【 ဆောင်းပါး 】 နေတတ်သလို နေတတ်လာကြပြီ

【 ဆောင်းပါး 】 နေတတ်သလို နေတတ်လာကြပြီ

အိမ်ဘေးတွင် မြေကွက်လေးရှိသည်။ထိုမြေကွက်က ကျနော်တို့ အိမ်ဝယ်ကတည်းက ရှိနေခြင်းဖြစ်သည်။အရင်ကတော့ ထိုမြေကွက်လေးမှာ ကလေးတွေ လာကစားကြသည်။ညနေဘက်ဆို လူကြီးခြင်းဝိုင်းလေးရှိသည်။ကျနော်လည်း တစ်ခါတလေ စာသင်ပြန်စောသည့်အခါ ဝင် ခြင်းခတ်ကစားလေ့ရှိသည်။ကိုဗစ်ဖြစ်သည့်အခါ ထို မြေကွက်လေးမှာ ကစားသူလည်းမရှိတော့။ခြင်းခတ်သူလည်းမရှိတော့။ဒီတော့ အရင်ကတည်းက မြေလွတ်ဖြစ်နေသည့် ထိုနေရာမှာ အပင်များဖုံးလာသည်။
 
တချို့က ဒီနေရာကို လိုချင်ကြသည်။ထိုနေရာသည် ယခင်မြေကွက် မြေပုံအရ စည်ပင်ပိုင်မြေအဖြစ် ပြထားသဖြင့် ဘယ်သူမှ တိတိလင်းလင်း မကျူးကျော်ရဲကြ။အထူးသဖြင့် ခေါင်းရင်းဘက်မှာရှိသည့် ကျနော်က ကျောင်းဆရာ၊ ခြေရင်းဘက်မှာက လမ်းဖြစ်ပြီး တစ်ဘက်လမ်းအကျော်မှာက  ရပ်ကွက်ရုံးရှိနေသဖြင့် လိုချင်သော်လည်း မျက်စောင်းသာထိုးနိုင်သည့် မြေကွက်လေးဖြစ်သည်။
 
ထိုမြေကွက်လေးတွင် ရေသန့်ပို့သည့် အိမ်က ရေဗူးလေးတွေ လာချသည်။ကျနော်ကတော့ ကိုယ်နှင့်မဆိုင်သဖြင့် ဘာမှ မပြော။ဒီမြေကွက်က ရပ်ကွက်ပိုင်သဘောမျိုးဆိုတော့ ကိုယ့်မှာပြောချင်လည်း ပြောခွင့်မရှိ။ကလေးတွေက ကိုဗစ်လျော့သွားသည့်အခါ ဘောလုံးကန်ကြသည်။ဘောလုံးကန်ကြသည့်အခါ ဂိုးတိုင်အဖြစ် ရေဘူးတွေကို ထောင်ထားကြသည်။ထိုအခါ ရေသန့်အိမ်နှင့် လမ်းထဲက ကလေးတွေ ပြဿနာစတော့သည်။ 
 
နောက်တော့ ထိုဝင်းလေးက ခြံသဘောမျိုးခတ်ကာထားသည်။ရပ်ကွက်ရုံးဘေးမှာ ဒီလိုလုပ်တာဆိုတော့ ပိုင်ရာဆိုင်ရာရှိလို့ လုပ်တာဟုရပ်ကွက်ကထင်ပြီး ပွစိပွစိသာလုပ်ကြသည်။ဘယ်သူမှ အကြောက်အကန် ခြံခတ်လိုက်တာကိုမပြော။
 
နောက်တော့ ရေသန့်ပို့တဲ့သူတွေနေဖို့ တဲလေးထိုးသည်။ညဘက်ဆို ရေသန့်ပို့သည့် ကလေးတွေက သောက်သောက်စားစားဆိုတော့ တော်ရုံတန်ရုံ ညဘက်ဆိုမအိပ်ဘဲ မူးနေကြတာများသည်။တစ်ခါတရံ ဂစ်တာတီးကြ၊ တစ်ခါတရံ သောက်ကြစားကြ ရန်ဖြစ်ကြဆိုတော့ ရပ်ကွက်နှင့် အဆင်မပြေတော့။ဒီခေတ်ဒီအခါဆိုတော့ ဘယ်သူ့ကို တိုင်ရတောမှန်းမသိ။ဒီတော့ ကိုယ်အန္တရာယ်အဖြစ်ခံပြီး ဘယ်သူမှ အမုန်းခံပြီး မပြော။ဒီတော့ ပိုပြီးအတင့်ရဲလာသည်။ညဘက်ဆို ရပ်ကွက်ကို စောင်းမြောင်းပြောရတာနှင့်။ရပ်ကွက်ထဲက လူငယ်တွေကလည်း အံတကြိတ်ကြိတ်နှင့်။
 
ကျနော့်အိမ်က ထိုအကွက်နှင့် အနီးဆုံးဖြစ်ပြီး၊ခြံဝိုင်းခြင်းကပ်နေသည့်ဖြစ်ရာ ညဘက်ဆို တံခါး လုံလုံပိတ်ပြီး အိမ်ရသည်။ချိုးချိုးချွတ်ချွတ်ကြားရသည်နှင့် ချောင်းဟန့်သံပေးရသည်။ညဘက်လည်း အိပ်ရတာ အမေက အသက်ကြီးပြီဆိုတော့ တော်ရုံအသံဆို နိုးနေပြီ။ခြေရင်းက ရေသန့်ကလေးတွေက ညဘက် တော်ရုံမအိပ်။ဒီတော့ ကျနော်မှာ ညဘက် အမေကို စောင့်အိပ်ရတာနှင့် ကင်းစောင့်ရတာနှင့် အိပ်ရေးမ၀သလို မလုံခြုံသလို ခံစားရသည်။
 
ကိုဗစ် ပထမနှစ်တွေမှာ စိတ်ထဲလုံခြုံသလောက် ကိုဗစ် ဒုတိယနှစ်၊ တတိယနှစ်တွေကတော့ လူတွေမှာ ရိုင်းပင်းစိတ်ပျောက်လာကြသည်။ရိုင်းပင်းစိတ်ရှိသည်ဆိုဦးတော့ သေဘေးနှင့် စားဝတ်နေရေးအခက်အခဲကြောင့် မကူမကယ်နိုင်တော့။ကျနော့်အလုပ်က စာသင်ရသည့်အလုပ်ဖြစ်ရာ ယခင်ကထက် စာသင်ဝိုင်းတစ်ဝိုင်းရဖို့ ခက်လာသည်။စာသင်ဝိုင်းရသည်ဆို သွားရလာရတာကို တွက်ရသေးသည်။ကလေးတွေကို နီးရာမှာ စုခိုင်းပြီး ကိုယ်က သွားသင်ရသည်ဆိုသော်လည်း ယခင်ကလို မိုးချုပ်သည်အထိ နေလို့မရတော့။ဖုန်းဆိုလည်း အနှိုက်ခံရတာ နှစ်ခါ မကတော့။ဒီတော့ ကီးပတ်လေးနှင့် သွားရလာရသည်။
 
ဒီလိုအခက်အခဲကြားမှာ ညဘက်အိပ်ရေးပျက်တာကများတော့ လူကထိလာသည်။ကားစီးလျှင် ကြာကြာမစီးနိုင်။လူကြပ်ကြပ်မှာ မွန်းကြပ်ပြီး ကားပြတ်ပြတ်မှာ အချိန်က အကုန်မခံနိုင်သဖြင့် လမ်းတွင်တွင်သာလျှောက်သည့်နည်းကို ရွေးရသလို ကိစ္စရှိလို့ ဟိုဘက်ဒီဘက်မြို့နယ်သာခြားလျှင် စက်ဘီးဖြင့် သွားသည်။ထို့ကြောင့် စိတ်က အရင်လို အကောင်းဘက်ကမရှိ။ဒီတော့ အမေက ညဘက် ဘုရားရှိခိုးဖို့ တရားထိုင်ဖို့ တွင်တွင်သတိပေးလေသည်။ဘယ်သူမတရားလုပ်လုပ် တရားကို နတ်စောင့်တယ်သာ တွင်တွင်ပြောလေသည်။
 
အစောပိုင်းက ရေသန့်ကိစ္စ ဆက်ကြဦးစို့။ရေသန့်အိမ်က ထိုမြေကွက်တွင် အိမ်ဆောက်ဖို့ပါပြင်သည်။ထိုမြေကွက်တွင် အစောပိုင်းက တဲထိုးပြီး ရေသန့်ကလေးတွေနေတာ ပြဿနာမရှိ။အခု အိမ်ပါဆောက်မည်ဆိုတော့ ရပ်ကွက်က လှုပ်လာသည်။ဘယ်သူ့ဆီကနေ ပိုင်လို့ ဒီလိုလုပ်တာလဲ။ဘယ်သူကရောင်းလို့ ပိုင်သွားတာလဲ၊ ဘယ်သူကခွင့်ပြုတာလဲဆိုတာ ဖြစ်လာသည်။ဒီတော့ အနီးစပ်ဆုံး ကျနော့်ဆီ ဦးတည်လာသည်။ဦးလေးမပြောဘူးလားဆိုသည့် အမေးတွေ။ကျနော်ဘာမှဖြေဖို့မရှိ။ဒီလိုခေတ်မှာ ဘယ်သူနဲ့ ဘယ်လိုပိုင်လို့ ဒီလိုလုပ်သလဲဆိုတာ မသိ။သို့သော် အများဆိုင်သည့်အခါ ထိုသို့လုပ်လို့မရတာကိုတော့ သိသည်။ဒီတော့ သက်ဆိုင်ရာ စည်ပင်ဆီသွားဖို့သာပြောသည်။ကျနော်ကတော့ ဒီရေသန့်အိမ်နှင့် စကားမများလိုတာမဟုတ်။ကြောက်လို့လည်းမဟုတ်။ဒီအချိန်မှာ ဓမ္မဆိုတာ ပျောက်နေတော့ ကိုယ့်ဘက်က မှန်လျှင် အချိန်တစ်ခုတော့ စောင့်ပေးရမည်ဆိုသည်ကို လက်ခံထားသဖြင့်ဖြစ်သည်။ 
 
သို့သော် လူတိုင်းက ကိုယ့်လို ရွှေပြည်အေးသမားမဟုတ်။သူဒုတ် ကိုယ်ဒုတ်-သူဓား ကိုယ်ဓားဆိုတာရှိလေတော့ ထိုသို့အိမ်ဆောက်ရန် ကွန်ကရစ်ဘုတ်တိုင်တွေ လာချပြီး တစ်ပတ်မကြာခင်မှာပင် ထိုမြေကွက်လပ်မှာ နဂိုအတိုင်း မြေပြောင်ပြောင် ပြန်ဖြစ်သွားသည်။
 
ထိုရက်ပိုင်း ကျနော်မှာ ဇာတိရပ်ရွာမှာ ကထိန်ရှိသဖြင့် အိမ်ကို တူတွေ၊ တူမတွေနဲ့ထားပြီး တစ်ပတ်လောက်သွားခဲ့ရာ ပြန်အရောက်တွင် ရေသန့်သမားတွေလည်း မရှိ။မြေကွက်လွတ်ထဲ ကလေးတွေ ယခင်လို ဘောလုံးပြန်ကစားနေသဖြင့် စိတ်ထဲ အတော်လေးကို ချမ်းသာကာ အဝေးကပြန်လာသဖြင့် ပင်ပန်းလာသည့်စိတ်ပင် ပျောက်သွားလေသည်။
 
ပြန်ရောက်ပြီး မကြာခင် လမ်းထဲက လဘက်ရည်ဆိုင်ထိုင်ဖော်ထိုင်ဖက်က ရောက်လာသည်။သူလည်း ထိုကိစ္စမသိသေး သူ ကျနော့်ကို သေသေချာချာပြောပြလိုဟန်ရှိသည်။ကျနော်ကလည်း သိလိုနေသည့်အခါ ရေငတ်တုန်း ရေတွင်းထဲကျဆိုသလို လဘက်ရည်ဆိုင်မှာ နှစ်ယောက်သား ထိုအကြောင်းစုံကို ပြောပြသည်။ဒီတော့မှ ကျနော့်မှာ ဖြစ်သမျှအကြောင်းစုံကို သိရပြီး ငါတို့မှာ သူဒုတ် ကိုယ်ဒုတ်-သူဓား ကိုယ်ဓားဆိုသလို တုံ့ပြန်တတ်သည်သူတွေသာမရှိပါက မြေကွက်တစ်ခုလုံး ဆုံးရှုံးသွားနိုင်ပါလားဆိုသည်ကို တွေးပြီး ရင်မမိတော့သည်။
 
ဖြစ်ပုံက ဒီလို။ရေသန့်အိမ်က ထိုမြေကွက်လွတ်ကို မျက်စိကျနေတာကြာပြီ။တိုင်းရေးပြည်ရေး မငြိမ်သက်သည့်အခါ ယခင်ရပ်ကွက်လူကြီးလုပ်သူကို နှုတ်ဖြင့် ခွင့်ပြုချက်တောင်းပြီး ထိုနေရာတွင် ရေသန့်ဘူးတွေ ထားသည်။နောက်တော့ သူခွင့်တောင်းခဲ့သည့် လူကြီး ရပ်ကွက်ကနေ တခြားကိုပြေးသည့်အခါ သူက ထိုမြေကွက်ကို သူဝယ်ထားသလိုနှင့် အပိုင်သိမ်းဖို့ကြံပြီး ထိုနေရာကို တခြားသူတွေဝင်မစွက်ဖက်နိုင်ရန် စရိုက်ခပ်ကြမ်းကြမ်းလူတွေကိုခေါ်ပြီး နေရာချကာ အိမ်ဆောက်ရန် ကြံခြင်းဖြစ်သည်။
 
အိမ်ဆောက်ပြီးပါက ထိုနေရာကိုရောင်းရန် စီစဉ်ထားပြီး ပွဲစားတစ်ဦးကိုတောင် ကြိုပြောထားသည်ဟု ဆိုသည်။
 
သူတို့ အိမ်ဆောက်ဖို့ပြင်တော့ ရပ်ကွက်ထဲက လူတစ်ယောက်က စည်ပင်ရုံးက အသိတစ်ယောက်ကို အကူညီတောင်းကာ ထိုကိစ္စကို  ဖြေရှင်းလိုက်ခြင်းဖြစ်သည်။ရုံးက ထိုကိစ္စကို ဆင်းလာကြည့်သည့်အခါ အကုန်ဖျက်ခိုင်းပြီး စည်ပင်ပိုင်မြေ မကျူးကျော်ရဆိုသည်ပါ ဆိုင်းဘုတ်ထောင်သွားသည်။အသိဖြစ်သူက စည်ပင်မှာ သွားပြောသူ ဘယ်သူဆိုတာ သူမပြော။သို့သော်လည်း ဘယ်သူဖြစ်နိုင်သည်ဆိုတာ ကျနော်က သိသလိုလိုရှိသည်။
 
တကယ်စဉ်းစားကြည့်တော့ အစကတည်းက ရေသန့်ဘူးတွေ လာချကတည်းက ရှင်းလိုက်လျှင် မခက်သလို ခွင့်ပြုသည့်လူကလည်း ဘယ်အဆင့်ထိပဲ ခွင့်ပြုထားပေးသည်ကို သိရမည်ဖြစ်သည်။သို့သော် ကျနော်တို့က နေတတ်သလို နေတတ်လာသည့်အခါ အခွင့်အရေးသမားတွေကို အခွင့်အရေးပေးလိုက်သလို ဖြစ်ခြင်းကြောင့် ဒီလိုအများပိုင်မြေကွက်ပါ အပိုင်စီးခံရမလို ဖြစ်သွားခြင်းဖြစ်သည်။
 
ထိုသူနှင့် လဘက်ရည်ဆိုင်ကနေ ပြန်လာတော့ ကျနော့်စိတ်ထဲ ငါလည်း တာဝန်မကင်းပါလားဟု တွေးမိသည်။ဆိုရမည်ဆိုလျှင် ငါပြဿနာမတက် ဘေးကင်းရင်ပြီးရောဆိုသည့် တာဝန်မဲ့စိတ်က ကျနော်ကို နေတတ်သလို နေတတ်အောင် သည်စိတ်ဖြစ်အောင် လုပ်လိုက်ခြင်းဖြစ်လေသည်။ 
 
တာဝန်ယူတတ်သည့်စိတ်ကို ကျနော်တို့ ပြန်မွေးမြူရဦးမည်ဖြစ်သည်။
 
မောင်ဦးလွင်
Photo Credit - AsiaOne