【 ဆောင်းပါး 】 ပရဟိတ (၂)

【 ဆောင်းပါး 】 ပရဟိတ (၂)

ပရဟိတဆိုတာ သူတစ်ပါးအကျိုးအတွက် ဆောင်ရွက်တာပါ။

သူတစ်ပါးအကျိုးဆိုသည့်အတိုင်း သူတစ်ပါးမဟုတ်မမှန်လုပ်တာမျိုးကို ကူညီတာမဟုတ်ဘဲ သူတစ်ပါးကောင်းစားရေးအတွက် ကူညီပံ့ပိုးပေးတာပါ။ဆိုလိုတာက သူများအသက်သတ်ဖို့ သူများပစ္စည်းခိုးဝှက်လုယူဖို့ သူများဒုက္ခရောက်အောင်ပြုလုပ်ဖို့ ကိစ္စတွေမှာ အကူအညီပေးတာမျိုး လိုက်ပါဆောင်ရွက်ပေးတာမျိုးကို မဆိုလိုပါ။အစာဆာနေသူ မကျန်းမာသူကို အစာကျွေးဆေးပေးတာမျိုး ငွေကြေးချို့တဲ့သူကို တတ်နိုင်သလောက် ငွေကြေးထောက်ပံ့တာမျိုးကို ဆိုလိုတာပါ။

ဆွမ်းလောင်းဖို့ ဥပုသ်သီလစောင့်ဖို့ အလှူအတန်းပေးဖို့ စသည့် သာရေးကိစ္စတွေ၊ နာရေးဖြစ်တဲ့ အသုဘကိစ္စမျိုးမှာ တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီပေးတာတွေ၊ လမ်းသန့်ရှင်းရေး လမ်းပြုပြင်ရေး လမ်းဖောက်ရေး စတဲ့ အများနှင့်ဆိုင်သော ကိစ္စတွေမှာ အချိန်ပေးပြီး လူအား၊ ငွေအားနှင့် ဝိုင်းဝန်းကူညီတာတွေက ပရဟိတလုပ်ငန်းတွေဖြစ်သည်။

ပရဟိတလုပ်ငန်းကို ဘယ်သူတစ်ဦးတစ်ယောက် ဘယ်အဖွဲ့အစည်းကမှ အမိန့်အာဏာနှင့် တာဝန်ပေးတာမျိုးမရှိပါ။ကိုယ်ပိုင်အသိ ကိုယ်ပိုင်စိတ်ရင်းစေတနာနှင့် လုပ်ဆောင်ရသော လုပ်ငန်းဖြစ်သည်။နာမည်ကြီးသူ ဂုဏ်ဒြပ်ကြီးသူတိုင်းလည်း မလုပ်နိုင်ပါ။ပိုက်ဆံချမ်းသာသူတိုင်းလည်း လုပ်နိုင်ခြင်းမရှိပါ။ခွန်အားရှိသူတိုင်း အချိန်အားသူတိုင်းလည်း စိတ်ဝင်တစားနှင့် ကူညီလုပ်ဆောင်ပေးနိုင်သည်မဟုတ်ပါ။တစ်ပါးသူတွေကို ကိုယ့်လိုပဲ ပျော်ရွှင်ငြိမ်းချမ်းစေချင်သည့် မေတ္တာတရား၊ ကြင်နာတတ်သည့် ကရုဏာတရား၊ စာနာတတ်သည့် နှလုံးသား၊ ကူညီချင်သည့် စိတ်ရင်းစေတနာသဘောထားနှင့် နှလုံးသားလှသူများသာ ကူညီလုပ်ဆောင်ပေးနိုင်သည့် လုပ်ငန်းဖြစ်သည်။

ပရဟိတသမားများတွင် တကယ့်စံပြပုဂ္ဂိုလ်ထူးတစ်ဦးရှိပါသေးသည်။ထိုပုဂ္ဂိုလ်ကတော့ ဗုဒ္ဓဘုရားရှင် ကိုယ်တော်မြတ်ကြီးပါပဲ။ဘုရားရှင်သည် ဘုရားဆုပန်ချိန်တွင် ကိုယ်တိုင်နိဗ္ဗာန်သွားနိုင်သည့် ဉာဏ်စဉ်ရှိနေပြီဖြစ်သော်လည်း သတ္တဝါအများ၏ အကျိုးကို ရည်ရွယ်၍ ဘဝများစွာမှာ သံသရာအလည်ခံ အဆင်းရဲခံပြီး ဝေနေယျ သတ္တဝါများအတွက် ဘုရားဆုပန်ခဲ့တာပါ။ဘုရားရှင်သည် ပါရမီဖြည့်သည့်ကာလ ဘဝများစွာမှာလည်း အများအကျိုးအတွက် ပရဟိတလုပ်ငန်းများစွာ လုပ်ကိုင်ခဲ့သည်။

ငါးရာ့ငါးဆယ်လာ ကုလာဝကဇာတ်တွင် ဘုရားလောင်း မာဃလုလင်နှင့် အပေါင်းအပါများသည် ပရဟိတလုပ်ငန်းများ လုပ်ဆောင်ကာ အများကိုကူညီခဲ့ဖူးပါသည်။

ရာဇဂြိုဟ်ပြည်မှာ မဂဓမင်းကြီး ထီးနန်းစိုးစံစဉ်ကဖြစ်သည်။မာဃလုလင်သည် ထိုတိုင်းပြည်ရှိ မစလရွာမှ ငွေကြေးချမ်းသာပြီး မျိုးရိုးမြတ်သော မိဘနှစ်ပါး၏ သားဖြစ်သည်။မာဃလုလင်တွင် သူငယ်ချင်း သုံးကျိပ်သုံးယောက်ရှိသည်။ထိုသူငယ်ချင်းအားလုံးသည် မာဃလုလင်ကို ချစ်ခင်လေးစားသည်။ဘယ်ကိစ္စမဆို မာဃလုလင်နှင့် တိုင်ပင်သည်။မာဃလုလင်၏ ဆန္ဒအတိုင်း ပြောဆိုလုပ်ကိုင်သည်။မာဃလုလင်ကလည်း သူငယ်ချင်းများ၏ စေတနာဆန္ဒနှင့် အကြံဉာဏ်များကို အလေးအနက်ထား စဉ်းစားပြီးမှ ဆုံးဖြတ်သည်။ထို့ကြောင့်လည်း သူတို့အားလုံးသည် မာဃလုလင်က ခေါင်းဆောင်ပြီး စီစဉ်လုပ်ဆောင်သမျှ ကိစ္စတိုင်းမှာ မာဃလုလင် သဘောအတိုင်း လိုက်ပါ လုပ်ကိုင်ကြသည်။
သူတို့အားလုံးသည် မာဃလုလင်၏ ဦးဆောင်မှုအရ ငါးပါးသီလစောင့်ထိန်းခြင်းဖြင့် ကိုယ်ကျင့်တရားကောင်းအောင် ကိုယ့်ကိုယ်ကိုယ်အရင်ပြုပြင်ကြသည်။ထို့နောက် အများအတွက် လမ်းပြင်ခြင်း တံတားဆောက်ခြင်း ရေတွင်းရေကန်များတူးဖော်ခြင်း ပြုပြင်ခြင်း စသော လုပ်ငန်းများကို နေ့စဉ်နေ့တိုင်း ဆောင်ရွက်ကြသည်။အခြားသူများကိုလည်း ဆွဲဆောင်၍ သူတို့နှင့်အတူလုပ်ရန် သူတို့ကဲ့သို့လုပ်ရန် နှိုးဆော်တိုက်တွန်းသည်။ထို့ကြောင့်လည်း မစလရွာသားများသည် မကောင်းမှု ဒုစရိုက်မှုများကို ရှောင်ကြဉ်ကာ ကောင်းမှုသုစရိုက် စိတ်ထားရှိကြသည်။ဟုတ်တာ မှန်တာပြောသည်။ဟုတ်တာ မှန်တာကိုသာ လုပ်ကြသည်။သူတို့လူငယ်များကို တစ်ရွာလုံးက ချစ်ခင်လေးစားတန်ဖိုးထားကြသော်လည်း သူတို့၏ ရွာသူကြီးတစ်ယောက်ကတော့ လုံးဝကြည့်မရပေ။ရွာသူရွာသားများက သူတို့အပေါ် လေးလေးစားစား ဆက်ဆံတာကို မနာလိုမရှုစိမ့်နိုင်ပေ။အထူးသဖြင့် သူတို့ကြောင့် ရွာမှာ ဒုစရိုက်မှုများ မဖြစ်တော့သဖြင့် ခိုးဆိုးလုယက်သူများထံမှ သူ့အတွက် လာဘ်လာဘ မရတော့ပေ။ရွာသူကြီးသည် သူ့အတ္တအကျိုးကို ထိပါးလာသဖြင့် ဘယ်လိုမှသည်းမခံနိုင်တော့သည့်အဆုံးတွင် ဘုရင့်ရှေ့မှောက်သို့ အခစားဝင်ကာ သူ့ရွာကို သူခိုးများစွာ လာရောက်နှောင့်ယှက်နေပါသည်ဟု လိမ်လည်တိုင်ကြားတော့သည်။

ရှင်ဘုရင်ကလည်း အသေအချာမစုံစမ်းတော့ဘဲ ရွာသူကြီးစကားကိုယုံကာ သူခိုးများကိုဖမ်းရန် အမိန့်ပေးလိုက်သည်။သည်လိုနှင့် မာဃလုလင်တို့အဖွဲ့ အဖမ်းခံရပြီး ဘုရင့်ရှေ့မှောက် ရောက်ခဲ့ရလေသည်။ဘုရင်ကလည်း အုပ်စုလိုက်ဆိုးသွမ်းသူများဆိုပြီး ဒေါသဖြစ်ကာ ကြားနာစစ်ဆေးခြင်းမပြုဘဲ ဆင်ဖြင့် နင်းသတ်စေဟု တစ်ချက်လွှတ်အမိန့် ချလိုက်သည်။

မင်းမှုထမ်းတို့လည်း မာဃလုလင်တို့အုပ်စုကို မင်းရင်ပြင်တွင် အိပ်နေကြစေသည်။ထို့နောက် သူတို့ကို နင်းသတ်မည့် ဆင်ကို သွားရောက်ထုတ်ယူသည်။မာဃလုလင်သည် သူ့သူငယ်ချင်းများကို ဘာအမှားမှမလုပ်ထားလို့ ဘာမှမကြောက်ရွံ့ရန်နှင့် နေ့စဉ်စောင့်ထိန်းထားသော ငါးပါးသီလကို ဆင်ခြင်ရန် ရွာသူကြီး၊ ဘုရင်ကြီးနှင့် သူတို့ကိုနင်းသတ်မည့် ဆင်ကြီးတွေကို ကိုယ်နှင့်ထပ်တူထား၍ မေတ္တာပွားနေကြရန် သတိပေးမှာကြားသည်။အားလုံးကလည်း မာဃလုလင် ပြောသည့်အတိုင်း အာရုံပြုထားကြသည်။

မကြာမီမှာပင် သူတို့ကိုနင်းသတ်မည့် ဆင်ကြီးများသည် သူတိုရှိရာသို့ အပြေးလာခဲ့ပြီးမှ သူတို့အနီးသို့ ရောက်သောအခါ ရှေ့ဆက်မတိုးတော့ဘဲ ပြန်ထွက်ပြေးသွားကြလေသည်။ ဘုရင်ကြီးက သူတို့ဆီမှာ အဆောင်လက်ဖွဲ့များပါရမည်ဟု ယူဆကာ သူတို့တစ်ယောက်ချင်းစီကို ရှာဖွေခိုင်းရာ အဆောင်ပစ္စည်းဆို၍ ဘာတစ်ခုမှ မတွေ့ရပေ။ထိုအခါ ဘုရင်ကြီးက သူတို့တွေ မန္တာန်တစ်ခုခုရွတ်လို့သာ ဖြစ်ရမည်ဆိုကာ သူတို့ကိုမေးမြန်းစစ်ဆေးသည်။

ထိုအခါ မာဃလုလင်က ဘုရင်ကြီးကို အရိုအသေပေး ကန်တော့ပြီး သူတို့နေ့စဉ်ပြုလုပ်သော ငါးပါးသီလစောင့်ထိန်းခြင်း ရပ်ရွာသန့်ရှင်းခြင်း လမ်းပြင်ခြင်း တံတားဆောက်ခြင်း ရေတွင်းရေကန်တူးဖော်ခြင်း၊ သက်ကြီးရွယ်အိုများ ကလေးသူငယ်များကိုစောင့်ရှောက်ခြင်း မိဘဆရာသမား ဘုရင်ကြီးနှင့်တကွ သတ္တဝါအားလုံးအပေါ် မေတ္တာထားခြင်း မေတ္တာပွားခြင်းသည် သူတို့၏အဆောင်မန္တာန်များဖြစ်ကြောင်း ရှင်းပြသည်။

ထိုအခါကျမှ ဘုရင်ကြီးက မာဃလုလင်နှင့် အပေါင်းအပါများသည် အပြစ်ကင်းစင်ရုံသာမက ကောင်းမှုကုသိုလ် နေ့စဉ်ပြုလုပ်သူများ အများအကျိုးအတွက် ဆောင်ရွက်နေသူများဖြစ်ကြောင်း ရှင်းလင်းစွာ သိရှိသွားရသည်။သည်တော့မှ အပြစ်မရှိ အပြစ်ရှာကာ မာဃလုလင်တို့တစ်သိုက်ကို အပြစ်သားများအဖြစ် ကုန်းချောချောက်တွန်းသော ရွာသူကြီးကို သူပိုင်သမျှပစ္စည်းများနှင့်အတူ မာဃလုလင်တို့အဖွဲ့က လိုအပ်သလို ခိုင်းစေနိုင်ရန် ကျွန်အဖြစ် ပေးအပ်လိုက်သည်။သူတို့ကို မနင်းဖြစ်သည့် ဆင်ကြီးများကိုလည်း မာဃလုလင်တို့ ပရဟိတလုပ်ငန်းများတွင် လိုသလိုသုံးနိုင်ရန် ပေးအပ်လိုက်ပြန်သည်။

ကိုယ့်စေတနာ ကိုယ့်ကိုပြန်အကျိုးပေးသည့်အတွက် မာဃလုလင်တို့အားလုံး နဂိုကထက်ပို၍ ကောင်းမှုကုသိုလ်များ လုပ်နိုင်ခဲ့သည်။သူတို့အားလုံး သေဆုံးသောအခါလည်း တာဝတိံသာနတ်ပြည်၌ နတ်သားများဖြစ်ကြသည်။မာဃလုလင်ကိုယ်တိုင်က သိကြားမင်းဖြစ်လာသည်။

ပရဟိတလုပ်သူများက မည်သည့်အကျိုးအမြတ် မည်သည့်လာဘ်လာဘမှ မမျှော်လင့်ခဲ့သော်လည်း စေတနာရောင်ပြန်ဟပ်လာသည်မို့ သူတို့စိတ်ဓာတ်ဖြူစင်သလို သူတို့ဘဝတွေလည်း ဖြူစင်ရတာပါ။ဒါကြောင့်မို့လည်း အများအကျိုးဆောင် ကိုယ့်အကျိုးအောင်လို့ဆိုခဲ့တာ ထင်ပါသည်။

ရိုက်မောင်း