【 ဆောင်းပါး 】 တစ်ကျွန်းစံ ပါပီလွန်အကြောင်း

【 ဆောင်းပါး 】 တစ်ကျွန်းစံ ပါပီလွန်အကြောင်း

ထောင်ဆိုတာ နေ့စဉ်ဆိုသလို ဒါပြီးရင်းဒါ မပြောင်းမလဲ မျဉ်းဖြောင့်တစ်ကြောင်းပေါ် အတိအကျ လျှောက်လှမ်းရသလို နေရာမို့ သိပ်ပျင်းစရာကောင်းတဲ့ နေရာပေါ့။
 
မနက်စောစောထ ဘုရားရှိခိုး၊ ပုံစံထိုင်၊ တန်းလာဖွင့်တဲ့ ထောင်ဝန်ထမ်းက လူရေတွက်၊ ပြီးခဲ့တဲ့ည စာရင်းအတိုင်း ကိုက်တယ်ဆို ဘယ်သူမှထွက်ပြေးသွားခြင်းမရှိ၊ အခန်းတံခါးဖွင့်၊ မျက်နှာသစ်၊ မနက်ခင်းစာ ဆန်ပြုတ်တန်းစီပြီးနောက် သောက်၊ အလုပ်ရှိတဲ့သူလုပ်၊ နေ့လယ်စာ ထမင်းစား၊ နေ့ခင်း တစ်ရေးအိပ်၊ လုပ်စရာရှိတဲ့သူ လုပ်၊ ညနေ ထမင်းစား၊ ၆ နာရီ အခန်းတံခါး ပိတ်၊ ၉ နာရီအထိ အခန်းထဲ လွတ်လပ်စွာ စကားပြောချင်ပြော၊ သီချင်းဆိုချင်ဆို၊ ပြီးရင်အိပ်။
 
အဲဒီလို နေ့စဉ် မပြောင်းမလဲ။ရုံးပိတ်ရက်ကလွဲ ကြားရက်တွေမှာ ထောင်ဝင်စာလာသူ ထောင်ဝင်စာလာတဲ့ မိသားစုနဲ့ တွေ့ခွင့်ရတာကလွဲ ကျန်တာမပြောင်းလဲ။တစ်ခါတရံ နေထိုင်မ ကောင်းတဲ့သူ ထောင်ဆေးရုံသွားပြီး ပါရာစီတမော သွားယူတာကလွဲလို့ မပြောင်းလဲ။
 
ဆိုတော့ လုပ်စရာအလုပ် မယ်မယ်ရရမရှိတဲ့ ကျနော်တို့လိုကောင်တွေအတွက် ခင်ရာမင်ရာ မိတ် ဆွေချင်း စကားပြောခြင်းနဲ့သာ အချိန်ကို ကုန်အောင် ဖြုန်းကြရတယ်။
 
ထောင်ထဲမှာ လိုင်းဝင်ပြီးနေ-နေသူတွေနဲ့ ထောင်တွင်းအုပ်ချုပ်ရေးရာထူး ရထားသူတွေက များသောအားဖြင့် အလုပ်မရှိအကိုင်မရှိ။ကိုယ့်မိတ်ဆွေချင်း စကားပြောခြင်းသည်သာ အလုပ်ကြီးအကိုင်ကြီးကိုဖြစ်လို့။ဘာတွေပြောကြသလဲဆိုတော့ ကိုယ့်အကြောင်း သူ့အကြောင်းနဲ့ ရောက်တတ်ရာရာ။ကိုယ့်အကြောင်းတောင်မှ ရင်းရင်ရင်းသလို အလိမ်အညာမရှိ၊ မခြွင်းမချန် ပြောကြရုံတင်မက သုံး၊ လေးခါမက ပြောမိကြတာကြောင့် သူ့အကြောင်း ကိုယ်အလွတ်ရ၊ ကိုယ့်အကြောင်း သူအလွတ်ရတဲ့အထိ။
 
များသောအားဖြင့် နေ့ခင်း တစ်ရေးအိပ်ပြီး ပြန်အထ မွန်းလွဲ ၂ နာရီဝန်းကျင်ကစလို့ သူ့ဝိုင်းနဲ့သူ ရေနွေးကြမ်းနဲ့ ထန်းလျက်ခဲနဲ့ ဆေးလိပ်လေးတဖွာဖွာနဲ့။တချို့စကားပြောကောင်းသူတွေရဲ့ နိုင်ငံတော်မျှော်စကားဝိုင်းတွေဆို အကိုးအကား အထောက်အထားအစုံအလင် အာပေါင်အာရင်းသန်သန်မို့ ပရိသတ်တွေကမနည်းလှ။နိုင်ငံတော်ဆိုတာက လွတ်ငြိမ်းချမ်းသာခွင့်ကို ထောင်တွင်းအခေါ်။အထူးသဖြင့် လွတ်လပ်ရေးနေ့တို့လိုမျိုး၊ နှစ်ဆန်း ၁ ရက်တို့လိုမျိုး လွတ်ငြိမ်းပေးတတ်တဲ့ နေ့တွေနား ရောက်ခါနီးဆို အဲဒီနိုင်ငံတော်စကားဝိုင်းကို လူကြိုက်များလှ။
 
နိုင်ငံတော်ဟောကိန်းဆရာတွေကလည်း ဘယ်တော့မဆို နိုင်ငံတော်လာတော့မယ်ဆိုတာ ချည်း။
 
တချို့ နိုင်ငံတော်ဆရာက ဗေဒင်ဆရာတွေ။သူတို့ဘာသာ တွက်ချက်ထားတာတွေနဲ့ နိုင်ငံတော်လာ တော့မယ်လို့ ဟောကိန်းထုတ်။တချို့ဆရာများက နိုင်ငံ့ရေးရာကျွမ်းကျင်သူများ။အကျဉ်းသားတွေဆိုတာက ထောင်ထဲက ချက်ချင်းလွတ်နိုင်တာဆိုလို့ နိုင်ငံတော်တစ်ခုတည်းရှိတာဆိုတော့ အဲဒီလို စကားဝိုင်းတွေဆီ မျှော်လင့်တကြီးနဲ့ လာနားထောင်ကြတာ ဘယ်ဆန်းပါ့။
 
ကျနော်တို့စကားဝိုင်းကျတော့ ရောက်တတ်ရာရာဆိုပေမယ့် ထောင်ထဲက အကောင် ၂ ကောင်ပါတဲ့စကားဝိုင်းမို့ အနားကပ်ချင်သူများပါ့။အကောင်တစ်ကောင်က ထောင်မင်းသားလို့ခေါ်ကြတဲ့ အကျဉ်းသားအရာရှိချုပ် ကိုကြင်။မန္တလေးထောင်ထဲ ကိုကြင်ထက် ရာထူးပိုကြီးတဲ့ အကျဉ်းသားတစ်ဦးမှမရှိ။ထောင်ပိုင်ကြီးခန့် ထောင်ပိုင်ကြီးရုံးခန်းထဲက ထောင်ပိုင်ကြီးရဲ့လူယုံ။တော်ရုံ ထောင်မှူးတွေထက်ပင် လုပ်ပိုင်ခွင့်ပိုကြီးပြီး ဝင်ငွေလည်းကောင်းသူ။ပြီးတော့ ဘယ်သူ့ကိုမှ မကျော်မခွ ဒုက္ခမပေးဘဲ သူ့ဘာသာနေတတ်သူမို့ အကျဉ်းသားတွေရဲ့ လေး စားခြင်းခံရတဲ့သူ။
 
နောက်ထပ် အကောင်တစ်ကောင်က အထက်ဗမာပြည် လူမိုက်။မိုက်လိုက်တာမှ သူ့ထက်ကဲပြီး လူမိုက်မှန်းမသိလောက်အောင် သိမ်မွေ့လွန်းသူ။ကျနော်တို့ဝိုင်းတော်သား အကောင်နှစ်ကောင်က ဒိတ်ဒိတ်ကြဲတွေချည်းမို့ ဝိုင်းနားလာချင်သူက မနည်း။ကော်ဖီလာတိုက်သူ၊ ရေနွေးကြမ်းနဲ့ လိုက်ဖက်တဲ့ ပေါ့ပေါ့ပါးပါး စားစရာလာချပေးသူတွေလည်း မနည်းလှ။
 
ကိုကြင်က ကျနော်တို့ရေနွေးကြမ်းဝိုင်းထဲ နေ့စဉ် မလာနိုင်ပေမယ့် တစ်ပတ်မှာ ၄ ရက်လောက်တော့ လာမြဲ။ကိုကြင် လာတဲ့နေ့ဆို အစားအသောက် လာပေးသူတွေက သိပ်များတာမို့ ကျနော်တို့ လှလှပပကို အူစိုကြရတယ်။
 
၁၉၉၁ ခုနှစ်၊ ဆောင်းတွင်းတစ်ရက်။မန္တလေးနန်းတွင်းထောင်ထဲ မအောင်မြင်တဲ့ ထောင်ဖောက်ပြေးမှု ဖြစ်ပွားပြီးနောက် ကျနော်တို့စကားဝိုင်းကလည်း ထောင်ဖောက်ပြေးတဲ့ ဇာတ်လမ်းတွေ လွှမ်းမိုးလျက်ရှိတယ်။
 
“ကျနော်လည်း လွန်ခဲ့တဲ့ ၇ နှစ်လောက်က ထောင်ဖောက်ပြေးချင်စိတ် တော်တော်ဖြစ်ခဲ့ဖူးတယ်” လို့ ကိုကြင်က ဆိုလိုက်တော့ ကျနော်တို့ လန့်သွားမိတယ်။
 
“အဲဒီတုန်းက ကျနော်ကြွေခဲ့တဲ့ ဆရာက စာတော်တော်ဖတ်ရုံတင်မကဘူး။သူဖတ်ထားတဲ့စာအုပ်တွေကိုလည်း လူစိတ်ဝင်စားအောင်ကို သေချာပြန်ပြောပြနိုင်တဲ့သူ။တစ်ရက်၊ ကျနော့်ကို ပါပီလွန်စာအုပ်အကြောင်းပြောပြတာ ကျနော့်မှာ ကြိုက်လွန်းလို့ နေ့ရောညရော ပြောခိုင်းတော့တာ။ပါပီလွန်စာအုပ်အကြောင်းလည်းပြီးရော ကျနော့်မှာ ထောင်ဖောက်ချင်စိတ်တွေ တဖွားဖွားပေါ်လာရော” လို့ ကိုကြင်က ဆက်ပြောတယ်။
 
ကိုကြင်ပြောတဲ့ ပါပီလွန်ဆိုတာက ပြင်သစ်နိုင်ငံသား၊ မိုက်လည်းအင်မတန်မိုက်ပြီး သစ္စာလည်း သိပ်ရှိတဲ့ မြေအောက်လောကသား တကယ့်အဖြစ်အပျက်စာအုပ်။ဒုတိယကမ္ဘာစစ်မတိုင်မီကာလက လူမသတ်ဘဲ သတ်တယ်ဆိုပြီး ပြင်သစ်တရားရုံးက မတရားပြစ်ဒဏ် တစ်ကျွန်းကျခံခဲ့ရတဲ့ ပါပီလွန်။ကျွန်းပေါ်သို့ မသွားခင် ကတည်းက ကျွန်းရောက်တာနဲ့ ထွက်ပြေးမယ်။ပါရီကိုရောက်အောင် ပြန်လာမယ်။သူ့ကို တစ်ကျွန်းကျအောင် ထွက်ဆိုခဲ့တဲ့ သက်သေလိမ်တွေ၊ ရဲတွေနဲ့ တရားသူကြီးတွေကို အကုန်လက်စားချေပစ်မယ်ဆိုတာ ပါပီလွန်ရဲ့ မဟာရည်မှန်းချက်။
 
ကျွန်းသို့ရောက်ပြီး သိပ်မကြာ၊ ပါပီလွန် ထွက်ပြေးတယ်။တခြားနိုင်ငံတွေရောက်သွားပြီးမှ ပြန်အဖမ်းခံရ။ ကျွန်းသို့ ပြန်ရောက်။အလုံပိတ်တိုက်ခန်းထဲ နှစ်နဲ့ချီကြာ တစ်ကိုယ်တော် ကြံ့ကြံ့ခံ။တိုက်ကလွတ်ပြီးနောက် ကျွန်းကနေ ထပ်ထွက်ပြေး။နောက်ဆုံးတော့ ကျွန်းကနေ အမှန်တကယ်ထွက်ပြေးလွတ်မြောက်သွားခြင်း။
ကျနော်တို့က ကြားပင်မကြားဖူးတဲ့ စာအုပ်မို့ ပါးစပ်အဟောင်းသားနဲ့ ငေးနေရ။ဒါတောင် ကိုကြင်က သူမှတ်မိသလောက် ပြန်ပြောပြတဲ့ ဇာတ်လမ်း။
 
“ကျနော် ပါပီလွန်ဇာတ်လမ်း နားထောင်ပြီးတော့ တစ်ပတ်၊ ၁၀ ရက်လောက် ကြာတယ်။ငေးငေးငေါင်ငေါင်နဲ့ ဘယ်လိုထောင်ဖောက်ပြေးမလဲ စဉ်းစားနေတော့တယ်။ပြီးတော့မှ ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးသလိုဖြစ်နေလို့ အဲဒီစိတ်ကူးကို ဇွတ်ဖြတ်ချရတာ”
 
“အဲစာအုပ် အခုထောင်ထဲ ခိုးသွင်းလို့မရဘူးလား။ကျနော်ဖတ်ချင်တယ်” လို့ လူမိုက်ကြီးက ဆိုတော့ ကိုကြင် လန့်သွားတယ်။
 
“ဟေ့လူ၊ အဲစာအုပ်တော့ မလုပ်ပါနဲ့ဗျာ။အဲစာအုပ်မိသွားရင် စာအုပ်မိတာက တစ်မှု၊ထောင်ဖောက်မလို့ ဒီစာအုပ်ဖတ်တာလို့ စွပ်စွဲမှာ တစ်မှု။ခင်ဗျားတို့ အပြင်ရောက်ရင် ဖတ်ရအောင် အခုစကားစပ်မိတုန်း ကျနော်ညွှန်းတာ။ကျနော်လည်း အပြင်ရောက်တာနဲ့ အဲစာအုပ်ဝယ်ဖတ်ဦးမယ်” လို့ ကိုကြင်က ဆိုတယ်။
 
၁၉၉၂ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာ ကျနော်ထောင်ကနေလွတ်ပြီး မကြာ ပါပီလွန်ဆိုတဲ့စာအုပ်ကို ရအောင်ရှာ၊ ပါပီလွန်ရဲ့ အဆက် ဒုတိယအုပ် ဗင်ကိုဆိုတာလည်း ရှိတယ်ဆိုလို့ ၂ အုပ်စလုံး ငှါးဖတ်ကြည့်။တစ်ညလုံး မနားတမ်းဖတ်၊ မနက် ၄ နာရီကျော်မှ အိပ်။နောက်တစ်ရက် မနက် ၁၀ နာရီကျော် နိုးလာတော့ ဆက်ဖတ်။
 
အခုဆို ပါပီလွန်စာအုပ်ကို ဖတ်တာ အခေါက် ၂၀ ပင်မက။အဲဒီစာအုပ်ဖတ်တိုင်း ကိုကြင်ကို သတိရ၊ လူမိုက်ကြီးကိုလည်း သတိရ။သူတို့လည်း အပြင်ရောက်တာနဲ့ ပါပီလွန်ကို ဖတ်ဖြစ်လိမ့်မယ်လို့ ယုံကြည်မိ။
 
ထောင်ကနေ လွတ်လာပြီးကတည်းက သူတို့နဲ့ တစ်ခေါက်တောင် ပြန်မတွေ့၊ နှစ်ပေါင်း ၃၀ ကျော် ကြာပြီမို့ သူတို့ရော လူ့ပြည်မှာရှိသေးရဲ့လားပင် မသိ။
 
ကိုဆက်