【 ဆောင်းပါး 】 ဆရာတာရာ၊ ဆရာနတ်နွယ်နှင့် ရာပြည့်နှစ်၊ ဆယ်ပြည့်နှစ်များ (၅)

【 ဆောင်းပါး 】 ဆရာတာရာ၊ ဆရာနတ်နွယ်နှင့် ရာပြည့်နှစ်၊ ဆယ်ပြည့်နှစ်များ (၅)

ဆရာမင်းကျော်က ခင်ဗျားအရေးအသားထိန်းပါဟု ဆရာနတ်နွယ်ကို ပြောသည်။စေတနာစကားမှန်း သိသည်။ဆရာတာရာ့ဆီက စာမူလည်း တောင်းလိုသည်။သို့သော် မတွေ့ဆုံဖြစ်။ထိုအချိန်က ဆရာဗန်းမော်တင်အောင်နှင့် ဆရာမြသန်းတင့် အပြင်မှာမရှိ။ထောင် (ကျွန်း) ကျနေဆဲရှိသည်။အပြင်ရောက်လာတော့ သူစာမူတောင်းသည် နှစ်ယောက်လုံး မိုးဝေမှာ မရေးကြ၊ သူ မိုးဝေကို လက်လွှတ်ရသောအခါ သုံးယောက်လုံး မိုးဝေမှာ ပြန်ရေးကြသည်။အဖြစ်က ဆရာနတ်နွယ်ရှိလျှင် မရေးဟု အဓိပ္ပါယ်သက်ရောက်နေသည်။

ဒဂုန်တာရာနှင့်ပတ်သက်ပြီး “မောင်မင်းကြီးသားတို့ ပို့သသော မေတ္တာ” ဟု ရေးဖူးသည်။ခေတ်ကြီးက ရှုပ်ရှုပ်ထွေးထွေး၊ ပြန်ခြင်းကလေးခတ်လိုက်သော စာပေဆောင်းပါးတစ်ပုဒ်မျှသာ။ဆရာမောင်စွမ်းရည် ဆရာနတ်နွယ်ကို တံတောင်နှင့်ထောင်းသော “ယနေ့ မြန်မာစာပေများ” စာအုပ်ကို ကမကထပြုသူနှစ်ဦးက ဒဂုန်တာရာနှင့် လင်းယုန်မောင်မောင်တို့ဖြစ်သည့်အတွက် ဆရာနတ်က “ဂုန်ယုန်” ဂိုဏ်းဟု ရေးလိုက်သည်။အဲဒီစကားကလည်း လူသိများသွားသည်။ဆရာနတ်နွယ်ရေး၍ မှတ်တမ်းမှတ်ရာကြီးဖြစ်သွားသော နောက်တစ်အုပ်ရှိသေးသည်။ “မနေ့တစ်နေ့က ရွာတဲ့မိုး” အဲဒီစာအုပ်က ဆိုးသည်၊ “စိန်ပန်းပွင့်များ၊ မိုးသောက်ကြယ်၊ နေမင်းနီ” ၊ “မီးပုံကြီးနှင့် အနီးအဝေး” ၊ “ကာရန်မဲ့ကဗျာ” ၊ “အောင်သင်းသို့ပေးစာ” ၊ “ဝေဖန်ရေးနှင့် လက်တွေ့” ၊ “တော်လှန်ကဗျာ” စသည်တို့ ပါသည်။ “မီးပုံကြီးနှင့် အနီးအဝေး”မှာ ဒဂုန်တာရာက မီးပုံကြီးသဖွယ်၊ မီးလှုံသူတို့မှာ အနီးအဝေးပေါ် မူတည်သွားကြသည်။ဘယ်သကောင့်သားက နှောင့်ချင်သည် မသိ။အဲသည်စာအုပ်ကလည်း ဆရာနတ်နွယ် ကွယ်လွန်ခါနီးမှာ ကပ်၍ ထွက်လာလိုက်သေးသည်။ထားတော့။

ဆရာနတ်နွယ်ကတော့ ဒဂုန်တာရာနှင့် ပြေလည်ချင်သည်။ဆရာမင်းကျော်တို့ ကျော်အောင်တို့ ပြောသည်ကိုလည်း သဘောပေါက်သည်။သို့သော် ဖြစ်ချင်တော့ တေ့လွဲတေ့လွဲတွေ ဖြစ်ရသည်။ဆရာနတ် ကိုင်တွယ်ရသော မိုးဝေ နောက်ဆုံးပိုင်းကာလများမှာ (ဆရာသန်းအုန်း၊ ဆရာညိုသစ်၊ ဆရာအောင်မော်တို့ ကြားကာလများရှိသည်) ရေးလက်စရှိသော ဆရာများကို ဆက်ရေးကြဖို့ စာမူတောင်းသည်။ဆရာပါရဂူသာ မရေးဟူ၍ ငြင်းသည်။

မိုးဝေကို ပြန်ကိုင်သော “၁၉၈၁-” ကာလ။ဆရာနတ်နွယ်က “ဒဂုန်တာရာကို ချဉ်းကပ်ရန် မိမိစိတ်ကူးရှိသည်။မိတ်ဆွေများကလည်း တိုက်တွန်းကြသည်။သူ့အိမ်ကို အေးအေးဆေးဆေး တစ်နေ့သွားမည်ဟု ဆုံးဖြတ်ထားသည်။သို့သော် ယခုအထိ မရောက်ဖြစ်သေး။သည်ကြားထဲမှာ လမ်းမှာ တစ်ခါနှစ်ခါ ဆုံဖြစ်သည်။ပြုံးရုံမျှသာ။မည်သို့ရှိစေ မင်းကျော်၊ မောင်နေဝင်းနှင့် မိတ်ဆွေများ၏ စေတနာနှင့် အကြံပေးမှုကို မိမိလက်ခံခဲ့ပါသည်။မိုးဝေ လ (၂၀၀) ပြည့် အထူးထုတ်ကို စီစဉ်သောအခါတွင်ကား သူ့ထံသို့ သွားဖြစ်အောင် သွားမည်ဟု သံန္နိဌာန်ချသည်”။

တစ်နေ့တွင် ကားတစ်စီးငှားပြီး ဆရာဇော်ဂျီ၊ ဆရာတက်တိုး၊ ဒေါ်နုယဉ်နှင့် သူ့အိမ်သို့သွားရန် စီစဉ်သည်။မိတ်ဆွေအချို့လည်း လိုက်ပါကြမည်ဖြစ်သည်၊ သို့သော် သူ့ထံသို့ ကြိုပြီး ဖုန်းဆက်သောအခါ “သူမရှိပါ။ မှော်ဘီသွားနေသည်”။

ဆရာတာရာကား တောင်ဥက္ကလာနှင့် မှော်ဘီ အကူးအပြောင်း အခြေချရန် စပ်ကူးမတ်ကူးဖြစ်ပုံရသည်၊အိမ်ထောင်မရှိသူ လူပျိုဆိုတော့ တူမနှင့် အတူနေသည်။အသက်ရလာလျှင် ပို၍အခက်အခဲရှိလာလိမ့်မည်။စာပေနယ်ထဲမှာ ဆရာတာရာနှင့် ပါရဂူမှာ လူပျိုကြီးများအဖြစ် သိကြသည်။ဆရာတာရာက စာပေလုပ်ငန်း သတင်းစာဂျာနယ် အထုအထည်ရှိသော ဂျာနယ်ကျော်မမလေး စာအုပ်တိုက်တွင် နေဖူးသည်။အယ်ဒီတာအဖြစ် ဝိုင်းကူခြင်း ဖြစ်လိမ့်မည်။ထို့နောက် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျ ကွန်မြူနစ်ပါတီနှင့်အတူ တောခိုသောအခါ ဗိုလ်ဇေယျအိမ်တွင် နေခဲ့သည်။ဗိုလ်ဇေယျ သမီး ခင်မာလာက ကောလိပ်ဂျင်နေဝင်းနှင့် အိမ်ထောင်ကျ၍ ရွှေတောင်ကြားမှာ နေသည်။ဟေမာနေဝင်း၊ ရာဇာနေဝင်းတို့မှာ သူ့မျက်စိအောက်တွင် ကြီးခဲ့သူများဖြစ်သည်။ဆရာပါရဂူက ငါးထပ်ကြီးဘုရားအနီးတွင် ကိုယ်ပိုင်အိမ်နှင့် နေသည်။မတူကြပုံများဖြစ်သည်။

ဆရာပါရဂူက “ကိုဌေးမြိုင်က ကိုယ်ပိုင်အိမ်နဲ့ မနေဘူးဗျ” ဟု ပြောတတ်သည်။ဆရာပါရဂူက သွေးပျစ်ခဲသော ရောဂါရှိသည်။လူကလည်း “ဝ” သည်။ကျန်းမာရေးအလို့ငှာ ဆေးဖြစ်ဝါးဖြစ် ယမကာမှီဝဲရသည်။ဆရာ့စာဖတ်သူများလည်းမသိ၊ အတော်များများမသိပါ။ဆရာတာရာက ဆရာပါကို “ဘဒ္ဒန္တ ယမကာ” ဟု ပြောတတ်သည်။တိုက်ခိုက်သည် မဟုတ်။နောက်ပြောကြခြင်းဖြစ်သည်။ကျနော်တို့လည်း ရယ်ပွဲဖွဲ့သည်ဟုသာ သဘောထားသည်။ ရင်းနှီးသူများက ဆရာပါရဂူကို စစ်ကိုင်းသမီးနှင့် စကြသည်။အဲသလို စနောက်ကြသည်ကို နှစ်ယောက်လုံး သိကြသည်။ဆရာတာရာကိုတော့ တူးရဆွရ ဝါသနာပါသူများက စာမျက်နှာပေါ်မှာ ရေးကြသည်။ “လှေကလေးကို လှော်မည် ဘေးမသန်းဘဲ အေးချမ်းတော့သည်” ဆိုလျှင် သိကြလိမ့်မည်။ “ဘိလပ်ပြန်သန်း(ဝါ)ဒိုရာသန်းဧ ဖြစ်သည်။သီချင်းလေးက အလွန်ကြည်နူးစရာကောင်းသည်။မွေ့လျော်စရာကောင်းသည်။အိပ်မက်ထဲ ရောက်သွားရသလိုရှိသည်။

အဲဒီတုန်းက ရဲဘော်သုံးကျိပ်ထဲက လူပျိုတွေအပါအဝင် ဆရာတာရာတို့အရွယ်တွေ အလွန်ကြွေချင်စရာကောင်းသည်။ရှားရှားပါးပါး မိန်းကလေးထဲက ပညာတတ်၊ မိန်းကလေးတစ်ယောက်အနေဖြင့် အဆိုရှင်ဖြစ်ဖို့ကလည်း မလွယ်။ပရိတ်သတ်အားလုံးက လက်ခံထားသည့် အသံရှင်။အသံကို ခန့်မှန်းရသည်ပင် အသွင်အလျှာက မိန့်မူးချင်စရာဖြစ်သည်။တပည့်တွေက ဒဂုန်တာရာကို မေးဖူးကြသည်။ဆရာတာရာက ပြုံးရုံပဲပြုံးသည်။သည်အတိုင်းကလေးပင် ထားလိုက်စေချင်ပုံရသည်။ဆရာတာရာက ဆရာနတ်နွယ်ကို သိပ်စိတ်ဆိုးပုံတော့မရပါ။အသေအချာ စာမူတောင်းလျှင် ပြန်ရေးမည့်သဘောရှိမည်ဟု ထင်ပါသည်။ဆရာနတ်ကလည်း မိတ်ဆွေများ တိုက်တွန်းသလို လက်ခံပါသည်။သို့သော် တွေ့ဆုံကြရန် တေ့လွဲတွေ ဖြစ်သွားကြသည်။ ၁၉၈၀ ကျော်ကာလကနေ မဆုံဖြစ်လိုက်ကြသည်မှာ ဆရာတာရာ တောင်ဥက္ကလာမှ မှော်ဘီသို့ပြောင်း၊ မှော်ဘီမှ အောင်ပန်းသို့ပြောင်း၊ ဆရာ့တူမ သူနာပြုဆရာမကြီး (ဒေါ်) မြင့်စိန် (သင်းမြစန္ဒီ) ပြောင်းရွှေ့ရာ လိုက်ပါနေရသည်မှာလည်း တွေ့ဆုံဖို့ရန် အခက်အခဲဖြစ်သွားသည်။ဆရာနတ်နွယ် နွယ်နီမဂ္ဂဇင်း ထုတ်ဝေနေသောကာလကျတော့ နိုင်ငံတကာ စစ်ရေး၊ နိုင်ငံရေး နိုင်ငံတကာဘက် ရောက်သွားသည်။

ဆရာတာရာ့ စာမူကို မဖြစ်မနေ လိုအပ်သော စာပေအားပြု မဂ္ဂဇင်းတွေကျတော့လည်း ယခုလို အီးမေးလ်ခေတ်မဟုတ်တော့ စာမူတောင်းရတာ အတော်ကိုခက်ခဲသည်။ဆရာတာရာ့ ဆောင်းပါးမျိုး မဖြစ်မနေလိုအပ်သော အချိန်ကာလလည်း မဟုတ်တော့။သို့ကြောင့်သာ ဆရာနတ်နွယ် (၂၀၁၀) နွယ်နီကာလတွေမှာ စာမူမတောင်းခြင်းလည်း ဖြစ်နိုင်သည်။အောင်ပန်းနှင့် ရန်ကုန် အနေဝေးခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ကျနော် ဆရာနတ်အိမ်ကို သုံးလေးကြိမ်ရောက်ဖူးသည်။တစ်ယောက်တည်းသွားသလား။အဖော်နှင့်သွားသလား မမှတ်မိတော့။နွယ်နီလမ်းထဲမှာ အိမ်ကြီးအိမ်ကောင်းဖြစ်သည်။နှစ်ထပ်တိုက် ကျယ်ကျယ်ဝန်းဝန်း၊ မြင့်မြင့်ဖြစ်သည်။ဆရာ နေမကောင်း၍ မြို့ထဲမရောက်နိုင်တာဖြစ်မည်။မမှတ်မိတော့။စာအုပ် စာမူခယူရန်ရှိသူများ အိမ်သို့လိုက်လာကြရန်ဟု မှာကြားခဲ့ပုံရသည်။ကျနော် ဆရာ့အိမ်ရောက်သွားသည်။မ/ဥက္ကလာ နွယ်နီလမ်းမှာ မ/ဥက္ကလာဆေးရုံနှင့် နီးသည်။သိပ်မရှာရ၊ ဒုတိယအကြိမ်ရောက်သည်တွင် ကျနော့်ကို မလိခနာမည်ဖြင့် ပြုစုထားသော မြန်မာဝတ္ထုအညွန်းစာအုပ်ကို လက်မှတ်ထိုး၍ ပေးလိုက်သည်။ဝမ်းမြောက်ခြင်းမှာ ပြောစရာမရှိ။

ကျနော် နွယ်နီမှာ စတင်ရေးသည်မှ အပယ်ခံရသည်မရှိ။ကျနော့်အမြင်မှာ လက်ဝဲစာပေကို လေးနက်ပုံခြင်း တူညီ၍ဟု ထင်ပါသည်။ဆရာနှင့် ဆက်ဆံရာတွင် ကိုယ်တိုင်လည်းချောက်ကျ၍ အကိုတစ်ယောက်ကိုလည်း ချောက်ကျစေသော အပြုအမူနှစ်ခုရှိခဲ့သည်။တစ်ခုမှာ ကျနော်ရေးသော ဝတ္ထုတိုမှာ အတာ်များသွား အတော်ရှည်သွားသည်။ဝတ္ထုမှာ အိမ်တွေမြေတွေ တမုဟုတ်ချင်း ဈေးတက်၍ ပွဲစားတွေ ခြေချင်းလိမ်သောကာလ၊ ဘုမသိဘမသိ ပွဲစားဝင်လုပ်။ရုတ်တရက် ဈေးတွေပြန်ကျသွားတော့ ဆုံးရှုံးကြ ဈေးကြီပေးဝယ်ထားပြီး ပိုက်ဘောမိသူများအကြောင်းဖြစ်သည်၊တရုတ်ကုလားကျွမ်းမပစ် မြန်မာတွေကျွမ်းပစ်ကြပုံကို ခပ်ငေါ့ငေါ့ရေးထားသော ဝတ္ထုဖြစ်သည်။နာမည်ကို အဂ္ဂိယတ်ထိုးသူများကို သရော်လှောင်ပြောင်ထားသော စာချိုးကိုယူထားသည်။ “ဟုတ်မှတ်လို့ လုပ်ရပ်ဆောင် ---+++ ရင်ဘတ်ပူခံရယုံကွဲ့လေး” ဟု ခေါင်းစဉ်တင်ထားသည်။ကွန့်ညွန့်ပြီးတော့ “ဝတ္ထုလတ်” ဟု ရေးလိုက်မိသည်။

ဆရာ့ရုံးခန်းကိုရောက်တော့ “ကိုလင်းထင်ကို မေးစရာရှိတယ်၊ ဝတ္ထုလတ်ဆိုတာ ဘာလဲ” ဟု မေးတော့သည်။နိုင်ငံခြားဝတ္ထုတိုတို့မှာ ကျနော်တို့ဆီက မဂ္ဂဇင်းဝတ္ထုရှည်လောက်ရှိသည်။ကျနော်တို့ဆီက ဝတ္ထုတိုမှာ နိုင်ငံခြားဝတ္ထုတိုထက် များစွာတိုသည်။ကျနော့်မှာ ဆရာနတ်ကို ရှင်းပြရန် ဘာမှအဆင်သင့်မဖြစ်ပါ။ချွေးတွေပါ ပြန်လာသည်။ကျနော်က ဆရာတို့ ဝတ္ထုတိုတွေဖတ်ရင်း စာရေးဆရာဖြစ်လာရသူဖြစ်ပါသည်။အဆုံးမှာတော့ “ဆရာ အဆင်ပြေသလို နာမည်တပ်ပါ ဆရာ” ဟု ပြောရင်း ဆင်းပြေးလာရသည်။

ချောက်ကျပုံ နောက်တစ်ခုကတော့ ပြာယီးပြာယာ လုပ်တတ်သော သဘာဝအတိုင်း အရာရာနဲ့အကြောင်းကြောင်းအတိုင်း အဖော်တစ်ယောက်နှင့် မဂ္ဂဇင်းကို စာမူဝင်ပို့သည်။ ရုံးခန်းမှာလည်း ဆရာနတ် တစ်ယောက်တည်းရှိသည်။စာမူပေးကာနီးမှ မိတ္တူမဆွဲရသေးသဖြင့် အဖော်ကို ဆရာ့စားပွဲမှာ ခဏစောင့်ခိုင်းပြီး အပြေးအလွှားသွားသည်။ဖြစ်ချင်တော့ မီးတွေပျက်၊ မီးစက်ဖွင့်၍ကူးသော ဆိုင်ကို အပြေးအလွှားရှာ၊ အချိန်တစ်နာရီလောက် ကြာသွားသည်၊ ကျနော့်အဖော်က မန္တလေးကပါ။ယောမင်းကြီးဦးဖိုးလှိုင်၏ အဆက်အနွယ်ထဲက မြေးဖြစ်သူ (ကျွန်းပြန်) ကဗျာဆရာ အုန်းမြင့်လှိုင်ဖြစ်သည်။ကောင်းဟိတ်နာမည်ဖြင့်လည်း ဘာသာပြန်တွေရေးသည်။ဆရာနှစ်ယောက်လုံးမှာ စကားနည်းကြသည်။ဆရာနတ်ကလည်း စကားမပြော၊ ဆရာအုန်းမြင့်လှိုင်ကလည်း ဖွယ်ဖွယ်ရာရာ မပြောတတ်။ဆရာအုန်းမြင့်လှိုင်က ခင်ဗျားအတော်ဆိုးတဲ့သူဗျာ ဘာပြောရမှန်းမသိဘူး၊ ဒီအတိုင်းငုတ်တုတ်ဗျာ ဆိုးလိုက်တာ၊ ကျနော်က အဲသလို ချောက်ချသလိုတွေလည်း လုပ်တတ်သေးသည်။ကျနော်နှင့်ပေါင်းလျှင် သတိရှိကြဖို့ပဲ။

မြောက်ဥက္ကလာ နောက်တခါရောက်တော့ ဆရာလည်း ရောဂါတစ်ခုပြီး တစ်ခု ကျရောက်နေသည်။ယခင် တစ်ခေါက်နှစ်ခေါက်က ရောက်ဖူးသော တိုက်အိမ်ကြီးမဟုတ်တော့။နွယ်နီလမ်းထဲမှာပင် ယခင်အိမ်နှင့် လေးငါးလုံးခြားသော ပျဉ်အိမ်လေးမှာ ရောက်ရှိနေသည်။အတော်စိတ်မကောင်းသဖြင့် ခဏဖြင့် ပြန်ထွက်လာသည်။ဆရာ့အတွဲများ ဆရာ့ထက်ကြီးသော ဆရာမောင်နေဝင်း၊ မင်းကျော်တို့မှာ ကွယ်လွန်သွားကြပြီဖြစ်သည်။စာပေတိုက်ထောင်၍ အရင်းအနှီးများစွာဖြင့် အောင်မြင်ထင်ရှားသောသူတစ်ဦးထံက စကားအရ ရုရှားစာရေးဆရာကြီး ဒေါ့စတိုယက်စကီး၏ ဒုက္ခမျိုးစုံအတိုင်း ဆိုးရွားစွာခံနေရသည်ဟု ပြောသည်။ဒေါ့စတိုယက်စကီး၏ ကမ္ဘာကျော်ဝတ္ထု “ကာရာမာဇော့ညီအကိုများ” ဖြင့် ဘာသာပြန်အမျိုးသားစာပေဆု ရသည်။

ဆရာ ကံဇာတာကျနေသော ကာလများဖြစ်သည်။မြောက်ဥက္ကလာဆေးရုံလည်းတက်ရသည်။ကျနော် မဟေသီမှာရှိစဉ် ဆရာမင်းသစ်၊ ဒေါ်ရှယ်လီတို့နှင့် အတူသွားမည်ဟု ချိန်းထားပြီးမှ မဂ္ဂဇင်းအလုပ်တစ်ခုပေါ်လာ၍ မလိုက်ဖြစ်တော့။ဆရာမင်းသစ်နှင့် ဒေါ်ရှယ်လီထွား (အဆိုတော် - သက်သက်) တို့ သွားရောက်ကြသည်၊ အခြေအနေယိုယွင်းဆဲဟု သိရသည်။ယခင် ဘီဒိုကြီးနှင့်ရှိခဲ့သော စာအုပ်တို့မှာ စင်နှင့်တချို့ အပုံလိုက်တချို့ဖြစ်နေသည်။ညဘက်များမှာ အိပ်၍မရအောင် ခြကိုက်သံ အတိုင်းသား ကြားနေရသည်၊ တပည့်များကပဲ ဈေးမနည်း မနစ်နာရအောင် ရောင်းချပေးကြသည်။

၂၀၁၀ မှာ ဆရာနတ်နွယ်၏ ၇၅ နှစ်ပြည့် စိန်ရတုနှစ်ဖြစ်သည်။အဲသည့် ပျဉ်အိမ်လေးမှာပင် တပည့်များ စုပေါင်း၍ ပွဲလေးတစ်ခု ကျင်းပပေးသည်။ကျေးဇူးတင်စရာကောင်းလှသည်။ဆရာ့ပုံမှာ မလန်းဆန်း ရောဂါကို ခံစားနေရဆဲ ပုံသဏ္ဍာန် ပေါ်လွင်ထင်ရှားနေသည်။ဆရာ့ပျဉ်အိမ်က ပရိသတ်တက်ဖို့ပင် လက်ခံနိုင်ဟန်မတူ။အိမ်ရှေ့က အနည်းငယ်ကျန်ရှိသော ကွက်လပ်ကလေးမှာပင် ထိုင်ခုံများချရသည်။ဦးစွာ ဆရာတာရာ ရောက်ရှိလာသည်။ဝမ်းသာလိုက်သည့်ဖြစ်ခြင်း၊ ဆရာနတ်ထက် ၁၄ နှစ်ကြီးသော ဆရာတာရာက ကျန်းမာနေသေးသည်။သတင်းခေတ်ဖြစ်၍ ဂျာနယ်သတင်းထောက်ကလေးတွေ ရောက်ရှိနေကြသည်။ဆရာတာရာက အားပေးစကားပြောသည်၊ ဤနေရာတွင် ကျနော့မေ့လျော့မှုကို အပြစ်တင်မိပါသည်။ထို့နောက် မွေးနေ့သို့ ရောက်လာသူမှာ နောက်တစ်ယောက်ရှိသေးသည်၊ ဆရာပါရဂူလား၊ ဆရာဦးဝင်းတင် (ဟံသာဝတီ) လား၊ အခြားတစ်ယောက်လား ကျနော်မသဲကွဲတော့ပါ။မည်သို့ဖြစ်စေ ဆရာနတ်နွယ် ဆရာတာရာ အိမ်သို့ မရောက်နိုင်ခဲ့သော်လည်း ဆရာတာရာကတော့ ဆရာနတ်နွယ်ဆီသို့ ရောက်လာဖြစ်သည်။ငယ်သော သတင်းထောက်ကလေးများကတော့ ဆုံနိုင်ခဲသူနှစ်ယောက် ဆုံတွေ့ကြပုံကို ဘယ်လောက်လေးနက်မှန်း သိချင်မှသိမည်။စာပေနယ်မှတချို့ကတော့ သိခဲ့ကြသည်၊။

ဆရာနတ်၏ ဘဝမှာ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးမှာ အနိမ့်ဆုံးသို့ ရောက်ရှိနေသည်။ဆရာသည် ဘာသာပြန်အပါအဝင် စာအုပ် (၁၀၀) ကျော် ရေးသားထုတ်ဝေခဲ့သည်။မြန်မာပြည်မြောက်ပိုင်း၊ အပြာနှင့် အဝါ၊ (မိုရေးဘီယားဝတ္တုအတော်များများကို ဘာသာပြန်ခဲ့သည်၊ မော်ရေးဘီးယားကျွမ်းကျင်သူဟု သဘောထားကြသည်)။ရောမက မိန်းမပျက် (မိုရေးဘီးယား)၊ အခြားဝတ္ထု (မူရင်း--?) မိုဗီဒစ်တို့မှာ စံတင်လောက်သော စာအုပ်များဖြစ်သည်၊ မြန်မာပြည်မှာတော့ စာအုပ်တစ်ရာကျော်ရေးသည့်တိုင် ဘဝရေးမှာ မသေချာ၊ သာဓကပြခြင်းဖြစ်ပါသည်။

ဆရာနတ်နွယ်သည် မီးစာကုန်ဆီခမ်းဘဝဖြင့်ပင် ၂၀၁၁ ခုနှစ် မေ ၁၁ ရက်တွင် ထိုအိမ်ကလေး၌ ကွယ်လွန်သွားပါသည်။နောက်တခါ စာပေလောကကို ပြန်မလာပါနဲ့တော့ ဆရာ။

လင်းထင်
ရည်ညွှန်း - ဘာကြောင့် ဒဂုန်တာရာလဲ၊ ဒဂုန်တာရာ နှစ် (၁၀၀) ပြည့်၊
စာရေးဆရာများ တောအကြောင်း တောင်အကြောင်း - နတ်နွယ်