【 ဆောင်းပါး 】 စီးပွားကျပ်တည်းနေချိန် လုပ်ငန်းသစ် ဘယ်လိုလုပ်မလဲ ?

【 ဆောင်းပါး 】 စီးပွားကျပ်တည်းနေချိန် လုပ်ငန်းသစ် ဘယ်လိုလုပ်မလဲ ?

တစ်ခါတရံ စီးပွားရေးလုပ်ငန်းသစ် စတင်ဖို့ မိမိက စိတ်အားထက်သန်နေချိန်မှာ နိုင်ငံရဲ့ စီးပွားရေးအခြေအနေက ကျပ်တည်း ကျဆင်းနေတဲ့ အခြေအနေနဲ့ ကြုံနေတတ်တယ်။ဒီလိုအခြေအနေမျိုးမှာ မိမိလုပ်ငန်းသစ် ဘယ်လိုစမလဲ၊ ဒါမှမဟုတ် မိမိလက်ရှိလုပ်ငန်းကို ဘယ်လိုတိုးချဲ့မလဲ၊ ဒီလိုအခြေအနေက တစ်ချက်မှားတာနဲ့ တစ်သက်ပြန်ဆယ်လို့မရနိုင်တဲ့ ဆုံးရှုံးမှုကြီး ကြုံနိုင်တဲ့ စွန့်စားမှုကြီးဖြစ်ပေမယ့်၊ အလွန်အောင်မြင်တဲ့ သူဌေးကြီးတော်တော်များများဟာ ဒီလိုအခြေအနေမျိုးကို ကောင်းကောင်းအသုံးချပြီး အမြတ်ထုတ်နိုင်စွမ်းရှိကြသူတွေဖြစ်လို့၊ အားကျအတုယူ စွန့်စားသင့်ဖို့ ထိုက်တန်လှပါတယ်။

ဒီတော့ အခြေအနေကို ဘယ်လိုသုံးသပ် အခွင့်ကောင်းယူပြီး အောင်မြင်တဲ့ စီးပွားသစ် ဒါမှမဟုတ် လက်ရှိစီးပွား ပိုမိုတိုးတက်အောင်မြင်အောင် ဘယ်လိုလုပ်ယူမလဲ၊ စဉ်းစားကြည့်ရအောင်။

ပြောခဲ့သလို အရေးအလွန်ကြီးတဲ့ စွန့်စားခန်းဖြစ်တဲ့အတွက် သေသေချာချာ စီမံကိန်းချ (Plan) ပြီး လုပ်သင့်တဲ့ ပရောဂျက်တစ်ခုအဖြစ် ရှုမြင်ဖို့ လိုပါတယ်။ဆိုတော့ Plan မဆွဲမီ လုပ်ရမှာက -

(၁) ဈေးကွက် လေ့လာသုံးသပ်ခြင်း -

ဈေးကွက်အနေအထားကို ထဲထဲဝင်ဝင် လေ့လာရမယ်။နိုင်ငံရဲ့ GDP ဘယ်လောက်ဖြစ်သွားပြီလဲ၊ ဝယ်သူတွေရဲ့ သုံးစွဲမှုပုံစံ ဘယ်လိုပြောင်းသွားလဲ (ဘယ်နေရာမှာ လျှော့သုံးပြီး၊ ဘယ်နေရာမှာပဲ သုံးစွဲ တော့သလဲ)၊ လုပ်ငန်းတစ်မျိုးခြင်းအပေါ် ရိုက်ခတ်မှု ဘယ်လိုရှိသလဲ (ဥပမာ - တချို့ကာလတွေမှာ စားသောက်မှုနဲ့ ဖျော်ဖြေမှုတွဲတဲ့ လုပ်ငန်းတွေ ရပ်တန့်သွားတတ်ပြီး၊ ဆိုင်မှာစားသုံးတဲ့ အလေ့အထထက် အိမ်ကို မှာစားတဲ့ အလေ့အထဆီ ပြောင်းသွားတတ်တယ် ဆိုတာမျိုးပေါ့)

(၂) ဝယ်ယူစားသုံးသူတွေရဲ့ ဝယ်ယူစားသုံးမှု အမူအကျင့်ကို လေ့လာသုံးသပ်ခြင်း -

ဈေးကွက်တွင်း စီးပွားရေးကျဆင်းတာကြောင့် ဝယ်ယူစားသုံးသူတွေရဲ့ သုံးစွဲမှုအင်အား လျော့ကျသွားတတ်သလို၊ ဦးစားပေးရွေးချယ် ဝယ်ယူမယ့်ပစ္စည်း၊ စတာတွေ ဘယ်ကိုရွှေ့ပြောင်းသွားသလဲဆိုတာကို လေ့လာရမှာပါ။ဒီလိုအရွေ့မှာ ဝယ်ယူစားသုံးသူရဲ့ လိုအပ်ချက်၊ လိုလားချက်တွေ ပြောင်းလဲသွားတတ်တဲ့အတွက် တချို့ကုန်ပစ္စည်း/ဝန်ဆောင်မှုတွေက ဝယ်ယူစားသုံးသူတွေရဲ့ လတ်တလောလိုအပ်ချက်၊ လိုလားချက်ကို မဖြည့်ဆည်းပေးနိုင်တော့ပါဘူး။လုပ်ငန်းသစ်စတင်မယ့်သူက ဒီအဟကို ကွက်လပ်ဝင်ဖြည့်ပေးနိုင်ရင် ချက်ခြင်းအလုပ်ဖြစ်သွားမှာပါ။

(၃) ဈေးကွက်တွင်းမှာ မိမိရဲ့ ပြိုင်ဖက်ဖြစ်လာမယ့်သူတွေရဲ့ အနေအထား၊ လှုပ်ရှားမှုတွေကို လေ့လာသုံးသပ်ခြင်း -

ဈေးကွက်တွင်း အထွေထွေစီးပွားရေး ကျဆင်း ကျပ်တည်းနေတတ်ပေမယ့် အချို့ကုမ္ပဏီတွေအပေါ် ရိုက်ခတ်မှုမရှိဘဲ အခြေမပျက် ဆက်လက်ရောင်းကောင်းနေဆဲ ရှိတတ်ပါတယ်။ (ဥပမာ - စီးပွားကျပ်တည်းချိန်မှာ သင်္ကန်းပရိက္ခရာတွေ ပိုရောင်းကောင်းလာတာမျိုးပေါ့)။ တစ်ဖက်ကလည်း ရောင်းကောင်းဆဲ ကုန်ပစ္စည်းအမျိုးအစားဖြစ်ပေမယ့် သူတို့ရဲ့ကမ်းလှမ်းချက်က ဝယ်ယူသုံးစွဲသူတွေရဲ့ မျှော်လင့်ချက်နဲ့ ကွာဟနေတတ်ပါတယ်။ဒီတော့ လုပ်ငန်းသစ် စတင်မယ့်သူ (သို့မဟုတ်) ထိုလုပ်ငန်းမှာ လက်ရှိလုပ်နေသူတွေအနေနဲ့ ဒီအဟအပေါ် အခွင့်ကောင်းယူပြီး ဝယ်ယူစားသုံးသူရဲ့ လိုအင်အတိုင်း ဖြည့်ဆည်းပေးနိုင်မယ့် ကမ်းလှမ်းချက်တွေနဲ့ ထိုးဖောက် နေရာယူနိုင်ပါတယ်။

အဆိုပါ သုံးသပ်လေ့လာချက် သုံးချက်ကို စတင်လုပ်ဆောင်ခြင်းနဲ့အတူ ဘာလုပ်ငန်းလုပ်မယ် (ဖြန့်ချိရောင်းချခြင်း Sales & Distribution လုပ်မှာလား၊ ထုတ်လုပ်ရေးနဲ့ ဈေးကွက်ထိုးဖောက်ရောင်းချခြင်း Manufacturing & Marketing လုပ်မှာလား၊ ဝန်ဆောင်မှုသက်သက်ပေးမှာလား (Service Industry) ဆိုတာကို စဉ်းစားဆုံးဖြတ်ရမှာဖြစ်ပါတယ်။

(၁) မဖြစ်မနေ လိုအပ်ချက်ကို ရောင်းချပါ -

အပေါ်က လေ့လာသုံးသပ်ချက်တွေနဲ့အတူ ဝယ်ယူစားသုံးသူအတွက် မဖြစ်မနေလိုအပ်မယ့် ကုန်ပစ္စည်း/ဝန်ဆောင်မှုကို ဖော်ထုတ်သတ်မှတ်ပြီး၊ အဖိုးနည်းဝန်ပါဆိုသလို သုံးစွဲတဲ့ ပိုက်ဆံနဲ့ ရရှိတဲ့တန်ဖိုး လိုက်ဖက်ကောင်းမွန်တဲ့ ဈေးနှုန်းချိုသာတဲ့ ဒါမှမဟုတ် မက်လောက်တဲ့ ပရိုမိုးရှင်းပေးတဲ့ ကုန်ပစ္စည်း/ဝန်ဆောင်မှုကို ရောင်းချနိုင်မယ်ဆိုရင် အချိန်တိုအတွင်း အောင်မြင်တဲ့ လုပ်ငန်းသစ် (သို့မဟုတ်) လုပ်ငန်းချဲ့ထွင်မှုဖြစ်မှာပါ။ဈေးကွက်ထဲ စီးပွားရေးကျဆင်း ကျပ်တည်းတဲ့ ကာလတွေမှာ ကျန်းမာရေးကို အထောက်အကူပေးတဲ့ အသုံးအဆောင်၊ ပစ္စည်း၊ ဆေးဝါးတွေ၊ စားသောက်ကုန်တွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေက ဦးမော့လာတတ်တဲ့အတွက် ဒီလိုလုပ်ငန်းမျိုး လုပ်ဖို့ စဉ်းစားသင့်ပါတယ်။

(၂) ဝယ်ရိုးဝယ်စဉ်ထက် ပိုသာတဲ့ ထွင်လုံးလေးတွေ ထည့်ပေးပါ -

သမားရိုးကျအချိန်မှာ ဝယ်ယူသုံးစွဲမှု ပုံစံထက် ပိုမိုဈေးသက်သာတဲ့၊ လွယ်ကူစေတဲ့၊ ပိုမိုထိရောက်တဲ့ တီထွင်ဖန်တီးမှုမွမ်းမံမှုပါတဲ့ လုပ်ဆောင်မှုလေးတွေနဲ့ ပံ့ပိုးနိုင်အောင် ကြိုးစားပါ။ဥပမာ - စားသောက်ဆိုင်လုပ်ငန်းမှာ ပုံစားတို့၊ Fast food အမြန်စာတို့၊ အရင် တစ်ခုလုံးဝယ်မှရမယ့် အစားအသောက်ကို ခွဲဝယ်လို့ရတဲ့ စနစ်မျိုးတို့၊ ကူပွန်စနစ်နဲ့ သုံးခါဝယ် တစ်ခါ ၁၀ ရာခိုင်နှုန်းလျှော့ဈေးတို့ စတဲ့ စနစ်လေးတွေနဲ့ ရောင်းချတာမျိုးပေါ့။

(၃) အလွယ်တကူ အလျင်အမြန် ပြင်နိုင် ပြောင်းနိုင်တဲ့ လုပ်ငန်းနဲ့ စတင်ပါ -

ဈေးကွက်ပြောင်းလဲမှုနဲ့ လိုက်ပြီး အလွယ်တကူပြုပြင် ပြောင်းလဲနိုင်တဲ့ လုပ်ငန်းပုံစံ/စနစ်မျိုး တည်ဆောက်ပြီး စတင်ပါ။အထူးအားဖြင့် မိမိရဲ့ ငွေအရင်းအနှီးကို လမ်းကြောင်းအမျိုးမျိုးကနေ ရစေမယ့် စနစ်မျိုး/စဦး ရင်းနှီးမြှုပ်နှံမှု Overhead Cost နည်းစေတဲ့ နည်းကို အသုံးပြုပါ၊ ဥပမာ - စာရင်းကြိုတင်သွင်း/ငွေကြိုတင်သွင်းရတဲ့ (Subscription System) စနစ်မျိုး၊ အွန်လိုင်းကနေ ဝယ်ယူတဲ့စနစ် (Online Market/ service) တို့ကို စဉ်းစားပြီး အသုံးပြုသင့်ပါတယ်။

အစက ပြောခဲ့သလိုပဲ၊ စီးပွားရေးကျပ်တည်းနေချိန်ကာလမှာ လုပ်ငန်းသစ်လုပ်ရမှာ ဒါမှမဟုတ် လုပ်ငန်းတိုးချဲ့ရမှာက ကြိုးတန်းလမ်းလျှောက် တစ်ချက်မှားတာနဲ့ တစ်သက်ကားကနဲ စိုက်ဆင်းသွားနိုင်တဲ့ အရေးကိစ္စမို့ plan တွေကို သေချာကျနစွာလုပ်ပြီး လျှပ်တစ်ပြက် မမျှော်လင့်ဘဲ ကြုံလာနိုင်တဲ့ အခက်အခဲတွေကို ကြိုတင်ရှောင်ရှားနိုင်ပါမှ ဒါမှမဟုတ်လည်း ကြုံလာတာနဲ့ အကျအရှုံးနည်းနည်းနဲ့ ချက်ခြင်းပြန်ထနိုင် ပြန်ရပ်တည်နိုင်အောင် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားရမှာဖြစ်ပါတယ်။

မမျှော်လင့်ဘဲ ကုန်ကြမ်းဈေးနှုန်းတွေ ခုန်တက်သွားတာမျိုး၊ မမျှော်လင့်တဲ့ ကုန်ကျစရိတ်တွေပေါ်လာတာမျိုးတွေကြောင့် မိမိလုပ်ငန်း အခြေပျက် နှေးကွေးသွားတာမျိုး မဖြစ်အောင်လည်း ကြိုတင်ပြင်ဆင်ထားရမှာဖြစ်ပါတယ်။

အဓိကအကျဆုံးကတော့ ရုတ်တရက် ရှုံးသွားနိုင်တဲ့အတွက် မိမိငွေအရင်းအနှီးကို ဘယ်လိုပြန်ရအောင်လုပ်မလဲ၊ စတင်ချိန်မှာ Overhead Cost မများအောင် ဘယ်လိုလုပ်ထားမလဲဆိုတာ ကြိုတင်စဉ်းစား ပြင်ဆင်ထားဖို့ လိုပါတယ် (မရွှေ့ပြောင်းနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှု - ရုံးခန်း၊ ကား၊ ပရိဘောဂ စတာတွေကို အပိုင်မဝယ်သေးဘဲ ငှားတန်တာငှား၊ လိုတာပဲဝယ်တဲ့နည်းနဲ့ စတင်ဖို့ လုပ်ရပါမယ်)။

မိမိမြတ်နေချိန်မှာ အမြတ်ရဲ့ ၁၀ ရာခိုင်နှုန်းကို ရင်းနှီးမြှုပ်နှံမှုထဲ ပြန်ထည့်သင့်သလို၊ စီးပွားလုပ်ငန်းတွေရဲ့ သဘာဝအတိုင်း အမြတ်မပေါ်ခင် အချိန်ကာလတစ်ခုအထိ ရင်းနှီးမြှုပ်နှံထားရမှာဖြစ်လို့ ဒီအတွက်လည်း ကြိုတင်စီစဉ် ပြင်ဆင်ထားရပါမယ်။အသေးစားချေးငွေလုပ်ငန်းတွေနဲ့ ဆက်သွယ်ထားသင့်သလို၊ မိမိကို အကြံနဲ့ နည်းလမ်းတွင်မက ငွေရင်း အနည်းငယ်ပါ ပံ့ပိုးပေးနိုင်မယ့် (ငွေများများရှိပေမယ့် ကိုယ်တိုင်လုပ်ငန်းလုပ်ဖို့ထက် အရင်းအနှီးပဲ ထည့်ဝင်ပြီး Sleeping partner ပဲ လုပ်ချင်တဲ့) မိတ်ဆွေတွေနဲ့ ဝန်းရံထားပြီး တိုင်ပင်ဆွေးနွေးထားသင့်ပါတယ်။

လုပ်ငန်းစတင်ရာမှာလည်း ချက်ခြင်းကြီး လုပ်ငန်းကို ချဲ့ထွင်လုပ်ကိုင်လိုက်တာမျိုးမလုပ်ဘဲ၊ မြေစမ်းခရမ်းပျိုး နည်းနည်းခြင်း စမ်းလုပ်ကြည့်ပြီးမှ၊ ဝယ်ယူစားသုံးသူတွေရဲ့ ဝေဖန်အကြံပေးချက်တွေ ရယူမွမ်းမံပြီးမှ တစ်စိတ်တစ်ပိုင်းခြင်း တိုးချဲ့မြှုပ်နှံ လုပ်ကိုင်သွားသင့်ပါတယ်။

ဈေးကွက်တွင်း စီးပွားရေးကျပ်တည်း ကျဆင်းနေချိန်မှာ လုပ်ငန်းသစ်စတာ၊ လုပ်ငန်းချဲ့ထွင်ရာမှာ အဲဒီအခက်အခဲတွေနဲ့ ကြုံနိုင်လို့ ကြိုတင်ပြင်ဆင် စီမံထားသင့်သလို။အခြားမမျှော်လင့်တဲ့ အခက်အခဲတွေ ကြုံလာနိုင်ပါသေးတယ်။အဲ့ဒါက ဝယ်ယူစားသုံးသူတွေရဲ့ ဝယ်ယူစားသုံးနိုင်အား Spending Power ကျသွားတာ (ပိုက်ဆံမသုံးနိုင်တော့တာ၊ အစွမ်းကုန်ချွေတာရတာ)၊ ကုန်ကြမ်းဝယ်လို့ မရနိုင်တော့တာ (Supply Chain Interruption)၊ ပေါ်လစီပြောင်းသွားတာ စတဲ့ ကြိုတင်ခန့်မှန်းရခက်တဲ့ အခက်အခဲကြုံလာရင် Plan B ဘာလုပ်မလဲဆိုတာလဲ ကြိုတင်စဉ်းစား ပြင်ဆင်ထားရမှာဖြစ်ပါတယ်။

ဒီလို စီးပွားရေးကျပ်တည်း ခက်ခဲစဉ်မှာ အခက်အခဲကို အခွင့်အလမ်းအဖြစ် ပြောင်းလဲပြီး အောင်မြင်တဲ့ စီးပွားလုပ်ငန်းများအဖြစ် ရပ်တည်နိုင်ခဲ့တဲ့ ကျွန်တော်သိတဲ့ မြန်မာပြည်က ကုမ္ပဏီတွေအချို့ကို နမူနာပြရမယ်ဆိုရင် - Food Panda, Grab Food, Shop.com, Channel MSub Movies, AWS Movie Store တို့ကို ပြရမှာဖြစ်ပါတယ်။

ဒါ့အပြင် Microsoft company ကြီးဟာဆိုရင်လည်း ၁၉၇၃-၁၉၇၈ စီးပွားရေးကပ်ဆိုက်ချိန်မှာ စတင်ခဲ့ပြီး Netflix ဟာ ၂၀၀၈-၂၀၀၉ စီးပွားရေးအကျပ်အတည်းကြုံချိန်မှာ အကျပ်အတည်းအခက်အခဲကို အခွင့်အလမ်းအဖြစ် ပြောင်းလဲခဲ့ပြီး ယနေ့ထက်တိုင် ထိပ်တန်း စီးပွားရေးလုပ်ငန်းတွေအဖြစ် ရှင်သန်နေခဲ့ပါတယ်။

စီးပွားရေးအကျပ်အတည်း အခက်အခဲကို အခွင့်အလမ်းအဖြစ် အသုံးချလိုက်ပြီး လုပ်ငန်းသစ်များစတင်ခြင်း၊ လုပ်ငန်းတိုးချဲ့တဲ့နေရာမှာ အောင်မြင်တဲ့ လုပ်ငန်းရှင်များ ဖြစ်ကြပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။

မေတ္တာဖြင့် ...

သက်ထွန်း (သျှမ်း)