【 ဆောင်းပါး 】 ပင်းတယ ရွှေဥမှင်နှင့် ဂူဘုရားကျောင်း အမွေအနှစ်များ

【 ဆောင်းပါး 】 ပင်းတယ ရွှေဥမှင်နှင့် ဂူဘုရားကျောင်း အမွေအနှစ်များ

တောင်စဉ်တောင်တန်းများ၏ အလှအပများနှင့် ရှမ်းပြည်နယ်ထဲက အံ့ဩဖွယ်ရာ သဘာဝအလှအပများကြားထဲမှာ တောင်ပိုင်းမြေက ပင်းတယမြို့လေးကလည်း အပါအဝင်ပါပဲ။
 
ပင်းတယမြို့ အရှေ့ဘက်ခြမ်းမှာ ပေ ၃၀၀၀ ကျော်မြင့်သည် ကုန်းမြင့်လွင်ပြင်ကြီးရှိသကဲ့သို့ အနောက်ဘက်မှာ ပေ ၅၀၀၀ ကျော်မြင့်သည့် တောင်တန်းကြီးများလည်း တည်ရှိနေပါသည်။
 
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခုဖြစ်သည့် ပင်းတယမြို့မှာ ဒဏ္ဍာရီဆန်ဆန် သမိုင်းကြောင်းများနှင့် အမွေအနှစ်များစွာ ရှိနေပါသည်။ဓနု၊ ပအိုဝ့်၊ တောင်ရိုး၊ ရှမ်း၊ မြန်မာ၊ အင်းသားများနှင့် ပလောင်လူမျိုးတို့ နေထိုင်ကြသည့် ပင်းတယမြို့မှာ အများစုကတော့ ဗုဒ္ဓဘာသာကိုးကွယ်သူများဖြစ်ကြပါသည်။ရိုးသားအေးဆေးပြီး ဖော်ရွေ ကြသည့် တိုင်းရင်းသားများ၏ ရိုးရာဓလေ့များနှင့် ဒေသအစားအစာများက ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များကို ဆွဲဆောင်စေပါသည်။
 
ပင်းတယမြို့အဝင်မှာ နာဂပတ္တန် ပုတ္တလုတ်ကန်ဟု အမည်ရှိသည့် ပင်းတယကန်ကြီးနှင့် ညောင်ကြတ်ပင်တန်းက မြို့၏ အမှတ်အသားသဖွယ် ထင်ထင်ရှားရှားရှိနေသည်။ပင့်ကူကြီး၊ ကုမ္မာဘယမင်းသားနှင့် နတ်သမီးခုနစ်ဖော် အကြောင်းတို့ကလည်း ပင်းတယမြို့၏ ဒဏ္ဍာရီသဖွယ် ထင်ရှားလျက်ရှိသည်။နှစ်ပေါင်းရာချီစွာ တည်ရှိလာသည့် ပင်းတယကန်ကြီးက ဒေသခံတိုင်းရင်းသားများ၏ အဓိကအရေးပါသော ရေချိုကန်ကြီးဖြစ်ပါသည်။
 
ပင်းတယမြို့တွင် ဘုရား၊ ပုထိုး၊ စေတီ၊ ကျောင်းကန်များ အလွန်ပင်ပေါများသည်။ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များက ပင်းတယမြို့ကိုရောက်ပြီဆိုလျှင် အထင်ရှားဆုံးဖြစ်သည့် ပင်းတယ ရွှေဥမင်သဘာဝလိုဏ် ဂူဘုရားကို ဦးစွာသွားရောက် ဖူးမျှော်ကြပါသည်။တောင်စောင်းပေါ်တွင် စောင်းတန်းအသွယ်သွယ်ဖြင့် ရွှေဥမင်ဘုရား၏ ကျောက်သားဥမင်ကြီးအတွင်း၌ ဘုရားဆင်းတုတော်များစွာ ကိန်းအောင်း စံပယ်လျက်ရှိပါသည်။
 
မြန်မာနိုင်ငံတွင် သဘာဝအလျောက် ဖြစ်ပေါ်နေသည့် ဂူများထဲတွင် ရွှေဥမင်ဂူလည်း အပါအဝင်ဖြစ်သည်။ထုံးကျောက်တောင်မှာ သဘာဝအလျောက် ဖြစ်ပေါ်နေသည့် ဂူဖြစ်သည့်အတွက် နှစ်ပေါင်း သန်း ၂၀၀ ရှိမည်ဟုလည်း တချို့မှတ်တမ်းများတွင် ဖော်ပြထားသည်။
 
ဥာဏ်တော်အမြင့် အတောင်ငါးဆယ်ရှိသော ရွှေဥမင်စေတီတော်ကို ဂူအဝင်ဝ၏ ဘယ်ဘက်ခြမ်းတွင် ဖူးမျှော်နိုင်သည်။
 
ပင်းတယဂူဟု ခေါ်တွင်ခြင်းမှာ ဒဏ္ဍာရီမှတ်တမ်းအရ ပင့်ကူရဟု ပြောင်းလဲခေါ်ဝေါ်ခြင်းဖြစ်သည်ဟု သိရပါသည်။ပင်းတယ ရွှေဥမင်ဂူတောင်ခြေမှာရှိသည့် ပင့်ကူကြီးနှင့် မင်းသား၊ မင်းသမီးခုနှစ်ဖော် အရုပ်များက ရွှေဥမင်ဘုရား၏ အမှတ်လက္ခဏာတစ်ခုကဲ့သို့ပင်ဖြစ်ပါသည်။
 
ကမ္ဘာမြေမျက်နှာပြင်ပေါ်တွင် သဘာဝဂူကြီးများ၊ ဥမင်လိုဏ်ခေါင်းကြီးများ သဘာဝအလျောက် ဖြစ်ပေါ်လာကြပြီးနောက် ယင်းဂူများကို လူသားများ၏ ပုန်းခိုးရာအဖြစ် ရှေးကမ္ဘာဦးစက လူသားများ အသုံးပြုခဲ့ကြသည်။ထို့နောက်တွင် ယုံကြည်ကိုးကွယ်မှုအလိုက် ပုံဖော်ခဲ့ကြသည်။
 
ဗုဒ္ဓဘာသာမှာဆိုလျှင်လည်း တောရိပ်တောင်ရိပ်များရှိသည့် ဆိတ်ငြိမ်ရာ အရပ်ဒေသများမှာ တရား၊ ဓမ္ဓ ကျင့်ကြံပွားများ အားထုတ်လိုသူ ရသေ့၊ ရဟန်းများက ဂူများတွင် ရွေးချယ်ကာ သီတင်းသုံးရင်း တရားအားထုတ်ကြသည်မှာ ရှေးနှစ်ထောင်ပေါင်းများစွာကတည်းက ယခုအချိန်အထိပဲဖြစ်ပါသည်။
 
ဗုဒ္ဓဘာသာကို ယုံကြည်မြတ်နိုး ကိုးကွယ်ကြသည့် ရှေးခေတ်ဘုရင်များက ဂူများတွင် ဘုရားများတည်ကာ ၎င်းခေတ်ကာလ အတတ်ပညာများဖြင့် နံရံဆေးရေးပန်းချီများစွာ ပုံဖော်ခဲ့ကြသည်။ရွှေဥမင်ဂူဘုရားကို အသောကမင်း တည်ခဲ့ပြီး အလောင်းစည်သူမင်းလက်ထက်မှာ ပြန်လည်ပြုပြင်ခဲ့သည်ဟု မှတ်တမ်းများလည်းရှိပါသည်။
 
မြန်မာနိုင်ငံအပါအဝင် အခြားနိုင်ငံများ၌လည်း သဘာဝထုံးကျောက်ဂူများထဲတွင် ရိုးရာကိုးကွယ်မှုအမျိုးမျိုးဖြင့် မှတ်တမ်းများရှိသည်။ထိုကဲ့သို့ ဂူဘုရားများထဲတွင် အနီးစပ်ဆုံး အိမ်နီးချင်းနိုင်ငံများကိုကြည့်လျှင် တရုတ်နိုင်ငံ၌ အလွန်နာမည်ကြီးသော ဘုရားတစ်ထောင်ဂူ၏ ဆန်းကြယ်မှုများကိုလည်း သွား၍ ပြေးမြင်မိပါ သည်။တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံနှင့် ယဉ်ကျေးမှုများ အနီးစပ်ဆုံးတူသည့် နိုင်ငံတစ်ခုပင်ဖြစ်ပါသည်။
 
တရုတ်နိုင်ငံ၊ အနောက်မြောက်ပိုင်း၊ ကမ်းဆူးပြည်နယ်ရှိ ဒွန်ဟွမ်မြို့တွင် တည်ရှိသော ဒွန်ဟွမ်မောကောင်းဂူသည် ဘုရားတစ်ထောင်ဂူဟု လူသိများထင်ရှားပြီး ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် လည်ပတ်မှုများသော နေရာတစ်ခုဖြစ်သည်။
 
ဘုရားတစ်ထောင်ဂူတွင် လိုဏ်ဂူပေါင်း ၇၃၅ ခု၊ နံရံဆေးရေးပန်းချီ ၄၅၀၀၀ စတုရန်းမီတာ၊ နှဲ့မြေဆေး ပန်းပု ၂၄၁၅ ခု ရှိသည်။ကမ္ဘာပေါ်တွင် အကြီးဆုံးနှင့် အနုပညာလက်ရာအများဆုံး ကျန်ရှိသော ဗုဒ္ဓအနုပညာဗိမာန်အဖြစ် သွားရောက်လည်ပတ်သူများ အလွန်များသည်။
 
နောက်ထပ်ဘုရားကျောင်းတစ်ခုမှာ North Grotto ဘုရားကျောင်းဖြစ်သည်။၎င်းမှာ တရုတ်နိုင်ငံ၊ ကန်စုပြည်နယ်၊ ချင့်ယန်မြို့တွင် တည်ရှိပြီး ပေဝေ့မင်းဆက်ခေတ်က တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။လက်ရှိတွင် ဂူကြီးငယ်ပေါင်း ၃၀၈ ခုရှိပြီး ဂူအတွင်းထဲတွင် ဗုဒ္ဓရုပ်ပွားတော် ၂၀၀၀ ကျော်ရှိကြောင်း သိရသည်။
 
တရုတ်နိုင်ငံတစ်ဝန်းတွင် ချောက်ကမ်းပါးစွန်းရှိ ရုပ်ပွားတော်နှင့် ဂူဘုရားကျောင်း  ၆၀၀၀ နီးပါးရှိသည်ဟု တရုတ်အမျိုးသားယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲရေးဦးစီးဌာန (NCHA) က ထုတ်ပြန်ထားသည်။နိုင်ငံအဆင့် ထိန်းသိမ်းထားသည့် ချောက်ကမ်းပါးစွန်းရှိ ရုပ်ပွားတော် ၄၀၀၀ နီးပါးကို နိုင်ငံအဆင့် ကာကွယ်မှုအောက်တွင် ထိန်းသိမ်းထားသည်ဟုလည်း သိရသည်။
 
မြန်မာနိုင်ငံတွင်လည်း ရှမ်းပြည်နယ်တောင်ပိုင်းမှ ပင်းတယဂူအပါအဝင် ပြဒါးလင်းဂူ၊ ထန်ဆမ်းဂူ၊ ကရင်ပြည်နယ်မှ ဘုရင့်ညီဂူ၊ ရသေ့ပျံဂူ၊ ကော့ဂွန်းဂူ၊ ဆဒ္ဒန်ဂူ၊ ဝဲပျံဂူ၊ လှိုင်ကော့ဖျားဂူ၊ ကော့ကသောင်းဂူနှင့် ပဒုံဂူ စသည့် လိုဏ်ဂူများစွာရှိပါသည်။
 
ကိုဗစ်-၁၉ ကပ်ရောဂါကာလ မရောက်ခင်က ခရီးသွားလည်ပတ်မှုကို နှစ်သက်လာကြသော မြန်မာလူမျိုးများသည် မိမိတို့နိုင်ငံ၌ပင် နေရာဒေသအနှံ့ လည်ပတ်မှုများရှိခဲ့ပြီး ကမ္ဘာလှည့်ခရီးသွားဧည့်သည်များကလည်း မြန်မာနိုင်ငံရှိ ထူးခြားဆန်းကြယ်သော နေရာများကို သွားရောက်လေ့လာ အပန်းဖြေခဲ့ကြသည်။
 
၂၀၂၂ ခုနှစ်နောက်ပိုင်းတွင် ပြည်တွင်း၊ ပြည်ပ ခရီးသွားအချို့ နယ်မြေအေးချမ်းသည့် ရှမ်းပြည်နယ်တောင်ပိုင်းခရီးစဉ်များကို သွားရောက်လည်ပတ်ကြသူများရှိပြီး ခရီးသွားကုမ္ပဏီများမှလည်း ခရီးစဉ်ရောင်းချမှုများရှိသည်။
 
ကိုဗစ်-၁၉ မတိုင်မီကာလက ပင်းတယမြို့သို့ ပြည်ပခရီးသွားဧည့်သည် သွားရောက်လေ့လာလည်ပတ်မှု အလွန်များခဲ့ပြီး ယခုကာလတွင် ပင်းတယလိုဏ်ဂူတော်သို့ အခါကြီးရက်ကြီးပိတ်ရက်များနှင့် အစိုးရရုံးပိတ်ရက်များတွင်သာ ပြည်တွင်းဘုရားဖူးဧည့်သည်များ လာရောက်မှု များပါသည်။
 
ပင်းတယမြို့၏ ရာသီဥတုသည် ကလောထက် ရာသီဥတု နည်းနည်းပိုပူသည်။ပင်းတယဘုရားပွဲတော်ကို နှစ်စဉ် တပေါင်းလဆန်း ၆ ရက်နေ့မှ လပြည့်ကျော်အထိ ကျင်းပလေ့ရှိသည်။ယင်းပွဲတော်တွင် ဓနုတိုင်းရင်းသားများ၏ ယဉ်ကျေးမှုအကအလှများစွာကို မြင်တွေ့ရသည်။
 
ကိုဗစ်-၁၉ မတိုင်မီက ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism) ရွာအဖြစ် ဖွင့်လှစ်ထားသည့် ပင်စိမ်းပင်ရွာနှင့် ဆီးကျအင်းရွာတို့ကို ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ သွားရောက်လည်ပတ် လေ့လာမှုများခဲ့သည်။
 
ပင်းတယမြို့လေးတွင် တောင်ယာစိုက်ခင်း၊ လက်ဖက်စိုက်ခင်းများနှင့် လက်ဖက်ထုတ်လုပ်သည့် လုပ်ငန်း၊ ဓနုရိုးရာ ထီးလုပ်ငန်းများကလည်း ပြည်ပခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်ခဲ့သည်။
 
ပင်းတယဈေးထဲတွင် ဒေသထွက် ရိုးရာအစားအစာမျိုးစုံကို ရရှိနိုင်ပြီး တိုင်းရင်းသားရွာများ၏ ဘဝနေထိုင်မှုပုံစံများကို လေ့လာနိုင် သည်။
 
ခရီးသွားလုပ်ငန်းသည် မီးခိုးမထွက်သော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်၍ ဒေသခံတို့၏ စီးပွားရေးကို များစွာအထောက်အကူပြုပါသည်။မြန်မာနိုင်ငံတွင် လက်ရှိကာလ၌ ပြည်တွင်း၊ ပြည်ပ ခရီးသွားလုပ်ငန်းများ ပြန်လည်မြှင့်တင်လျက်ရှိပြီး အထူးသဖြင့် တရုတ်၊ ရုရှား အစရှိသည့် နိုင်ငံများမှ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရန် အစီအစဉ်များဖြင့် ဖိတ်ခေါ်ထားသည်။
 
သဘာဝတောတောင်အလှအပများနှင့် တောင်ယာစိုက်ခင်းအလှအပများ၊ တိုင်းရင်းသားတို့၏ နွေးထွေးသော ပျူငှာမှုများ၊ သမိုင်းဝင်အမွေအနှစ်များနှင့် သက်ဝင်ပန်းချီကားသဖွယ် လှပနေသော ပင်းတယမြို့လေးမှ တစ်ချိန်ကလို ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များနှင့် ပြန်လည်စည်ကားမည့် နေ့ရက်များကို မျှော်လင့် လျက်ရှိနေပါသည်။
 
အမွန်