【 ဆောင်းပါး 】 ပရဟိတ

【 ဆောင်းပါး 】 ပရဟိတ

ပရဟိတဆိုတာ သူတစ်ပါးအကျိုး ဆောင်ရွက်တာပါ။

ကိုယ့်ပိုင်ဆိုင်မှုတချို့ကို အများအကျိုးအတွက် ဝေငှလိုက်တာပါ။ကိုယ်ပိုင်တဲ့ပစ္စည်းထဲက မရှိသူအတွက် ပေးကမ်းလိုက်တာပါ။ကိုယ်ပိုင်တဲ့ လက်တစ်စုံနဲ့ အကူအညီလိုနေသူအတွက် ခဏပေးသုံးလိုက်တာပါ။ကိုယ်ပိုင်တဲ့အချိန်လေးကို အများအတွက် ခဏပေးလိုက်တာပါ။

အဲဒီလို ကိုယ့်အကျိုးကို ခဏလေးအသာထားပြီး သူ့အကျိုးကို ဆောင်ရွက်တဲ့အခါမှာ သူများအထင်ကြီးအောင်လုပ်ချင်စိတ် လုံးဝမပါရှိပါ။အကူညီခံရသူတွေဆီက တုံ့ပြန်ကျေးဇူးဆပ်တာမျိုးတွေ ဘာတစ်ခုမှမမျှော်လင့် မတောင့်တပါ။အခက်အခဲရှိနေသည့် မည်သူ့ကိုမဆို အတတ်နိုင်ဆုံးကူညီမှာဖြစ်သည်။

ပရဟိတအလုပ်ကို သာမန်စိတ်ထားဖြင့် ပြောဆိုလုပ်ကိုင်ဖို့ မလွယ်ကူလှပါ။ကိုယ့်စိတ်ကို လျှော့ထားရသည်။အများအတွက် အကူအညီလိုသူအတွက် ပေးဆပ်ချင်သော အကြင်နာစိတ် ကိုယ်ချင်းစာစိတ်တို့နှင့် ကိုယ့်ကိုယ်ကို ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးအောင် ထားရှိရသေးသည်။

ကိုဗစ်ကာလ စားဝတ်နေရေး၊ ကျန်းမာရေး၊ လူမှုရေး အခက်အခဲတွေကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာမှာ ပရဟိတသမားတစ်ဦးချင်းစီရော အဖွဲ့တွေကပါ ကူညီစောင့်ရှောက်ခဲ့တာ အားလုံးအသိ အားလုံးအမြင်ပါ။သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေ၊ စားဝတ်နေရေးချို့တဲ့သူတွေ၊ စစ်ပြေးဒုက္ခသည်တွေ၊ နာမကျန်းသူတွေ၊ အသုဘကိစ္စတွေမှာ ဘယ်လိုကူညီတာ ဘယ်လောက်ကူညီတာ အားလုံးမြင်သာပါသည်။

ပရဟိတသမားသည် စေတနာမှန်ပါသည်။အတတ်နိုင်ဆုံး ဒေါသမာန အတ္တစိတ်များ မဝင်စေရန် ထိန်းသိမ်းပြီး စိတ်ရှည်သည်းခံသည်။မေတ္တာစိတ် ကရုဏာစိတ်ရှိသည်။လူမျိုးရေး ဘာသာရေး ဆင်းရဲချမ်းသာ မခွဲခြားပါ။ရိုးသားပွင့်လင်းပြီး သူ့လူကိုယ့်လူ မခွဲခြားပါ။အမိန့်အာဏာမသုံးဘဲ ဆွေးနွေးညှိနှိုင်းဆောင်ရွက်သည်။ပရဟိတအချင်းချင်းလည်း လေးစားမှုရှိသည်။တခြားသူများ တခြားအဖွဲ့အစည်းများပေါ်လည်း မနာလိုဝန်တိုစိတ် မထားပါ။ပရဟိတမှာ အမိန့်ဆိုတာမရှိပါ။တာဝန်ပေးတာမရှိပါ။တာဝန်သိမှုနှင့် တာဝန်ယူမှုပဲရှိသည်။ပြောချင်တာက ပရဟိတအလုပ်လုပ်သူဟာ ဘယ်သူတစ်ဦးတစ်ယောက် ဘယ်အဖွဲ့အစည်း၏ အမိန့်ကိုမှ နာခံပြီးလုပ်တာ မဟုတ်ပါ။ကိုယ့်စေတနာနှင့်ကိုယ် ကိုယ့်အသိနှင့်ကိုယ် ကိုယ့်ဆုံးဖြတ်ချက်နှင့်ကိုယ် လုပ်တာသာဖြစ်သည်။

ထူးခြားသော ပရဟိတသမားတချို့ကတော့ သူတို့အချိန် သူတို့ဘဝတစ်ခုလုံးကို ပရဟိတလုပ်ငန်းအတွက် လုံးဝပေးဆပ်ထားပါသည်။ကမ္ဘာတစ်ဝှမ်းမှာ မီးအိမ်ရှင်လို့ ထင်ရှားသည့် မာသာထရီဆာကတော့ တကယ့်စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်ပါသည်။

မာသာထရီဆာသည် သူ့ဘဝတစ်ခုလုံးကို မိဘမဲ့ကလေးသူငယ်တွေ အနာကြီးရောဂါသည်တွေ သူတောင်းစားတွေ ဆင်းရဲတွင်းနက်နေသူတွေကို ကူညီစောင့်ရှောက်သည့် ပရဟိတလုပ်ငန်းတွေမှာ မြှုပ်နှံဆောင်ရွက်ခဲ့သည်။

ထရီဆာ့ကို မက်ဆီဒိုးနီးယားနိုင်ငံ၊ စကော်ပီယေမြို့မှာ မွေးသည်။ဖခင်က ကုန်သည်မျိုးရိုးဖြစ်ပြီး မိခင်က မြေပိုင်ရှင်မျိုးရိုးဖြစ်သည်။အယ်လ်ဘေးနီးယားလူမျိုးဖြစ်သည်။ကိုယ်တိုင်က ချမ်းသာသော်လည်း အသက်ဆယ့်နှစ်နှစ်အရွယ်ကစပြီး မရှိဆင်းရဲသားများကို အလုပ်အကျွေးပြုဖို့ စတင်ခံစားမိခဲ့သည်။ဆယ့်ရှစ်နှစ်သမီးအရွယ်တွင် သာသနာပြုတစ်ဦးအဖြစ် ခံယူသည်။အင်္ဂလိပ်စကားသင်ရန် အိုင်ယာလန်သို့သွားခဲ့ပြီး မကြာမီ အိန္ဒိယသို့ရောက်ကာ ကက်သလစ် ခရစ်ယာန်သီလရှင်ဖြစ်ခဲ့သည်။နောက်ပိုင်းတွင် အိန္ဒိယနိုင်ငံသားအဖြစ် ခံယူပြီး ကလကတ္တားအရှေ့ပိုင်း၊ အင်တယ်လီရှိ လော်ရက်တိုသီလရှင်ကျောင်းတွင် ဆရာမအဖြစ် နှစ်နှစ်ဆယ်နီးပါး အမှုထမ်းခဲ့သည်။

အိန္ဒိယနိုင်ငံရှိ ဆင်းရဲသားများ အခြေအနေမဲ့သူများ ဒုက္ခရောက်နေသူများကို ကူညီကယ်တင်ဖို့ မိဘမဲ့ကလေးများ ဆင်းရဲနွမ်းပါးသူများ နာမကျန်းသူများကို စောင့်ရှောက်ဖို့  စဉ်းစားကာ သူ့နိုင်ငံနှင့် သူ့မိသားစုထံ လုံးဝပြန်မသွားတော့ပေ။ထရီဆာသည် ဆင်းရဲသားလူတန်းစားများ၏ ဒုက္ခတွေကို မျှဝေခံစားရင်း သူတို့ဘဝတွေမှာ ပါဝင်ကူညီပေးရန် ဆုံးဖြတ်ခဲ့သည်။

ဆာလောင်သူများ၊ အဝတ်အစားမဲ့များ၊ အိုးမဲ့အိမ်မဲ့များ၊ မသန်မစွမ်းများ၊ မျက်မမြင်များ၊ ကူးစက်ရောဂါသည်များ၊ လူ့အဖွဲ့အစည်းက အလိုမရှိသူများ၊ မေတ္တာမဲ့ခံရသူများ၊ ဂရုစိုက်မခံရသူများ၊ လူ့အဖွဲ့အစည်းအဖို့ ဝန်ထုပ်ဝန်ပိုးဖြစ်နေသူများ၊လူတိုင်းက ဝိုင်းပယ်ထားသူများအားလုံးကို ပြုစုရန်နှင့်ထိုသူတို့ မျက်ရည်တစ်ပေါက် အကျမခံစေရဟုလည်း စိတ်ဆုံးဖြတ်ထားသည်။

ထို့နောက်တွင် လော်ရက်တိုသီလရှင်အလေ့အထများကို စွန့်၍ အပြာရောင်အနားကွပ်ဆာရီ အဖြူရိုးရိုးကို ဝတ်ဆင်ခဲ့သည်။ထိုဝတ်စုံသည် သူသေဆုံးသည်အထိ သူ့အမှတ်သင်္ကေတဖြစ်ခဲ့သည်။ဆင်းရဲသားလူတန်းစားနှင့် ဒုက္ခသည်များ၏ မီးအိမ်ရှင် မာသာထရီဆာအဖြစ် ထင်ရှားလာသည်။

မာသာထရီဆာနှင့် သူ့အသင်းဝင်များသည် လူအများကို ကူညီကယ်တင်ရန် သူတို့ကိုယ်တိုင် ပြာမှုန့်နှင့် သွားတိုက်သည်။သုံးပြီးသား ဖျင်ကြမ်းနှင့်ယက်လုပ်ထားသော ဆာရီများ ဝတ်ဆင်သည်။တစ်ခါတရံ ထင်းဝယ်ဖို့ ပိုက်ဆံမရှိသည့်အခါမျိုးမှာ ဂျုံစေ့လိုဟာမျိုးတွေ စားသောက်ရသည်အထိ ဒုက္ခခံခဲ့ရသည်။ထိုအချိန်မျိုးမှာ သူပြောသည့် စကားတစ်ခွန်းရှိသည်။

“ကျွန်မတို့မှာ ငွေကြေးကို စောင့်မျှော်နေလို့ မဖြစ်ဘူးလေ။အသေအပျောက်တွေနဲ့ ဆင်းရဲချို့တဲ့မှုတွေက နေရာတိုင်းမှာရှိနေတာ”

ဒီလိုနှင့် မိဘမဲ့ဂေဟာကြီး ဖွင့်နိုင်ခဲ့သည်။အနာကြီးရောဂါပျောက် ဆေးဝါးတွေ ဝေငှဖို့ ဆေးခန်းကိုလည်း ဖွင့်နိုင်ခဲ့သည်။  

မာသာထရီဆာ ဦးဆောင်သည့် ကရုဏာတော်သာသနာပြုအဖွဲ့က ဖောင်ဒေးရှင်းပေါင်းများစွာ ဖွင့်လှစ်နိုင်သည်။အဆုတ်ရောဂါသည်တွေအတွက် တီဘီအခန်းတွေ ဝက်သက်ပေါက်သူ ရေကျောက်ပေါက်သူတွေအတွက် ဂေဟာတွေ ဖွင့်နိုင်ခဲ့သည်။အေအိုင်ဒီအက်စ် ဝေဒနာသည်များ စောင့်ရှောက်ရေးဂေဟာ ဖွင့်နိုင်ခဲ့သည်။

ကမ္ဘာတစ်ဝန်းရှိ လူမျိုးဘာသာအဆင့်အတန်း မခွဲခြားဘဲ မိဘမဲ့ဂေဟာများ အေအိုင်ဒီအက်စ်ဂေဟာများ ပေးကမ်းစွန့်ကြဲရေးဌာနများ ဖွင့်လှစ်၍ ဒုက္ခသည်များ မျက်မမြင်ဒုက္ခိတများ သက်ကြီးရွယ်အိုများ အရက်စွဲသူများ ဆင်းရဲသားများ အိုးမဲ့အိမ်မဲ့များ ရေဘေးသင့်သူများ အငတ်ဘေးနှင့် ကပ်ရောဂါ ဘေးသင့်သူများကို ပြုစုစောင့်ရှောက်နိုင်ခဲ့သည်။

လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့ကို အစ္စရေး စီးနင်းတိုက်ခိုက်စဉ်က အစ္စရေးနှင့် ပါလက်စတိုင်းတို့ကြား အပစ်အခတ်ယာယီရပ်ပေးရန် မေတ္တာရပ်ခံ၍ ရှေ့တန်းဆေးရုံတစ်ခုတွင် ပိတ်မိနေသော ကလေးသုံးဆယ့်ခုနစ်ယောက်ကို ကယ်ဆယ်ခဲ့သည်။

အရှေ့ဥရောပတစ်လွှား ကွန်မြူနစ်နိုင်ငံများသို့ သွားရောက်ကာ ကယ်ဆယ်ရေးစီမံကိန်းများစွာ လုပ်ဆောင်နိုင်ခဲ့သည်။

အီသီယိုးပီးယား အငတ်ဘေးဆိုက်သူများကို သွားရောက်ကူညီ ထောက်ပံ့ခဲ့သည်။

ဆိုဗီယက်ရုရှား ချာနိုဘိုင်းနျူးကလီးစက်ရုံ ပေါက်ကွဲမှုမှ ဓာတ်ရောင်ခြည်သင့်သူများ၊ အာမေးနီးယားနိုင်ငံမှ ငလျင်ဘေးသင့်သူများကို သွားရောက်ပြုစုခဲ့သည်။မွေးရပ်မြေ အယ်လ်ဘေးနီးယားနိုင်ငံသို့ ပထမဆုံးအကြိမ်ပြန်ရောက်ပြီး ဒါနမစ်ရှင်ကျောင်း ဖွင့်ပေးခဲ့သည်။

သူက လုံးဝမမျှော်လင့်ခဲ့သော်လည်း သူ့စေတနာ သူ့လုပ်ဆောင်မှုများကြောင့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုအပါအဝင် ဂုဏ်ပြုဆုပေါင်းများစွာ ချီးမြှင့်ခံခဲ့ရသည်။သူကွယ်လွန်သည့် အသက်ရှစ်ဆယ့်ခုနစ်နှစ်အရွယ်အထိ ပရဟိတလုပ်ငန်းများကို ဦးဆောင်လုပ်ကိုင်ခဲ့သည်။

အိန္ဒိယနိုင်ငံက သူ့စေတနာ သူ့ကျေးဇူးတရားတွေအတွက် နိုင်ငံတော်ဈာပနအဖြစ် သတ်မှတ်၍ ထိုက်ထိုက်တန်တန် ဂုဏ်ပြုကျင်းပခဲ့သည်။သူ့နောက်ဆုံးခရီးကို ဘာသာပေါင်းစုံမှအဖွဲ့အစည်းများ လူပုဂ္ဂိုလ်များအားလုံး ကြေကွဲတသစွာ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

လောဘ၊ ဒေါသ၊ မာန်မာနမရှိ၊ မနာလိုဝန်တိုစိတ်မရှိဘဲ အကူအညီလိုသော ဘယ်အတွက်မဆို ကိုယ်ကျိုးစွန့် အနစ်နာခံစိတ်သာရှိသည့်အတွက် အားလုံးကလည်း သူ့အပေါ် အသားအရောင်မခွဲ အနိမ့်အမြင့်မခွဲဘဲ မေတ္တာတုံ့ပြန်တာ သိပ်တော့မထူးဆန်းပါ။သူ့ကိုမွေးဖွားစဉ်က သူ့အဖေ သူ့အမေ သူ့အမ စသော သုံးလေးယောက်သာ သူ့မိသားစုဖြစ်ခဲ့သော်လည်း သူကွယ်လွန်ချိန်မှာတော့ တစ်လောကလုံးက သူ့မိသားစုဖြစ်နေလေပြီ။

ဒီနေ့ကမ္ဘာတစ်ဝှမ်းကိုကြည့်ရင် ငွေအားကိုး ဂုဏ်ပကာသနအားကိုး လက်နက်အားကိုးနှင့် မေတ္တာ၊ ကရုဏာ၊ မုဒိတာ ကင်းမဲ့သော အတ္တသမားများ၏ အဖျက်လုပ်ငန်းတွေကြားမှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာစိတ် အပြည့်နှင့် အတ္တကိုစွန့်ကာ ပရဟိတလုပ်နေသူများကိုတော့ အများကလည်း သာဓုခေါ်ပါသည်။

ဘုရားကလည်း သာဓုခေါ်မှာပါ။

ရိုက်မောင်း