【 ဆောင်းပါး 】 နားလိုက်တော့ ဆေးလိပ်

【 ဆောင်းပါး 】 နားလိုက်တော့ ဆေးလိပ်

အသက် ၁၈ နှစ်အရွယ်၊ ဟိုး…အဝေးတစ်နေရာကနေ ကျနော်ပြန်လာတော့ မျက်မှောက်ကို တင်းတင်းကြုတ်ကာ ဆေးလိပ်ချည်း မဲဖွာလို့နေပါတယ်။ ၁၀ တန်းလည်းမအောင်သေး၊ အလုပ်လည်း မယ်မယ်ရရ မရှိသေး။ခန္ဓာကိုယ်ကလည်း အရိုးဂေါက်ဂက် ပါးလျလျ။ဆေးလိပ်ကြီးတကားကားနဲ့ ဘယ်လိုမှကြည့်ရအဆင်မပြေ။

ဆေးလိပ်ဆန့်ကျင်ရေးသမား ကျနော့်ဘကြီးက မျက်မှောက်ကြီးကြုတ်နေတာနဲ့ ဆေးလိပ်မဲဖွာနေတာကို မကြိုက်ပေမဲ့ စာအုပ်တစ်အုပ်နဲ့ ငြိမ်သက်နေတာကိုတော့ သိပ်သဘောကျပုံပါပဲ။စိတ်တွင်းဒဏ်ရာတွေ နက်နက်နဲနဲနဲ့ လူရုပ်မပေါက်တော့တဲ့ သူ့တူကို ကောင်းကောင်းစာနာတတ်လေတော့ တစ်ခွန်းအပြစ်မဆို။

ကျနော်ကလည်း ဆေးလိပ်သောက်တာ ဘကြီး မကြိုက်မှန်းသိလို့ ဘကြီးရှေ့မှာ လုံးဝမသောက်။သိသာသိစေ၊ မမြင်စေနဲ့။ကျနော့်အဘွားကတော့ သူကိုယ်တိုင်ကလည်း ငယ်ဘဝကနေ အဲဒီအချိန်ထိ ဆေးလိပ်သောက်နေတာမို့ ဘာမှမပြော။အဘွားသောက်နေကျ ပြောင်းဖူးဖက်ဆေးလိပ်ကိုပဲ မြေးအဘွားနှစ်ယောက် သူတစ်ရှိုက် ကိုယ်တစ်ရှိုက်နဲ့ ဟုတ်လို့။

တောမှာ ၂ လ၊ ၃ လကြာ အားပြန်မွေးပြီးနောက် နည်းနည်း လူတစ်လုံးသူတစ်လုံးဖြစ်လာလို့ ရန်ကုန်ပြန်မယ်ဆိုတော့ ဘကြီးက ‘ငါ့တူကြီး ဆေးလိပ်လျှော့သောက်ကွာ၊ ကျန်းမာရေးထိခိုက်မယ်’ တဲ့။ဘကြီးရဲ့ စေတနာကြီးမှုကို ကျနော်နားလည်တော့ မျက်လုံးချင်းမဆိုင်ဘဲ ဟုတ်ကဲ့လို့ ကျနော်ပြန်ပြောလိုက်တယ်။

ဒါပေမဲ့ ရန်ကုန်ရောက်တော့လည်း ဘယ်လျှော့သောက်ဖြစ်မလဲ။တောင်ဥက္ကလာမှာ နာမည်ကြီးတဲ့ လမင်းဆိုတဲ့ ဆေးပေါ့လိပ်ကို လက်ကြားကမချ။စာအုပ်တစ်အုပ်၊ ဆေးပေါ့လိပ်တစ်လိပ်၊ လက်ဖက်ရည်တစ်ခွက်နဲ့ လက်ဖက်ရည်ဆိုင်ထောင့်ကွေးမှာ ကိုယ့်ကိုယ်ကိုယ်ဟုတ်လှပြီ အထင်နဲ့။

အိမ်မှာ အဖေရှေ့ ဆေးလိပ်မသောက်ပေမဲ့၊ အမေက အေးဆေးမို့ အဖေအိမ်မှာမရှိတဲ့အချိန် ကြိုက်သလိုသောက်။ကိုယ့်အခန်းထဲက ခုတင်ဘေး ချထားတဲ့ ဆေးလိပ်ပြာခွက်မှာ ဆေးပေါ့လိပ်အဆင်သင့်။ညဘက် ခြင်ထောင်မချခင်အချိန်ထိသောက်၊ တရေးနိုးလာရင်လည်း လက်က ဆေးလိပ်ဆီ အရင်။မနက်မိုးလင်း နိုးလာပြီဆိုရင်လည်း မျက်နှာမသစ်ခင် ဆေးလိပ်လေး အရင်ဖွာလိုက်ရမှ။ဆိုတော့ ဆေးလိပ်သောက်မနေလည်း ကျနော့်တစ်ကိုယ်လုံး ဆေးလိပ်နံ့ကိုစွဲလို့။ကျနော့်ရဲ့ အဝတ်အစားတွေမှာလည်း ဆေးလိပ်မီးပေါက်တွေ၊ ဆေးလိပ်နံ့တွေနဲ့ လူ့ဘဝတစ်ခုလုံးကို ဆေးလိပ်က လွှမ်းမိုးထားသလိုမျိုး။

အဲဒီလောက်လွှမ်းမိုးလွန်းတာကို ကျနော်စိတ်သဘာဝက လက်မခံချင်ပေမဲ့ ဒီအတိုင်းအလျှော့ပေး အညံ့ခံထားလိုက်တယ်။တစ်ခါတလေကျတော့လည်း ဆေးလိပ်သောက်ရတာများလာတော့ ငြီးငွေ့လာတယ်။ဆေးလိပ်ဖြတ်ရင် ကောင်းမလားဆိုတဲ့အတွေးမျိုး ဝင်လာတယ်။ပြီးတော့ ခန္ဓာကိုယ် လှုပ်လှုပ်ရှားရှားလုပ်တာနဲ့ မောလာတတ်တာကြောင့် ဆေးလိပ်တော့ လျှော့သောက်မှဖြစ်မယ်လို့လည်း တွေးမိတယ်။

ဒါနဲ့ စိတ်ရူးပေါက်တဲ့ တချို့ရက်တွေမှာ ဆေးလိပ်ကို အတိုင်းအထွာသတ်မှတ်ပြီး လျှော့သောက်ဖို့ အစီအစဉ်ချလိုက်တယ်။တစ်ရက်၊ နှစ်ရက်တော့ သတ်မှတ်အစီအစဉ်အတိုင်း အံတင်းတင်းကြိတ်။သုံး၊ လေးရက်လောက်ကြာတော့ ဒုံရင်းအတိုင်းပြန်ဖြစ်၊ ဆက်အညံ့ခံလိုက်။

ဒါနဲ့ ဆေးလိပ်ကို တိတိပပဖြတ်ခဲ့တဲ့ အစ်ကိုကြီးတစ်ယောက်နဲ့ စကားလက်ဆုံကျမိ။သူဆေးလိပ်ဖြတ်ရခြင်းအကြောင်းနဲ့ ဆေးလိပ်ဖြတ်ခဲ့တဲ့ အတွေ့အကြုံကို နာယူမိတယ်။

‘အစ်ကို ဆေးလိပ်ဘာလို့ဖြတ်လိုက်တာလဲ’

‘ကျနော် ဆေးလိပ်သောက်တုန်းကလည်း ခင်ဗျားလိုပဲ သဲကြီးမဲကြီးသောက်ခဲ့တာ။ကြာလာတော့ ဆေးလိပ်က ကိုယ့်ကို ဗိုလ်ကျလာတယ်လို့ ခံစားရလာတယ်။အဲဒါက ဆေးလိပ်ဖြတ်ရတဲ့ အရေးကြီးဆုံးအချက်ပဲ။ပြီးတော့၊ နောက်တစ်ချက်က အလုပ်ရှုပ်တယ်လို့ ထင်လာတယ်။နံပါတ် ၃ အချက်ကတော့ ကိုယ့်ရဲ့ ဘဝလမ်းကိုပါ ပိတ်လာတယ်လို့ ထင်လာတယ်။အဲဒီ ၃ ချက်ကို ပြိုင်တူဖိအားပေးလာတဲ့အချိန်မှာ ဖြတ်လိုက်တာပဲ’

‘ဘဝလမ်းကို ပိတ်လာတယ်ဆိုတာ ဘာကိုပြောတာလဲ’

‘ကျနော့်အလုပ်က စွမ်းဆောင်ရည်ကောင်းတဲ့ ဝန်ထမ်းထဲမှာ ကျနော်က ထိပ်ဆုံးကပါတယ်။ဒါပေမဲ့၊ သူဌေးက မဖြစ်မနေ ကျနော်နဲ့ စကားပြောရပြီဆို ဆေးလိပ်နံ့မွှန်ထူနေလို့ နှာခေါင်းရှုံ့။မန်နေဂျာမကြီးကလည်း အဲလိုပဲ။ကိုယ်က သောက်နေတဲ့လူဆိုတဲ့ ကိုယ့်အနံ့ တော်တော်နံမှန်း ဘယ်သိမလဲ။လူကြီးတွေနဲ့ တွေ့ခါနီးမှာ သွားတိုက်ပြီးသွားပေမယ့် ဆေးလိပ်က ကိုယ်မှာစွဲနေပြီကိုး။သူတို့နဲ့ ဒါ့ထက်ပိုပြီး နီးနီးကပ်ကပ် ထိတွေ့ချင်ရင် ဆေးလိပ်ဖြတ်မှဖြစ်မယ်လို့ သဘောပေါက်လာတာ။သူတို့က အဲဆေးလိပ်နံ့ကို ဘဝင်မကျတာကြောင့် ကျနော့်တက်လမ်းက ခက်နေတာ’

‘အစ်ကို ဆေးလိပ်ဖြတ်တော့ တဖြည်းဖြည်းလျှော့သောက်လိုက်တာလား’

‘အဲလိုမရဘူး။ကျနော်စမ်းပြီးပြီ။ဖြည်းဖြည်းချင်းလျှော့သောက်ပြီး ဖြတ်ရင် ဘယ်တော့မှမပြတ်ဘူး။ဒုံးတိဖြတ်ရတာ။ဖြတ်ဖြတ်ချင်း တစ်ရက်၊ နှစ်ရက်တော့ နည်းနည်းခံနိုင်အောင် ချိုချဉ်လေးဘာလေး ငုံပေါ့။ကျနော်ကတော့ နည်နည်းလူမိုက်ဆန်ဆန်ပဲ သူစိမ်းချိုး ချိုးဖြတ်တယ်’

‘ဘယ်လိုလူမိုက်ဆန်တာလဲ’

‘ဘာချိုချဉ်မှ မငုံဘူး။ဒီအတိုင်း ပလိန်းကြီး ဖြတ်ချပစ်တယ်။ပြီးတော့ အနားမှာ ဆေးလိပ်သောက်သူရှိလည်း မရှောင်ဘူး။ဆေးလိပ်ငွေ့ကို ခပ်ရဲရဲရှူပစ်လိုက်တယ်။မင်းက ဘာမို့ ငါမဖြတ်နိုင်ရမှာလဲဆိုပြီး စိန်ခေါ်တဲ့သဘောပေါ့’

အဲဒီလို အစ်ကိုတစ်ယောက်ရဲ့ ဆေးလိပ်ဖြတ်ရခြင်းနဲ့ ဆေးလိပ်ဖြတ်နည်းကို သိရတော့ အားတက်မိတယ်။ဒီကြားထဲ အမေက အဲဒီဆေးလိပ်ကိစ္စ နေ့စဉ်ဆိုသလိုပြောဆို၊ ဆေးလိပ်မသောက်ရ မနေနိုင်တဲ့ ဆေးသမားဆိုပြီး စွဲချက်က ပြင်းထန်လာတာကြောင့် တစ်ရက်မှာ သက်ပြင်းကိုဖြည်းဖြည်းလေးချ၊စိတ်ကိုလည်း ဖြည်းဖြည်းလျှော့ချပြီး အိတ်ကပ်ထဲက ဆေးပေါ့လိပ်ကို ချိုးပစ်လိုက်တယ်။မှတ်မှတ်ရရ၊ အဲဒီတုန်းက မနက်ခင်း ၉ နာရီဝန်းကျင်။
    
အမေ့ကိုပြောလိုက်တယ်။အမေထင်သလို ကျနော်ဆေးလိပ်မသောက်ရ မနေနိုင်ပုံစံ စွဲမနေ။တစ်နှစ်ဖြတ်ပြမယ်လို့။ဒုံးတိကို ဖြတ်ချလိုက်တယ်။ကတုန်ကယင်တွေ ဘာတွေမဖြစ်။သိပ်အနေခက်တာမျိုးမဖြစ်။တစ်ခုခုလိုအပ်နေတာမှန်ပေမယ့် ဆေးလိပ်ပြန်သောက်ရင် ကောင်းမလားလို့ တစ်ချက်အတွေးမဝင်။အံတင်းတင်းကြိတ် ခံပစ်။ ၅ ရက်လောက်ရောက်တော့ ဆေးလိပ်ကင်းမဲ့ဇုန်မှာ နေသားကျလာသလို။တစ်ပတ်ကျော်ကြာတော့ အံကြိတ်ထားသမျှ၊ လက်သီးကို တင်းတင်းဆုပ်ထားသမျှ သက်သောင့်သက်သာ ဖြည်ချလိုက်နိုင်တယ်။

နောက် ၂ လ၊ ၃ လကြာတော့ ကျနော့်ရင်ခေါင်းထဲ နှစ်ခြိုက်စွာ ရှိုက်သွင်းခဲ့တဲ့ ဆေးလိပ်ငွေ့ကို တော်တော်နံနေသလိုမျိုး ပြန်ခံစားရ။ကျနော်ဟာ ဆေးလိပ်ငွေ့ကင်းစင် လူသားတစ်ယောက်အဖြစ်။

ငြိမ်းဆက်