【 ဆောင်းပါး 】 တရုတ်နှစ်သစ်ကူးပွဲတော်ရက်များနှင့် ခရီးသွားလုပ်ငန်းများ

【 ဆောင်းပါး 】 တရုတ်နှစ်သစ်ကူးပွဲတော်ရက်များနှင့် ခရီးသွားလုပ်ငန်းများ

ကမ္ဘာတစ်ဝန်းမှာရှိသည့် နိုင်ငံများနှင့် လူမျိုးတိုင်းမှာဆိုလျှင် ယဉ်ကျေးမှုအလိုက် ကျင်းပကြသည့် နှစ်သစ်ကူးပွဲတော်ရက်များရှိသည်။ထိုနေ့ရက်များသည် တစ်နှစ်တာကာလလုံးတွင် ပျော်ရွှင်ဖွယ်ကောင်းသော နေ့ရက်များဖြစ်သည်။လူမျိုးအလိုက် ရိုးရာဓလေ့များကို ပြန်လည်ပတ်ဖော်ထုတ်ကြရင်း မိသားစု၊ မိတ်ဆွေများ၏ တစ်ဦးနှင့်တစ်ဦး နွေးထွေးသော ပုံရိပ်များ၊ လူမျိုးစုများ၏ စည်လုံးမှုပုံရိပ်များကို မြင်တွေ့ရသည့် ကာလဖြစ်သည်။  

ကမ္ဘာတစ်ဝန်းတွင် ခရစ္စမတ်ပွဲတော်၊ Happy New Year အထိမ်းအမှတ်ပွဲတော်တို့နှင့် တရုတ်နှစ်သစ်ကူးပွဲတော်များသည် နိုင်ငံတော်တော်များများ၌ ကျင်းပကြသော အထင်ရှားဆုံး ပွဲတော်များဖြစ်သည်။တရုတ်နှစ်သစ်ကူးပွဲတော်သည် ရက်ရှည်အားလပ်ရပ်ရပြီး မိသားစု၊ မိတ်ဆွေများနှင့်အတူ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများနှင့် အပန်းဖြေ ဖြတ်သန်းရသော ပွဲတော်ဖြစ်သည်။

တရုတ်နှစ်သစ်ကူးပွဲတော်များသည် တရုတ်လူမျိုးများအတွက် အလွန်အရေးပါသော ပွဲတော်ဖြစ်သည်။တရုတ်နှစ်သစ်ကူးပွဲတော်သည် ကမ္ဘာတစ်ဝန်းတွင် အထူးရေပန်းစားကာ တရုတ်၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ မကာအို၊ မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြောက်အမေရိကအပါအဝင် အနောက်ဥရောပရှိ အချို့နိုင်ငံများတွင်လည်း ကျင်းပကြသည်။

မြန်မာနိုင်ငံရှိ ဒေသတော်တော်များများ၌လည်း တရုတ်နှစ်သစ်ကူးပွဲတော်များကို နှစ်စဉ် ကျင်းပသည်။အားကစားပြိုင်ပွဲ၊ ရိုးရာအကအလှများနှင့် နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲများကို ကျင်းပကြသည်။မြန်မာနိုင်ငံတွင် ၁၂ လရာသီပွဲတော်များအပြင် တိုင်းရင်းသားတို့၏ ရိုးရာပွဲတော်များ၊ တရုတ်နှစ်သစ်ကူးပွဲတော်များကိုပါ ပါဝင်ဆင်နွှဲ ကျင်းပလေ့ရှိကြသည်။ တရုတ်နှစ်သစ်ကူးပွဲတော်သည် တရုတ်ပြက္ခဒိန်ပေါ် မူတည်၍ နှစ်စဉ် ဇန်နဝါရီလ ၂၀ ရက်မှ ဖေဖော်ဝါရီ ၂၀ ရက်အတွင်း ကျရောက်လေ့ရှိပြီး တရုတ်ရိုးရာပွဲတော်များထဲတွင် ကာလအရှည်ကြာဆုံး ကျင်းပသည့် ပွဲတော်ဖြစ်သည်။

နှစ်သစ်ကူးကာလရက်များတွင် ရပ်ဝေးမှာရောက်နေသော မိသားစုများ၊ ဆွေမျိုးသားချင်းများက မိမိတို့၏ နေရပ်သို့ ပြန်လေ့ရှိသည်။နိုင်ငံရပ်ခြားတွင် နေထိုင်သူများကလည်း မိမိတို့နိုင်ငံရှိ မိသားစုများထံသို့ ပြန်လည် လည်ပတ်ခြင်း၊ မိသားစုအလိုက် ခရီးထွက်ခြင်းများဖြင့် ခရီးစဉ်အများဆုံး ရောင်းချရသော ကာလတစ်ခုဖြစ်သည်။တရုတ်ပြည်အတွင်းနှင့် နိုင်ငံအရပ်ရပ်တွင် ကျောင်းတက်နေကြသော တက္ကသိုလ်ကျောင်းသားများစွာတို့သည် နှစ်သစ်ကူးကာလများ၌ တစ်ချိန်တည်းမှာပင် မိမိတို့နေအိမ်များသို့ ပြန်ကြသည်မှာ အစဉ်အလာတစ်ခုဖြစ်သည်။မွေးရပ်မြေမှ အလွန်ဝေးကွာသော မြို့ကြီးများ၌ အလုပ် လုပ်ကိုင်နေကြသော ရွှေ့ပြောင်းအလုပ်သမားများသည် နှစ်ကူးကာလ တစ်ပတ်၊ နှစ်ပတ် အားလပ်ရက်သည် ၎င်းတို့အတွက် အပျော်ရွှင်ဆုံးကာလဖြစ်သည်။အားလပ်ရက်မတိုင်ခင်ကပင် ကြိုတင်လက်မှတ်ဝယ်ကြသူများနှင့် ယာဉ်လိုင်း၊ မီးရထားလိုင်း၊ လေကြောင်းလိုင်းတို့တွင် တစ်နှစ်တာပတ်လုံး လက်မှတ်ဝယ်လိုအား အများဆုံးဖြစ်သည်။

နှစ်သစ်ကူး ရက်ရှည် အားလပ်ရက်ကာလအတွင်း ပေကျင်း၊ ဝူဟန်၊ ရှန်ဟိုင်း၊ ကွမ်ကျိုး အစရှိသည့် မြို့ကြီးများရှိ ခရီးစဉ်နေရာများတွင် ပြည်တွင်းခရီးသွားများနှင့် ပြည့်နှက်နေသလို ပြည်ပနိုင်ငံခရီးစဉ် သွားလာ လည်ပတ်သူများနှင့်လည်း စည်ကားနေသည်။

တရုတ်ခရီးသွား အများဆုံးသွားရောက်လည်ပတ်ကြသော ပြည်ပနိုင်ငံများတွင် ထိုင်းနိုင်ငံရှိ ဘန်ကောက်မြို့၊ ဂျပန်နိုင်ငံမှ အိုဆာကာနှင့် တိုကျိုမြို့များအပါအဝင် စင်ကာပူ၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့ဖြစ်သည်။တရုတ်ခရီးသွားများသည် အာရှဒေသသို့ ခရီးအများဆုံးထွက်လေ့ရှိသည်။မြန်မာနိုင်ငံသည်လည်း တရုတ်ခရီးသွားများ လာရောက်လည်ပတ်မှု ပိုများလာသော နိုင်ငံတစ်ခုအဖြစ် ရှိနေပါသည်။   

တရုတ်နိုင်ငံတွင် ၂၀၂၂ ခုနှစ် နှစ်ကူးကာလအထိ  ကိုဗစ်-၁၉ ကန့်သတ်ချက်များနှင့် ကျင်းပခဲ့ရပြီး ၂၀၂၃ ခုနှစ်တွင် ကိုဗစ်-၁၉ ကို ကျော်လွှားနိုင်ခဲ့ပြီဖြစ်ကာ ပို၍ပျော်ရွှင်စရာကောင်းသော နှစ်သစ်ကူးကာလဖြစ်လာခဲ့သည်။သို့ဖြစ်၍ ၂၀၂၃ ခုနှစ် နှစ်သစ်ကူးကာလတွင် အွန်လိုင်းမှ ခရီးသွားလက်မှတ်များ ဝယ်ယူမှု သိသိသာသာ ပြန်လည်တိုးတက်လာခဲ့သည်။

တရုတ်နိုင်ငံ၏ အကြီးဆုံး အွန်လိုင်းခရီးသွားအေဂျင်စီ (OTAs) ၏ အစီရင်ခံစာအရ ၂၀၂၃ ခုနှစ် တရုတ်နှစ်သစ်ကူးကာလအတွင်း ပြည်တွင်း၊ ပြည်ပ ခရီးသွားဘိုဘင် ကြိုတင်မှာယူသည် ယခင်နှစ်များထက် လေးဆခန့် မြင့်တက်ခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် တရုတ်နှစ်သစ်ကူးအားလပ်ရက်အတွင်း တရုတ်နိုင်ငံတွင် ပြည်တွင်းခရီးသွားဦးရေ ၂၂၆ သန်းရှိပြီး ယမန်နှစ်ထက် ၇၄ ရာခိုင်နှုန်း တိုးလာကြောင်း တရုတ်နိုင်ငံမှ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဖော်ပြခဲ့သည်။

တရုတ်နှစ်သစ်ကူး အားလပ်ရက်အတွင်း တရုတ်နိုင်ငံ၊ ဟိုင်နန်ကျွန်းရှိ အပူပိုင်းကမ်းခြေမှ တောင်ထူထပ်သော ယူနန်ပြည်နယ်ရှိ ရှေးဟောင်းရွာများအထိ သွားရောက်လည်ပတ်ကြသည်။တရုတ်နိုင်ငံသည် အလွန်ကျယ်ပြောပြီး သွားလာလည်ပတ်စရာ ထင်ရှားသော နေရာများစွာရှိသည်။နှစ်ကူးအားလပ်ရပ်များတွင် ထင်ရှားသော ခရီးစဉ်ဒေသများစွာရှိသည်။

တရုတ်နှစ်သစ်ကူး ပွဲတော်ရက်ကာလများတွင် ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ စင်ကာပူ စသော နိုင်ငံများက တရုတ်ခရီးသွားများ လာရောက်လည်ပတ်ရာတွင် အဆင်ပြေချောမွေ့ရန် ဝန်ဆောင်မှုကောင်းများဖြင့် သွားလာလည်ပတ်စရာကောင်းသော ခရီးစဉ်ဒေသများကို ကြော်ငြာကြသည်။အထူးသဖြင့် ထိုင်းနိုင်ငံသို့ တရုတ်ခရီးသွားများ သွားရောက်လည်ပတ်မှု ပိုများခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ တရုတ်ခရီးသွား တစ်သန်းကျော် လည်ပတ်သည်ဟု သိရသည်။

မြန်မာနိုင်ငံသို့ တရုတ်ခရီးသွားဧည့်သည်များ ကိုဗစ်-၁၉ ကာလမတိုင်ခင်က လာရောက်လည်ပတ်မှု အလွန်များခဲ့သည်။မြန်မာနိုင်ငံတွင် ကိုဗစ်ကာလနှင့် နိုင်ငံရေးအခြေအနေများကြောင့် ပြည်ပခရီးသွားလုပ်ငန်းများ ကျဆင်းခဲ့သော်လည်း တရုတ်ခရီးသွားဧည့်သည်များသည် အခြားသော နိုင်ငံများထက် လာရောက်လည်ပတ်မှု ပိုများသည်။မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍ ပြန်လည်တိုးတက်လာစေရန် လေကြောင်းလိုင်းများ တိုးချဲ့ပြေးဆွဲခြင်း၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့အား Tourism Visa On Arrival ခွင့်ပြုခြင်းများ ဆောင်ရွက်လျက်ရှိသည်။ထိုင်း၊ တရုတ် စသည့် အိမ်နီးချင်းနိုင်ငံများတွင် ကိုဗစ်ကာလအပြီး ခရီးသွားလုပ်ငန်းများ ပြန်လည်တိုးတက်လာခဲ့သည်။

၂၀၂၄ ခုနှစ်၊ တရုတ်နှစ်သစ်ကူးကာလတွင် ကမ္ဘာတစ်ဝှမ်း၌ ယခင်နှစ်ထက် ပိုမိုစည်ကားသော ပုံရိပ်များကို မြင်တွေ့ရမည်ဖြစ်၍ ခရီးသွားလုပ်ငန်းဖြင့် ဝင်ငွေများစွာရသော နိုင်ငံများအတွက် ရွှေရောင်နေ့သစ်များကို မြင်တွေ့ရမည်ဖြစ်ပေသည်။

ရေမြေသဘာဝအလှတရားများနှင့် ၁၂ ရာသီပွဲတော်များရှိသော မြန်မာနိုင်ငံသည်လည်း ခရီးသွားလုပ်ငန်းများ ပြန်လည်တိုးတက်လာမည့် အချိန်ကာလကို ရောက်ရှိလာမည်ဖြစ်သည်။ထိုအခြေအနေကိုမရောက်ခင် ခရီးစဉ်ဒေသများတွင် စီမံခန့်ခွဲမှုကောင်းစွာဖြင့် ကြိုတင်ဆောင်ရွက်ခြင်းများက မလွဲမသွေ ပြုလုပ်ထားရမည့် အရာများသာဖြစ်သည်။

အမွန်