【 ဆောင်းပါး 】 တရုတ်ခရီးသွားများနှင့် ကျိုက်ထီးရိုးစေတီတော်

【 ဆောင်းပါး 】 တရုတ်ခရီးသွားများနှင့် ကျိုက်ထီးရိုးစေတီတော်

မြန်မာနိုင်ငံတွင် ထူးခြားအံ့သြဖွယ်ရာများနှင့် ထင်ရှားလှသော ဘုရားစေတီများစွာ တည်ရှိပါသည်။

မိုးလေကင်းလွတ်သည့် ပွင့်လင်းရာသီကာလများတွင် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် ရှေးခေတ်ကာလကပင် တစ်နယ်မှ တစ်နယ်သို့ လှည်းယာဉ်များဖြင့် ဘုရားဖူးသည့် ဓလေ့ရှိခဲ့ကြသည်။ခေတ်ကာလ ပြောင်းလဲလာသည့်အခါ ဘုရားဖူးယာဉ်များဖြင့် စုပေါင်းသွားလာကြသည့် ပုံစံပြောင်းလဲလာပါသည်။

မြန်မာနိုင်ငံ၏ တောင်ဘက်တွင် တည်ရှိသော မွန်ပြည်နယ်၌ အထင်ရှားဆုံးဖြစ်သည့် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကို နှစ်စဉ် နှစ်တိုင်း သွားရောက်ဖူးမျှော်ကြသည့် ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည် အလွန်များခဲ့သည်။ကျိုက်ထီးရိုးစေတီတော်မြတ်တွင် သုံးရာသီပတ်လုံး ဘုရားဖူးဧည့်သည်မပြတ်ဘဲ အလွန်ပဲစည်ကားသော အထင်ကရ နေရာတစ်ခုဖြစ်သည်။

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသည် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အရှေ့ရိုးမတောင်တန်းအပါအဝင်ဖြစ်သည့် ပေါင်းလောင်းတောင်တန်း၊တောင်ထွဋ်အပေါ် ပင်လယ်ရေမျက်နှာပြင် အထက် (၃၆၁၅) ပေ အမြင့်တွင် တည်ရှိသည်။

တိဿရသေ့နှင့် သိကြားမင်း တည်ခဲ့သည်ဟု အဆိုရှိသော ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် တည်ပုံမှာ ကျောက်ဆောင်တစ်ခု၏ အစွန်းနား ပြုတ်လုနီးပါး တည်ရှိနေသည့် လုံးပတ်ပေ ၅၀ ခန့်ရှိသော ကျောက်လုံးတော်ကြီးပေါ်တွင် ဉာဏ်တော် ၁၅ ပေခန့် မြင့်သည့်  စေတီတော်တစ်ဆူ တည်ထားခြင်းဖြစ်သည်။မြတ်စွာဘုရား၏ ဆံတော်ဓာတ်တော်များ ကိန်းဝပ်ရာ စေတီတစ်ဆူဖြစ်သည်။

အောက်ခံကျောက်ဆောင်နှင့် ကျောက်လုံးကြားတွင် အပ်ချည်ကြိုးတစ်မျှင်စ သွင်းပြီးလျှင် ဆွဲယူနိုင်ခြင်း၊ စေတီတော် တည်ထားရာ ကျောက်တုံးကြီးသည် လူတစ်ယောက် တွန်းရုံမျှဖြင့် လှုပ်ရှားနိုင်ခြင်း အစရှိသည့် ထူးခြားဆန်းကြယ်မှုများနှင့် အမျိုးမျိုးသော သမိုင်းကြောင်းများရှိ၍ ကမ္ဘာလှည့် ဘုရားဖူးဧည့်သည်များကလည်း တကူးတက စိတ်ဝင်တစား လာရောက်လေ့လာခဲ့ကြခြင်းဖြစ်သည်။  

ကျိုက်ထီးရိုးစေတီတော်မြတ်၏ ထူးခြားဆန်ကြယ်မှုများသည် ကမ္ဘာ့နိုင်ငံများအထိ ထင်ရှားခဲ့သည်။နိုင်ငံတကာတွင် ကျိုက်ထီးရိုးစေတီတော်ကို Golden Rock ဟု တင်စား ခေါ်ဝေါ်ကြသည်။

ကျိုက်ထီးရိုးစေတီတော် တည်ရှိရာ ပတ်ဝန်းကျင်တွင် တောတောင်ရှုမျှော်ခင်းများဖြင့် အလွန်သာယာလှပသည်။ကျိုက်ထီးရိုးတောင်ဝန်းကျင်၌ သဘာဝကြိုးဝိုင်းသစ်တော မြေဧရိယာ ၃၈,၆၀၆ ဧက ရှိသည်။၎င်းသဘာဝကြိုးဝိုင်း သစ်တောဝန်းကျင်ကို ၁၉၉၉ ခုနှစ်ကတည်းက ကာကွယ်ထိန်းသိမ်းထားသောဇုန်အဖြစ် သတ်မှတ်ကြေညာခဲ့သည်။

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်သို့ တက်ရာလမ်းတစ်လျှောက်တွင် အပန်းဖြေရန် နားနေရာစခန်းများနှင့် မွန်ဒေသခံများ၏ ဈေးဆိုင်များရှိသည်။တောင်တက်လမ်းခရီးတွင် စေတီတော်များနှင့် နတ်ကွန်းများရှိ၍ ယုံကြည်ကိုးကွယ်သူများက တကူတက သွားရောက်ဖူးမျှော်ခြင်း၊ ပူဇော်ခြင်းများ ပြုလုပ်ကြသည်။

ကျိုက်ထီးရိုးစေတီ ဘုရားဖူးရာသီမှာ အောက်တိုဘာလမှ မေလအထိဖြစ်ပြီး ကိုဗစ်-၁၉ မတိုင်ခင်ကာလက ပြည်တွင်း၊ ပြည်ပ ဘုရားဖူး ခရီးသွားဧည့်သည့် အလွန်ပဲများခဲ့သည်။မိုးရာသီ ဝါတွင်းကာလတွင်လည်း ကျိုက်ထီးရိုးတောင်တစ်လျှောက် ဝါဆို၊ ဝါကပ်တော်မူကြသည့် သံဃာတော်များကို ဆွမ်း၊ ကွမ်း အစရှိသည့် လာရောက်လှူဒါန်းဆက်ကပ်သော အလှူရှင်များနှင့် ဘုရားဖူးမပြတ်ရှိနေခဲ့သည့် နေရာဖြစ်သည်။

ကိုဗစ်-၁၉ ကပ်ရောဂါမတိုင်ခင်က ကျိုက်ထီးရိုးစေတီတော်မြတ်သို့ နှစ်စဉ် သန်းနှင့်ချီသော ဘုရားဖူးသူများဖြင့် အလွန်စည်ကားခဲ့ပြီး ထိုင်း၊ တရုတ်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊တောင်ကိုရီးယား၊ အမေရိကန်၊ အင်္ဂလန် အစရှိသည့် ကမ္ဘာ့လှည့် ခရီးသွားဧည့်သည် အများအပြား လာရောက်လည်ပတ်ခဲ့ကြသည်။

ကျိုက်ထီးရိုးစေတီသို့ ထိုင်းလူမျိုးများနှင့် တရုတ်လူမျိုးတို့ အများဆုံးလာရောက် ဖူးမျှော်ခဲ့ကြသည်။လူမျိုးတိုင်း၊ နိုင်ငံတိုင်းတွင် မတူညီသော ကိုးကွယ်ယုံကြည်မှု ဓလေ့များရှိသော်လည်း မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ကိုးကွယ်ယုံကြည်မှု ဓလေ့များ အများစုတူညီကြသည်။

ကျိုက်ထီးရိုးစေတီတော်သည် တရုတ်ခရီးသွားများအတွက် ဘာသာရေးဆိုင်ရာ ယုံကြည်မှုနှင့် ယဉ်ကျေးမှု၊ ရှုခင်းအလှအပများဖြင့် အဓိကဆွဲဆောင်မှုရှိသော နေရာတစ်ခုဖြစ်သည်။ကျိုက်ထီးရိုးစေတီတော်၏ သမိုင်းတွင် နဂါးနှင့် ဆက်နွယ်သော ဒဏ္ဏာရီ၊ ပုံပြင်များလည်းရှိသည်။နဂါးသည် တရုတ်ယဉ်ကျေးမှုတွင်လည်း အထွဋ်အမြတ်ထားရာဖြစ်သည်။နဂါးများသည် တရုတ်ယဉ်ကျေးမှု၏ မရှိမဖြစ် အင်္ဂါရပ်တစ်ခုဖြစ်သည်။တရုတ်ရိုးရာယဉ်ကျေးမှုများအရ နဂါးများသည် ဘုန်းတန်ခိုးကြီးမားခြင်း၊ ကံကောင်းခြင်းနှင့် ခွန်အားကြီးမြင့်ခြင်းတို့ကို ကိုယ်စားပြုသည်။ကျိုက်ထီးရိုးဘုရားသို့ တရုတ်ခရီးသွားဧည့်သည်များ ၂၀၁၈ ခုနှစ် နောက်ပိုင်းတွင် လာရောက်လည်ပတ်သူများခဲ့သည်။

ကိုဗစ်-၁၉ ကာလနှင့် နိုင်ငံရေးမတည်ငြိမ်သောကာလအတွင်း ကျိုက်ထီးရိုးတောင်ပေါ်သို့ သွားရာလမ်းတွင် ပစ်ခက်မှုများဖြစ်ပွားခဲ့ပြီးနောက် ဘုရားဖူး ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ လျော့ကျသွားကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ခရီးသွားလာမှုများ အနည်းငယ်ပြန်လည်ပွင့်လန်းလာပြီး ကျိုက်ထီးရိုးစေတီတော်သို့ လာရောက်လည်ပတ်သူ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် သုံးသိန်းကျော်တွင် တရုတ်နိုင်ငံမှ ၁၃ ရာခိုင်နှုန်းကျော်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးမှ သိရသည်။

၂၀၂၃ ခုနှစ်၊ သြဂုတ်လအတွင်း မြန်မာနိုင်ငံ၌ ပြည်တွင်း၊ပြည်ပ ခရီးသွားဧည့်သည်များအတွက် သွားလာလည်ပတ်သင့်သည့် ခရီးစဉ်ဒေသ ၁၄ နေရာကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။၎င်းခရီးစဉ်များတွင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ ငွေဆောင်၊ ချောင်းသာ၊ ငပလီ၊ ပြင်ဦးလွင်၊ အင်း၊ ကလော၊ တောင်ကြီး၊ ကော့သောင်း၊ ကျောက်ဖြူ၊ မန်အောင်၊ ပူတာအို ဒေသတို့ဖြစ်သည်။ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည် သွားရောက်လည်ပတ်မှု အလွန်များခဲ့သည့် ကျိုက်ထီးရိုးစေတီတော်သည် လည်ပတ်သင့်သည့် ခရီးစဉ်ဒေသစာရင်းတွင် ပါဝင်ခြင်းမရှိပေ။

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးကို မြန်မာလူမျိုးတို့က အလေးအမြတ် ကိုးကွယ်အားထားပြီး လာရောက်ဖူးမျှော်ကြသကဲ့သို့ ပြည်ပနိုင်ငံများကလည်း စေတီတော်၏ ထူးခြားဆန်းကြယ်မှုများကိုလည်ကောင်း၊ လှပသော မြန်မာ့ကျေးလက်ဒေသကိုလည်ကောင်း၊ ပတ်ဝန်းကျင်၏ သဘာဝတောတောင် အလှတရားများကိုလည်းကောင်း စိတ်ဝင်တစား လာရောက်ဖူးမျှော် လေ့လာခြင်းဖြစ်သည်။

မွန်တို့ဌာနေ၊ ရာမညမြေတွင် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအပြင် ကျိုက္ခမီရေလယ်ဘုရား၊ ဝင်းစိန်တောရကျောင်း၊ လျောင်းတော်မူဘုရားကြီး၊ ရွှေစာရံ စသဖြင့် ထင်ရှားသော ဘုရားစေတီများစွာရှိသည်။

မြန်မာနိုင်ငံတွင် ထူးခြားဆန်းကြယ်သော ဘုရား၊ စေတီ၊ ပုထိုးများစွာရှိပြီး အလွန်လှပသော ခရီးစဉ်ဒေသ အမြောက်အမြား တည်ရှိနေရာ ဆံတော်ရှင် ကျိုက်ထီးရိုးတော်မြတ်၏ ကြီးမြတ်သော ဘုန်းတန်ခိုးနှင့် ထူးခြားဆန်းကြယ်မှုများသည် ရာမညမြေအတွက် ကြည်ညိုကိုးကွယ် အားထားစရာတစ်ခုသာမက ခရီးသွားလုပ်ငန်းများအတွက် ဆွဲဆောင်အားကြီးသော နေရာတစ်ခုလည်း ဖြစ်ပေသည်။

အမွန်