကြောင်းနှင့် လိုက်ဖက်သော စာမူရရှိဖို့က အရေးကြီးလှ၏။

ဥပမာပြောရလျှင် ဗေဒင်စာစောင်ထုတ်လျှင် မင်းသိင်္ခ၊ မောင်ကျောက်တိုင်၊ လှမိုး (ပညာရေး)၊ မောင်ရွှေစွန်၊ ဖိုးကျော့ စသဖြင့် လိုအပ်ပါသည်။မရအရ စာမူရအောင် ကြိုးစားရပေမည်။စာပေမဂ္ဂဇင်းတစ်စောင်ကို သိက္ခာရှိရှိ ထုတ်ချင်လျှင် မင်းသိင်္ခနှင့်မတူ။သုံးလို့မရပါ။ဆရာဒဂုန်တာရာ၊ ဆရာပါရဂူ၊ နတ်နွယ်၊ လူထုဒေါ်အမာ၊ ဒေါက်တာသန်းထွန်း စသဖြင့် တရိုတသေ စာမူတောင်းရပေမည်။တိုက်က ထိုင်စောင့်နေ၍ စားပွဲပေါ် ရောက်မလာပါ။စာမူအရေးကြီးပုံကို ပြောလိုခြင်းသာဖြစ်ပါသည်။

“စန္ဒာမဂ္ဂဇင်း” သည် စကတည်းက မြိုင်မြိုင်ဆိုင်ဆိုင်ရှိသည်။ဝင်းဦးကိုယ်တိုင် “ရှုမဝမဂ္ဂဇင်း” တွင် “ညိုမင်းလွင်” အမည်ဖြင့် စာရေးဖူးသူဖြစ်၍ အတွေ့အကြုံရှိသည်။ပင်တိုင်စာရေးဆရာ တင့်တယ်၊ ကြပ်ကလေး၊ မြသန်းတင့်နှင့် ဝင်းဦးတို့က ထောင့်စေ့အောင် ပါဝင်ရေးသားခဲ့ကြသည်။သတိရသရွေ့ ထွတ်ခေါင်၊ သက်လုံ၊ အုတ်လှငယ်၊ မင်းနန္ဒာ၊ နန္ဒသူတို့မှာ အမာခံသုံးဦးက ရေးကြသည်။ဝင်းဦးသည် ခင်မောင်ဝင့်အမည်ဖြင့် ကမ္ဘာ့ရုပ်ရှင်လောကအကြောင်း ရေးခဲ့သည်။ကလေးများအတွက် “ဦးဦးပုံပြောမယ်” ၊ အမျိုးသမီးများအတွက် “မရှပ်တေး” ၊ ရာဇဝင်ဝတ္ထုကြိုက်သူများအတွက် “နန္ဒသူ” ၊ သိပ္ပံသမားအတွက် “မင်းနန္ဒာ” ၊ အတွေးအခေါ်သမားအတွက် “သက်လုံ၏ စေ့ထားသော တံခါးများ” ကဏ္ဍတွေက စုံလှသည်။

စာမူအခက်အခဲက ဘာမျှမရှိ၊ ပြင်ပမှ ပေးပို့ရရှိလာသော စာမူကောင်းများနှင့်ဆိုလျှင် စာမူမှာ ပိုလျှံလျက်ပင်ရှိသည်။ဝင်းဦးကိုယ်တိုင်က ပြည်ပစာနယ်ဇင်းများနှင့် အဆက်မပြတ်ဘဲ လေ့လာနေသူလည်းဖြစ်သည်။

စန္ဒာမဂ္ဂဇင်းအချိန်ကာလအတော်ကြာပင် ဂုဏ်သိက္ခာရှိသော မဂ္ဂဇင်းကြီးအဖြစ် တည်ရှိနိုင်ခဲ့သည်။ဝင်းဦးဘဝအတွက် သရုပ်ဆောင်မင်းသားအဖြစ်က ဘဝတခုဖြစ်သလို၊ စာရေးဆရာအဖြစ်ကလည်း ဘဝတခုပဲဖြစ်ပါသည်။

စန္ဒာမဂ္ဂဇင်းမှာ တနင်္လာနေ့တိုင်း ဆုံကြသည်၊ ဆုံဖြစ်ကြသူများမှာ စာရေးဆရာဖြစ်ကြသော မောင်နေဝင်း၊ နတ်နွယ်၊ မင်းကျော်တို့ဖြစ်ကြသည်၊ ဝင်းဦးက နေ့မှာ အခန်းအောင်းသည်၊ စာရေးမည်၊ စာမူတည်းမည်၊ ဇာတ်ညွှန်းရေးမည်။ဝိတ်မမည်၊ ညမှထွက်သည်။သို့အတွက် အပေါင်းအသင်းတော့ နည်းနည်းရှားသည်ဟု ပြောနိုင်သည်။ဝင်းဦး၏ အပေါင်းအသင်းများဆိုသည်က စာရေးဆရာများချည်းဖြစ်သည်။အခြားအပေါင်းအသင်းက စန္ဒယားလှထွတ်လိုသူမျိုး၊ မရှိတော့မဟုတ်။ရှိတော့ရှိသည် ရှားသည်။

မင်းသားဝင်းဦးအတွက် ထူးခြား၍ ကိုယ်တိုင်အလေးထားသော နေ့ရက်အချို့ရှိသည်ဟု ဆရာနတ်နွယ်က သူ၏ “မိမိနှင့်စာရေးဆရာများ” မှာ ဖော်ထုတ်သည်။ “စန္ဒာမွေးနေ့- ဧပြီ-၅”။“နာတာလူးပွဲ-ဒီဇင်ဘာ-၂၄” နှင့် “နှစ်သစ်ကူးပွဲ-ဒီဇင်ဘာ-၃၁”။ အရေးအကြီးဆုံးကား “မတ်လ-၁၃”။

“ကိုနတ်တို့ မတ်လထဲမှာ ဘယ်သွားဖို့ရှိကြသလဲ” ကျဉ်းမြောင်းပြည့်ကျပ်နေသော စန္ဒာအထပ်ခိုးကလေးဆီသို့ ဆရာနတ်ရောက်သွားစဉ် ဝင်းဦးက ပူပူပင်ပင် မေးလိုက်သည်။

“မဟုတ်ဘူးလေ‌ဗျာ မတ်-၁၃ ရက်က ကျနော့် နှစ် ၅၀ ပြည့် မွေးနေ့လေ”

“ဟုတ်သားပဲ” ဝင်းဦးက  ၁၉၃၅ ဖွားသူ၊ ၁၉၈၅-မတ်လ-၁၃ တွင် ၅၀ ပြည့်သည်။

“ဒီပွဲကိုတော့ မပျက်စေချင်ဘူး အန်တီတွေ အားလုံးပါရမယ်”

“စာရေးဆရာများ၏ ဇနီးများကို ဝင်းဦးက အန်တီတပ်ပြီး ခေါ်သည်။အန်တီအေး၊ အန်တီဝင်း စသဖြင့်။ ပွဲကိုတော့ “ကန်တော်ကြီး” မှာ စီစဉ်ထားသည်ဟု သိရသည်။စန္ဒာမန်နေဂျာ ပြန်ရောက်လာသည်။ဖိတ်စာ ၅၀ လူ ၁၀၀ ကနေ လူ ၂၀၀ လောက် ဖြစ်သွားသည်။ဝင်းဦးနယ်ပယ်က ကျယ်သည်၊ စန္ဒာရုပ်ရှင်၊ စန္ဒာမဂ္ဂဇင်း၊ စန္ဒာပုံနှိပ်တိုက် စသဖြင့် ---။

ဆရာနတ်နွယ်က “လွန်ခဲ့သည့် ၂ နှစ်က သူနှင့် မင်းကျော်တို့ ၅၀ ပြည့်ခဲ့သည်” ဟု ပြောသည်။ဝင်းဦးထက် ၂ နှစ်သာကြီးသည့်သဘော။အခုသာ (၂၀၂၃) ရှိလျှင် ဝင်းဦး ၈၈ နှစ်ရှိမည်။

ခက်သည်က စာရေးဆရာများသည် တော်ရုံလူနှင့် အပေါင်းအသင်းမဖြစ်ကြ၊ အချို့သူတို့နှင့် စီးပွားကိစ္စ လူမှုကိစ္စများ ဆက်ဆံရသော်လည်း စာမေးပွဲဖြေရသလို လိုရင်းတိုရှင်းပဲပြောဖြစ် ဆက်ဆံဖြစ်သည်။အဲသလောက်ကိုပင် စိတ်အနှောင့်အယှက် ဖြစ်ရသေးသည်။

လင်းထင်