【 ဆောင်းပါး 】 တစ်ခုသော ဆောင်းရာသီ

【 ဆောင်းပါး 】 တစ်ခုသော ဆောင်းရာသီ

ဆောင်းရာသီပေါင်းများစွာ ကျနော်ဖြတ်ကျော်ခဲ့ရဖူးသည်။နေရာဒေသအချို့တွင် ဆောင်းရာသီကို ဖြတ်သန်းဖူးသလို တချို့သောဆောင်းရာသီတွင် ကိုယ်မရောက်ဖူးသော နေရာများတွင် ရက်အတန်ကြာ နေထိုင်ခဲ့ဖူးသည်။

ရာသီဥတုတွေထဲ ဆောင်းရာသီမှာ နေလို့ထိုင်လို့အကောင်းဆုံး ရာသီဥတုဖြစ်သည်။ဒါက မြန်မာနိုင်ငံတစ်ခုထဲတော့ ဖြစ်မည် မထင်။ကမ္ဘာ့နိုင်ငံအချို့တွင်လည်း ဆောင်းရာသီမှာ သွားလို့လာလို့ အကောင်းဆုံး နေလို့ထိုင်လို့ဖြစ်မည် ထင်သည်။ဒါကြောင့်လည်း ဒီလိုရာသီမျိုးမှာ ခရီးတွေထွက်ကြခြင်းဖြစ်မည်။ကျနော်ကတော့ ဆောင်းရာသီကို ကြိုက်ရခြင်းမှာ မနက်မိုးလင်းချိန်ကနေ မိုးစုံးစုံးချုပ်သည်အထိ အေးစိမ့်စိမ့်လေး နေရထိုင်ရလို့ဖြစ်သည်။

ကျနော့်အလုပ်က စာသင်ခြင်းဖြစ်သဖြင့် မနက်ဆို စောစောထရလေ့ရှိသည်။ကလေးများ စာသင်ရချိန်သည် မနက် ၇ နာရီဖြစ်သဖြင့် သူများမနိုးခင် လမ်းပေါ်ရောက်နေမှ မနက် စာသင်ဖို့ မီသည်။ဆောင်းရာသီလို ကာလမျိုးတွင် မနက်ဖက်လမ်းလျှောက်သူများနှင့် အပြိုင်အလုပ်သွားနေရပြီး တစ်ခါတလေ အချိန်ရသဖြင့် နှင်းတွေ မြူမှုန်တွေကြား လဖက်ရည်ဆိုင်ထိုင်ရသည့်အခါ ထိုအရသာမျိုးကို အမြဲတမ်းလိုချင်မိသည်။  

တစ်ခုသော ဆောင်းရာသီတွင် တောင်ကြီးဘက် သွားရဖို့ အကြောင်းဖန်လာသည်။တောင်ကြီးဆိုသည်မှာ ကြားသာကြားဖူးသည်။တစ်ခါမှမရောက်ဖူး။အသိဖြစ်သူကလည်း တွန်းတွန်းတိုက်တိုက်ခေါ် ကျနော်ကလည်း ရောက်ဖူးချင်သည့် နေရာဒေသဖြစ်သဖြင့် နှစ်ခါမခေါ်ရဘဲ လိုက်သွားဖြစ်သည်။ထိုခေတ်ထိုအခါများတုန်းက တောင်ကြီးလို မြို့များ သွားဖို့ဆိုတာမလွယ်။ဒီဘက်ခေတ်လို့ ဟိုတယ်တွေ တည်းခိုခန်းတွေလည်း ပေါပေါများများရှိသည်မဟုတ်။တော်ရုံတန်ရုံ မြို့ခံမရှိဘဲ အဆင်မပြေ။ရန်ကုန်ကနေ အဝေးမြို့များသို့ သွားပြီဆို ထောက်ခံစာ မယူမဖြစ်ယူရသည့် အချိန်ကာလဖြစ်ရာ တော်ရုံအကြောင်းမရှိဘဲ၊ အရေးကြီးသည့် သာရေးနာနေရေးကိစ္စမဟုတ်ဘဲ မသွားမလာကြ။          

ကျနော့်ကိုခေါ်သည့် အသိက ကျူရှင်တစ်ခုတွင် စာအတူသင်နေသူ။သူ၏ ညီက တောင်ကြီးသူနှင့် အကြောင်းပါသဖြင့် မင်္ဂလာဆောင်ရန် သွားကြခြင်းဖြစ်သည်။ကျနော်က သတို့သားဖက်ကနေ အဖော်လိုက်ပေးရသူဖြစ်သဖြင့် တောင်ကြီးရောက်ချင်သည့်အချိန် အဖော်ခေါ်သဖြင့် လိုက်သွားခြင်းဖြစ်သည်။တောင်ကြီးရောက်ပြီး တောင်ကြီးအနှံ့ လည်ဖို့ဆိုတာ သူတို့အချိန်ရခြင်းနှင့် အိမ်ရှင်တွေ လိုက်ပို့မှသာဖြစ်သဖြင့် သိပ်ပြီမမျှော်လင့်ထား။တောင်ကြီးမြေကို နင်းမိပြီဆို ရပြီဟု စိတ်နှလုံးသွင်းထားသည်။ဒီဘက် ရန်ကုန်ကနေသွားတော့ သတို့သားမိဘတွေ၊ အစ်ကိုဖြစ်သူ ကျနော်အသိနှင့် ကျနော် လေးယောက်သာ။သတို့သားက တောင်ကြီးမှာ တာဝန်ကျဝန်ထမ်းဆိုတော့ ထိုခရီးတွင် ကျနော်တစ်ယောက်သာ လူပိုဖြစ်သည်။

တောင်ကြီးသွားဖို့ ရန်ကုန်၊ ဆင်မလိုက်အဝေးပြေးဝင်းကနေ တောင်ကြီးကားကို စီးရသည်။ကားက ည ၇ နာရီ ထွက်သည်။ထိုစဉ်က နေပြည်တော်လည်း မစသေး။ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းဆိုတာလည်း မကြားရသေးသည့်အချိန်ဆိုတော့ ရန်ကုန်-မန္တလေး လမ်းဟောင်းကနေသာ အထက်မန္တလေးနှင့် ရှမ်းပြည်ကို ဒီလမ်းကနေသာ ကားတွေသွားကြသည်။တောင်ကြီးကို မိတ္ထီလာကနေ ခွဲထွက်သွားတာဖြစ်ပြီး လမ်းတစ်လျှောက် အိပ်ငိုက်ချိန်မရအောင် လမ်းကြမ်းသည်။ကားက ပြင်သစ်ရေးနိုးလ်ကားဟောင်း။ဆောင်းကုန်ခါနီး နွေသရုပ် မပေါ်တပေါ်ကာလဖြစ်သဖြင့် လမ်းတွင် ဖုန်တွေက ညဘက် ကားရှေ့မီးမှာ တထောင်းထောင်း။ကားက မြေလတ်လမ်းတွေ။ယခုလို လမ်းကျယ်တွေ မဟုတ်။လမ်းက ကားနှစ်စီးသာသာ ရှောင်နိုင်ရုံ။တချို့နေရာတွေမှာ လမ်းက စချဲ့နေပြီ။ညဘက်သွားတာဖြစ်သဖြင့် တောင်ပေါ်က ဆင်းလာသည့် သစ်တင်ကားတွေ မကြာခဏတွေ့ရသည်။ဖုန်ထူသော လမ်းတွင် ကားထဲ ညဘက်ဝင်လာသည့် လေက အေးစိမ့်စိမ့်။

တောင်ကြီးကို ကားဝင်တော့ မနက်ရောက်နေပြီ။ယခုခေတ်လို တောင်ကြီးမရောက်ခင် တောင်ကြီးအောက်က အေးသာယာမှာ အဝေးပြေးကားကွင်းရှိတာ မဟုတ်။တောင်ကြီးကားဝင်းက တောင်ကြီးမြို့ပေါ်မှာ။ကားဝင်းက အထွက်မှာ ခိုက်ခိုက်တုန်အောင်အေးသော တောင်ကြီးဆောင်းနှင့် ကျနော်တို့ နဖူးတွေ့ဒူးတွေ့ ကြုံရသည်။ကျနော်နှင့် သတို့သားအစ်ကို ဝတ်ထားသည့် အနွေးထည်က ထိုစဉ်က ခေတ်စားနေသည့် ဂျွိင်းလို့ခေါ်သည် ဂျင်းအနွေးထည်။သူ့မိဘတွေကတော့ အနွေးထည် နှစ်ထပ်သုံးထပ်နှင့်ဆိုတော့ အနေတော်။ကျနော်တို့မှာသာ လှချင်သဖြင့် အနွေးထည်က အအေးဓာတ်ကို မခုခံနိုင်။အေးလိုက်သည်ဖြစ်ခြင်း။လာကြိုသူတွေ မရောက်သေးသဖြင့် ကားဝင်းအပြင်က လဘက်ရည်ဆိုင်မှာထိုင်ကာ လဘက်ရည်၊ အီကြာကွေး စားရသည်။ဝမ်းထဲ ရေနွေးပူပူ နှစ်ခွက်သုံးခွက်လောက်ဝင်ပြီးမှ နေလို့ရသည်။

၁၉၉၀ ကျော်ကာလတွေဖြစ်သဖြင့် တောင်ကြီးမြို့သည် ယခုလို သိပ်လူနေမကျပ်သေး။သစ်ရိပ်ဝါးရိပ် ထူထပ်ကာ အထပ်မြင့်အဆောက်အဦတွေက နည်းသည်။မင်္ဂလာဆောင်သည့်နေရာမှာ မြို့မရပ်ကွက်မှာဆိုတော့ ကျနော်တို့ကို သတို့သမီး အဒေါ်ဖြစ်သူ၏ အိမ်မှာ ထားသည်။အိမ်ကကျယ်ကျယ် နှစ်ယောက်တစ်ခန်း နေရသဖြင့် ညနေဘက် တောင်ကြီးကို လမ်းလျှောက်ကြည့်သည်။နောက်တစ်နေ့ မနက်ကျတော့ အိမ်ရှင်ကိုမေးပြီး မြို့မရပ်ကွက်ကနေ တောင်ကြီးမြို့မစျေးနားအထိ လမ်းလျှောက်ကာ  မနက်စာ စားရင်း တောင်ကြီးမြို့အရသာကို မြည်းရသည်။

တောင်ပေါ်မြို့ဖြစ်သည့် တောင်ကြီးမှာ မနက်ဆို လေအေးအေးနှင့် နှင်းမှုန်လေးတွေကျပြီး ဥရောပရောက်နေသလိုမျိုးဟု စာရေးဆရာတစ်ယောက် ရေးဖူးသည်။တကယ်လည်း ဥရောပမြို့လေးကို တွေ့နေရသလို ဖြစ်နေသလို မနက် ၈ နာရီ ၉ နာရီအထိ မြူနှင်းတွေကြောင့် လူလုံးသိပ်မကွဲသေး။ကျန်းမာရေးလုပ်သူတွေ လမ်းပေါ်မှာ ဟိုနားဒီနားတွေ့ရသလို အထမ်းတောင်းတွေ ပလိုင်းတွေလွယ်ကာ တိုင်းရင်းသားတွေလည်း စျေးဘက်ဦးတည်ကာ ဟိုနားတစ်စု ဒီနားတစ်စုစီ တွေ့ရသည်။ဆီဆိုင်၊ ဟိုပုန်းဘက်ကနေ လာသူတွေရှိသလို လွိုင်ကော်ဘက်ကနေ ဆင်းလာသူတွေလည်းရှိသည်။တချို့ကတော့ တောင်ကြီးအနီးတစ်ဝိုက် ပအိုဝ့်ရွာတွေက တချို့က အင်းလေးကနေ တက်လာတာ။စျေးကို မနက်စောစောထဲကရောက်နေ ရောင်းနေကြသဖြင့်  ဘယ်အချိန်ကတည်းက ရွာကနေ ထွက်လာကြသလဲ မသိ။

တခြားအရပ်သူတွေနှင့် တောင်ကြီးသူတွေကွာခြားချက်မှာ အနွေးထည်ဝတ်ပုံနှင့် ရိုးရာအဝတ်အစားဖြစ်သည်။တောင်ကြီးမှာနေသူတွေက ရိုးရာအဝတ်အစားဝတ်သူ နည်းသည်။ခေတ်ပေါ်အဝတ်အစားတွေ။နောက် ထိုကာလမှာ ခေတ်စားနေသည့် ဆွယ်တာအနီရဲရဲနှင့် အခြားအရောင်တောက်တောက်လေးများနှင့်။ကောင်လေးတွေ အမျိုးသားတွေက ထိုင်းဘက်ကလာသည့် သားရေဂျာကင်များဖြင့် ထိုင်းဆိုင်ကယ်များဖြင့်။တောင်ကြီးစျေး အနီးတစ်ဝိုက် ထိုင်းဘက်က ပစ္စည်းတွေ တွေ့ရသလို အဲဒီကာလမှ မိုင်းရှူးဘက်ကနေ  ကျောက်ထွက်စကာလလည်းဖြစ်သဖြင့် အနယ်နယ်အရပ်ရပ်ကလူတွေ တောင်ကြီးမှာ ဝင်ထွက်စပြုချိန်ဖြစ်ရာ စည်ကားနေပြီ။ကျနော်တို့ ရောက်ချိန်က စနေ၊တနင်္ဂနွေနေ့မျိုးနှင့် ပိတ်ရက်မျိုးဖြစ်သဖြင့် တောင်ကြီးစျေးမှာ နီးစပ်ကနေလာပြီး ပစ္စည်းရောင်း ပစ္စည်းဝယ်ကြသူတွေနှင့်ဆိုတော့ မနက်ကတည်းက လူစည်နေသည်။ကျနော်တို့မှာ စျေးနားကို စောစောဖြတ်ခဲ့သဖြင့်  မြူနှင်းမှုန်တွေကြား ဆီမီးခွက်များနှင့် ဘက်ထ္ထရီမီးလုံးလေးများနှင့် စျေးသည်များ မြင်ရသည် မှာ အိပ်မက်ကမ္ဘာထဲ ရောက်နေသလို ခံစားရသည်။

တောင်ကြီး ဆောင်းရာသီကို မက်မက်စက်စက် ကြိုက်မိသည်က တောင်ကြီးရွှေဘုန်းပွင့်စေတီရှိရာ တောင်ပေါ်သို့ တက်ကြသည့်အခါနှင့် ဘုရားပေါ်မှာနေသည့် အချိန်ကိုဖြစ်သည်။နောက်ထပ် သဘောထပ်ကျသည်က တောင်တွေဘက် မျက်နှာမူထားသည့် ဗိုလ်ချုပ်လမ်းပေါ်က လဘက်ရည်ဆိုင်မှာ ညနေဘက်ထိုင်ကြသည့်အခါဖြစ်သည်။ယခုပြန်စဉ်းစားကြည့်တော့ ငယ်လည်း ငယ်သေးသည့်အရွယ်၊ စိတ်ကလည်း နူးညံသေးသည့်အချိန်ဖြစ်ရာ ဥရောပဆန်သည့် တောင်ကြီးမြို့၏ ဆောင်းရာသီဖမ်းစားမှုမှာ မျောသွားမိခြင်းက ဆန်းတော့ သိပ်မဆန်း။တောင်ကြီးကိုပဲ ၂၀၁၈ လောက်က တစ်ခေါက်ထပ်‌ရောက်တော့ ယခင်တစ်ခေါက်ကလို အေးချမ်းမှုတွေ မတွေ့ရတော့။ခပ်သုတ်သုတ် တောင်ကြီးမြို့ကိုသာ။

သို့သော် တောင်ကြီးမြို့ပတ်လမ်းတွေမှာ စိန်ပန်းပြာတွေ၊ တခြားမြို့တွေနဲ့မတူဘဲ သပ်ရပ်သန့်ရှင်းနေတဲ့ လမ်းတွေ၊ မနက်နဲ့ ညဆို လမ်းတွေမှာ မီးဖိုလေးတွေနဲ့ အကင်ဆိုင်လေးတွေ၊ အချိန်မရွေးတိုက်နေတဲ့ လေအေးအေးလေးတွေက တောင်ကြီးတွင် ရှိနေသေးသည်။

မနက်ဘက် တောင်ကြီးမြို့မစျေးတစ်ဝိုက် ပအိုဝ့်မကြီးတွေ စျေးရောင်း စျေးဝယ်လာသည့် မြင်ကွင်းတွေက ရှိနေသေးသည်။တောင်ကြီးမြို့ ညဘက်တွေက နှစ်လိုဖွယ်ရာရှိနေသေးသည်။

ယခုထိ တောင်ကြီးသည် ဆောင်းရာသီနှင့်တွဲကာ အမှတ်အသားတစ်ခုအဖြစ် ထင်ရှားနေဆဲ။တစ်ခေါက် တစ်ခါတော့ တောင်ကြီးမြို့သို့ ရိုးရာမပျောက်ခင် ရောက်ချင်ပါသေးသည်။

မောင်ဦးလွင်