【 ဆောင်းပါး 】 နောင်မှတမှာလား

【 ဆောင်းပါး 】 နောင်မှတမှာလား

နောင်တဆိုတာ ပြုသင့်သည်ကို မပြုမိ၊ မပြုသင့်သည်ကို ပြုမိသည့်အတွက် အချိန်လွန်မှ ပူပန်ရခြင်းကို ဆိုလိုပါသည်။

မိုးလွန်မှထွန်ချ၊ သူခိုးပြေးမှထိုးကွင်းထ၊ လူမိုက်နောက်မှအကြံရ၊ ငရဲရောက် မှကျောင်းဆောက်ချင်၊ စစ်ရောက်မှ မြားချွန်၊ နေဝင်မှ စပါးလှန်းဆိုတာတွေက နောင်မှတကြသည့် စကားပုံတွေပါ။

အချိန်လွန်မှ ပူပန်သောကမဖြစ်ရအောင် အချိန်ရှိကတည်းက ကိုယ့်ရည်ရွယ်ချက် ကိုယ့်အိပ်မက်တွေကို သတိရှိရှိ လုံ့လရှိရှိနှင့် အားကြိုးမာန်တက် လုပ်ဆောင်သင့်သည်။

ငယ်ရွယ်စဉ် ကျောင်းသားဘဝများတွင် လူငယ်အများစုမှာ ဖြစ်ချင်သည့် အိပ်မက်ကိုယ်စီ ရှိတတ်ကြသည်။သို့သော်လည်း လူငယ်တချို့မှလွဲလျှင် ကျန်လူငယ်တော်တော်များများက အိပ်မက်တွေ ပြောင်းသွားတတ်သလို တချို့ကလည်း အိပ်မက်တွေ ပျက်ပြယ်ကုန်သည်။တချို့က အပျင်းလွန်ပြီး လုံ့လဝီရိယအားနည်းလို့ တချို့ကအပျော်အပါးမက်လို့ တချို့က အပေါင်းအသင်းမှားလို့ စသည့် အကြောင်းကြောင်းတွေကြောင့် အိပ်မက်တွေပြောင်းသွားသည်။တချို့ကတော့ အိပ်မက်တွေ လုံးဝပျောက်ကုန်သည်။ကိုယ်ဘာဖြစ်ချင်သည်ဆိုတာတောင်မှ အချိန်ကုန်ခံပြီး တွေးမနေဖြစ်ကြတော့ပေ။

အသက်ကြီးမှ နောင်တရသူတွေရှိသည်။သူတို့သည် အသက်ကြီးမှ နောင်တရပြီး ရသမျှအချိန်လေးမှာ သူတို့ဘဝကို အနည်းငယ်ဖြစ်ဖြစ် ပြုပြင်ခွင့်ရသွားသည်။တချို့လည်း သူတို့ကိုယ်တိုင်အတွက် ပြုပြင်ဖို့ အချိန်မရသော်လည်း သူတို့၏သားသမီးများကို ထိန်းကျောင်းလမ်းညွှန်နိုင်ခဲ့သည်။တချို့လူတွေကတော့ သေသွားသည်အထိ သူတို့ဘဝကို ပြန်မသုံးသပ်သည့်အတွက် နောင်တပင် ရမသွားနိုင်ခဲ့ပါ။

နောင်တရသည့်အချိန်သည် သိပ်မနှောင်းသေးဘဲ ပြင်ဆင်ကြိုးစားခွင့်ရှိနေသေးလျှင် တော်သေးသည်။သေခါနီး ဘာမှမလုပ်နိုင်မကိုင်နိုင်သည့်အချိန်ရောက်မှ နောင်တရမိလျှင် စိတ်ကိုပြင်ဆင်နိုင်သော်လည်း လက်တွေ့တွင် ဘာတစ်ခုမှ လုပ်ဆောင်နိုင်တော့မည် မဟုတ်ပါ။အချိန်နှောင်းသွားပြီဖြစ်သည်။ကိုယ်သင်ယူသင့်သည့် အတတ်ပညာကို သေသေချာချာ မသင်မိခဲ့လို့ ကိုယ်ရှာရမည့် စီးပွားဥစ္စာကို မရှာမိခဲ့လို့ နောင်တရသူတွေသည် တစ်ခဏတာ တစ်ဘဝတာ လူဆင်းရဲ စိတ်ဆင်းရဲ ဖြစ်ရတတ်သော်လည်း လူဖြစ်မရှုံးပါ။တစ်ဝမ်းတစ်ခါးအတွက်တော့ သမ္မာအာဇီဝအလုပ်တစ်ခုတော့ လုပ်ဖြစ်မှာပါ။ထမင်းလည်းမငတ်နိုင်ပါ။သားကောင်းသမီးကောင်းတွေလည်း မွေးနိုင်ဦးမှာပါ။တကယ်အရေးကြီးတာက ကိုယ်ကျင့်တရားကောင်းဖို့ သူများကို ဒုက္ခမပေးဖို့ပါ။

မလုပ်သင့်သော မကောင်းမှုအကုသိုလ်ကို လုပ်မိလို့၊ လုပ်သင့်သော ကောင်းမှုကုသိုလ်ကို မလုပ်မိလို့ နောင်တရတာမျိုးမဖြစ်ဖို့ လိုပါသည်။ကောင်းမှုကုသိုလ် မလုပ်ဖြစ်ဘဲ၊ မကောင်းမှုအကုသိုလ်တွေချည်းသာ လုပ်ဖြစ်ခဲ့သည်ဆိုလျှင် ဘဝအဆက်ဆက် ဒုက္ခဆင်းရဲတွေ ရင်ဆိုင်ရတော့မှာပါ။လူ၊ နတ်၊ ဗြဟ္မာ၊ နိဗ္ဗာန်လမ်းကြောင်းနှင့် လွဲပြီး အပယ်လေးဘုံမှာ ကျင်လည်နေရပါလိမ့်မည်။

တချို့က မိုက်မိုက်မဲမဲနှင့် မလုပ်သင့်သည့် မကောင်းမှုအကုသိုလ်ကို လုပ်မိခဲ့လို့ နောင်တရသူတွေရှိပါ သည်။

ဂေါတမဘုရားရှင် ပွင့်တော်မူစဉ်က ကုသိုလ်၊ အကုသိုလ် ခွဲခြားမသိသော စုန္ဒဆိုသည့် လူမိုက်တစ်ယောက်အကြောင်းပါ။

ဘုရားရှင်၏ ကျောင်းအနီးမှာ စုန္ဒဆိုသည့် ဝက်သတ်သမားတစ်ယောက် နေသည်။ဘုရားရှင်နှင့် နီးသော်လည်း ဘုရားရှင်ကို တစ်ခါမှ မဖူးမြော်ဖူးပေ။သူ့စိတ်ထဲမှာ အာရုံထားနေသည်က ဝက်သတ်ရန်သာဖြစ်သည်။ဝက်များကိုဝယ်သည်။ဝက်များကို လှောင်ထားသည်။အသားတိုးအောင် အစာကျွေးသည်။ဝက်များကို အလှည့်ကျထုတ်၍ နည်းအမျိုးမျိုးနှင့် သတ်သည်။ဝက်အရှင်လတ်လတ်၏ အာခေါင်ထဲကို ပွက်ပွက်ဆူသော ရေနွေးလောင်းထည့်သည်။အောက်ပေါက်မှ စွန့်ထုတ်သောရေများ နောက်ကျိနေသေးလျှင် ရေနွေးကို ဆက်၍လောင်းသည်။တစ်ဖန် ဝက်၏ကိုယ်ပေါ်မှ မည်းနက်သော သားရေများ ကွာကျအောင် ရေနွေးပူများလောင်းသည်။ဝက်၏အမွှေးများကို မီးရှို့သည်။ဝက်၏ခေါင်းကိုဖြတ်ကာ အသားများကို လှီးသည်။ဝက်များကို သူလုပ်ချင်သလို လုပ်နေရသည်ကို အကျေနပ်ကြီး ကျေနပ်နေသည်။သနားရ ညှာတာရကောင်းမှန်း တစ်ခါမှမတွေးဖူးပေ။ပါဏာတိပါတာကံကြီးကို နေ့တိုင်းကျူးလွန်နေပါလားလို့လည်း မတွေးတတ်ခဲ့ပေ။

သည်လိုနှင့် နှစ်ငါးဆယ်ကျော် ဖြတ်သန်းလာခဲ့ပြီး တစ်နေ့မှာတော့ စုန္ဒတစ်ယောက် တစ်ကိုယ်လုံး အနာတွေပေါက်ကာ ပူလောင်ပြင်းစွာ ဝေဒနာခံစားရပါတော့သည်။ဘယ်လိုမှ မရပ်တည်နိုင်ဘဲ ဒူးထောက်ကာ အော်ဟစ်လူးလိမ့်နေရသည်။အသက်မထွက်ခင်မှာပင် ငရဲမီး၏အပူကို ခံစားရ၍ ဝက်လိုအော်ဟစ်ရင်း ထိုင်မရထမရနှင့် လူးလိမ့်ပြီး ခံနေရသည်။ထိုအချိန်တွင်မှ စုန္ဒခမျာ ဝက်များကို လုပ်ချင်တိုင်းလုပ်ခဲ့သည့် သူ့လုပ်ရပ်များကို ပြန်မြင်ကာ နောင်တရမိသည်။သူနောင်တရသည့်အချိန်တွင် သူ့ကိုယ်သူ မကယ်နိုင်သလို မည်သူတစ်ဦးတစ်ယောက်ကမှလည်း သူ့ကိုမကယ်တင်နိုင်ခဲ့ပေ။သူ့ကိုယ်သူပင် မဟန်နိုင်တော့ဘဲ ထိုအပူနာကို ခုနစ်ရက်ခံစားပြီးမှ သေသွားလေတော့သည်။သေဆုံးသည်နှင့် တစ်ပြိုင်နက်ဆိုသလို သူလုပ်ခဲ့သည့် အပြစ်ကြွေးတွေကို အဝီစိငရဲ၌ ပေးဆပ်နေရလေတော့သည်။

တချို့ကတော့ ကုသိုလ်၊ အကုသိုလ်ကို ခွဲခြားသိသော်လည်း မနာလိုဝန်တိုစိတ် မာန်မာနစိတ်များ ဖုံးလွှမ်းထားသောကြောင့် မေ့မေ့လျောလျော့ဖြင့် အကုသိုလ်အပြစ်များကို ဆက်တိုက်ကျူးလွန်တတ်ကြပြန်သည်။

ဒေဝဒတ်သည် မြတ်စွာဘုရားသခင်ထံမှာ ရဟန်းဝတ်ခဲ့သည့် သံဃာတော်တစ်ပါးဖြစ်သော်လည်း အတ္တမာန်မာနများ ဣဿာမစ္ဆရိယစိတ်များကြောင့် အသိစိတ်ပျောက်ကာ ကြီးလေးသောအပြစ်များကို ကျူးလွန်ခဲ့သည်။

သူသည် အရိယာ မဖြစ်သေးသော်လည်း လောကီဈာန်တန်ခိုးရရှိထားသူဖြစ်သည်။သူသည် ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလန် စသော ရဟန္တာတို့အပေါ် မနာစိတ်ထားသည်။နောက်ပိုင်းတွင် ဘုရားရှင်ကိုပင် တရားမမျှတသူအဖြစ် တလွဲမြင်ကာ အပြိုင်အဆိုင်စိတ်တွေ ရန်လိုစိတ်တွေ မွေးလာသည်။

ဗိမ္မိသာရမင်းကြီး၏ သားတော် အဇာတသတ်ကို သူ၏လောကီဈာန်တန်ခိုးများနှင့် သိမ်းသွင်းပြီး ဘုရင်လုပ်စေသည့်အပြင် ဘခင်ကိုပင် ပြန်သတ်စေခဲ့သည်။သူကိုယ်တိုင်လည်း ဘုရားရှင်ကိုသတ်ရန် အမျိုးမျိုးကြံစည်သည်။ဘုရားရှင်ကိုသတ်ဖို့ အကြံအစည်များ မအောင်မြင်သောအခါ ဘုရားရှင်ကို ယှဉ်ပြိုင်ရန်အတွက် သံဃာသင်းခွဲရန် ကြံစည်ပြန်သည်။သူ၏အကြံအစည်များ မအောင်မြင်သည့်အပြင် သူ့ဝိသမလောဘတွေကြောင့် သူရရှိထားသော လောကီဈာန်တန်ခိုးများလည်းဆုံးရှုံး တပည့်များလည်းဆုံးရှုံး ဒါယကာဒါယိကာမများလည်း ဆုံးရှုံးကာ ဆွမ်းပင် မှန်မှန်မစားရတော့ဘဲ ဒုက္ခပင်လယ်ဝေပါတော့သည်။

ဒေဝဒတ်လည်း ဆွမ်းမှန်မှန်မစားရသည့် ခန္ဓာကိုယ်ဝေဒနာ သူကြံတိုင်းမဖြစ်သည့် စိတ်ဝေဒနာတို့ကြောင့် သွေးအန်ကာ လမ်းပင်မလျှောက်နိုင်တော့ပေ။နောက်ဆုံးတွင် ဘုရားရှင်အပေါ် ကျူးလွန်ခဲ့သော သူ့အပြစ်များအတွက် နောင်တရကာ ဘုရားရှင်ကို တောင်းပန်ရန် သွားသည်။သူ့တပည့် ရဟန်းများက သူ့ကို ထမ်းစင်ပေါ် တင်ခေါ်သွားရသည်။ဘုရားရှင်ရှိရာ ဇေတဝန်ကျောင်းအနီး ရေကန်သို့ရောက်သောအခါ သူ့တပည့်များက ထမ်းစင်ကိုချကာ ရေကန်ထဲမှာ ခြေလက်ဆေးကြသည်။ဒေဝဒတ်လည်း ထမ်းစင်ပေါ်လှဲနေရာမှ ခြေနှစ်ဖက်ကို မြေကြီးပေါ်သို့ ချမိသည်နှင့်တစ်ပြိုင်နက် ခြေထောက်နှစ်ချောင်းက မြေကြီးထဲကျွံဝင်သွားပြီး တဖြည်းဖြည်း တစ်ကိုယ်လုံး မြေကြီးထဲကျွံဝင်ကာ မေးစေ့သို့ရောက်လာသည်။ထိုအခါ ဒေဝဒတ်လည်း သတ္တဝါအားလုံးအပေါ်တွင် မဟာကရုဏာကြီးမားတော်မူသော ဘုရားရှင်ကို စိတ်ထဲမှ ဖူးမြော်မိသည်။

“နတ်လူတို့ထက် မြတ်တော်မူသော လူနတ်ဗြဟ္မာသတ္တဝါတို့ကို ယဉ်ကျေးအောင် ဆုံးမတော်မူတတ်သော သဗ္ဗညုတဉာဏ်တော်နှင့် ပြည့်စုံတော်မူသော လောက၏ အမြတ်ဆုံးဖြစ်သော ဘုရားရှင်ကို တပည့်တော်၏ အရိုးအရေအသွေးအသားတို့ဖြင့်လည်းကောင်း ကျန်ရှိနေသေးသော အသက်ဖြင့်လည်းကောင်း ကိုးကွယ်အားထားရာဟူ၍ ဆည်းကပ်ပူဇော်ပါ၏ ဘုရား” ဟူ၍ ကာယကံ ဝစီကံအားဖြင့်လည်း ဘုရားရှင်ကို ရည်မျှော်ပြီး လက်အုပ်ချီကာ ရှိခိုးတောင်းပန်သည်။

သို့သော်လည်း ထိုခဏမှာပင် သူ၏တစ်ကိုယ်လုံးသည် အရှင်လတ်လတ်နှင့် အဝီစိငရဲသို့ တိုက်ရိုက်ရောက်သွားလေတော့သည်။

သူနောင်တရသည့်အချိန်တွင် သူ့ကိုယ်သူ မကယ်နိုင်သလို မည်သူတစ်ဦးတစ်ယောက်ကမှလည်း သူ့ကိုမကယ်တင်နိုင်ခဲ့ပေ။

ရိုက်မောင်း